ဓာတ်ပုံ သတင်းထောက်နှင့် ရွှေတိဂုံစေတီတော် လုံခြုံရေး အဖွဲ့ဝင်များ ပဋိပက္ခဖြစ်ပွား

ပို့စ်တင်ချိန် - 7/04/2013 02:22:00 PM


ရန်ကုန်၊ ဇူလိုင် ၃

ရွှေတိဂုံ စေတီတော်သို့ လာရောက် ဖူးမြော်သော ထိုင်း ဘုရင့်သမီးတော်ဖြစ်သူ သီရိဒုံကို ဓာတ်ပုံ သတင်းထောက် တစ်ဦးက သတင်းဓာတ်ပုံ ရိုက်ကူးရန် နေရာယူနေစဉ် ဘုရား လုံခြုံရေး အဖွဲ့ဝင် များက ကိုယ်ထိလက်ရောက်မှု ကျူးလွန်ခဲ့၍ ဇူလိုင်လ ၂ ရက်နေ့ ညနေပိုင်းက နှစ်ဦး နှစ်ဖက် ပဋိပက္ခ ဖြစ်ပွားခဲ့ကြောင်း မြန်မာဂျာနယ်လစ် ကွန်ရက်တွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ကိုယ်ထိ လက်ရောက် ကျူးလွန်ခံရသူ ဥရောပ သတင်းဓာတ်ပုံဌာန (EPA) မှ ဓာတ်ပုံ သတင်းထောက် ဦးလင်းဘိုဘိုက ဆိုသည်။

ထိုင်း ဘုရင့်သမီးတော်ဖြစ်သူ သီရိဒုံက အဆိုပါ ညနေတွင် ရွှေတိဂုံစေတီတော်သို့ သွားရောက် ဖူးမြော်စဉ် သတင်း ဓာတ်ပုံ ရိုက်ကူးရန်အတွက် သီရိဒုံနှင့် ဆန့်ကျင်ဘက် အရပ်သို့ ပြေး၍ ဓာတ်ပုံ ရိုက်ကူးရန်အတွက် နေရာယူစဉ် ဘုရားလုံခြုံရေး အဖွဲ့ဝင် တစ်ဦးက နောက် မှ ကျောပြင်ကို လက်ဖြင့် တွန်းလိုက်သောကြောင့် ရင်ပြင်တော်ပေါ်ရှိ မိုးရေများဖြင့် ချော၍ ချော်လဲကာ ခုနစ်ပေ၊ ရှစ်ပေခန့် လွင့်စင်သွားပြီး ၎င်းကိုင်ဆောင်သည့် Canon EOS 1D Mark III ကင်မရာတွင် တပ်ဆင် ထားသည့် ကာလတန်ဖိုး ကျပ် ၁၀ သိန်းကျော်ရှိသည့် မှန်ဘီလူး ထက်ပိုင်း ကျိုးခဲ့ကာ ၎င်း၏ ဒူးနှင့် ဘယ်လက် ပေါက်ပြဲ ဒဏ်ရာများ ရရှိခဲ့ကြောင်း ၎င်းက အဆိုပါ ရှင်းလင်းပွဲတွင် ထပ်မံ ပြောကြားသည်။

ယင်းဖြစ်စဉ်ကြောင့် ဦးလင်းဘိုဘို အနီးသို့ အင်ပါယာ သတင်းဌာနမှ သတင်းထောက် တစ်ဦးက သွားရောက်စဉ် အဆိုပါ လက်ဖြင့် တွန်းခဲ့သူက ထီးဖြင့် ၎င်းကို ချိန်ရွယ်ခဲ့ကြောင်း အင်ပါယာ သတင်းဌာနမှ သတင်းထောက်ဖြစ်သူ ဦးဝဏ္ဏက အဆိုပါ သတင်းစာ ရှင်းလင်းပွဲ၌ ပြောကြားသည်။

“ကျွန်တော်နဲ့ ကိုလင်းဘိုဘို နေရာယူထားမိတာက နေကျတဲ့ ဘက်ခြမ်း ဖြစ်နေတော့ ဓာတ်ပုံက ကောင်းကောင်းမရဘူး၊ ဒါကြောင့် နေကွယ်ဘက်ခြမ်းကို သူက ပြေးသွားတယ်။ ကျွန်တော်လည်း သူ့ ရှုထောင့်ကနေ ရိုက်ဖို့ ပြေးသွားတာ လုံခြုံရေးတွေ တားမြစ်ခြင်း ခံရတယ်။ သူ့ကို ဘုရားလုံခြုံရေး အဖွဲ့က တွန်းတာ မြင်လိုက်တယ်” ဟု ၎င်းက ထပ်မံ ပြောကြားသည်။

ယင်းနောက် ဦးလင်းဘိုဘိုမှာ အဆိုပါ ဖြစ်စဉ်အတွက် တာဝန်ရှိသူကို လာရောက် ဖြေရှင်းပေးရန် တောင်းဆိုခဲ့ကြောင်း၊ ထူးခြားသည်မှာ အခြား လုံခြုံရေးနှင့် ဂေါပကလူကြီးက ၎င်းဘာသာ ချော်လဲသည်ဟု သုံးနှုန်း ခဲ့ကြောင်း၊ ဘုရား ဂေါပကလူကြီးက ကျေနပ်မှုမရှိပါက ရဲစခန်းသို့ သွားရောက် ဖြေရှင်းနိုင်မည်လားဟု သတင်းထောက် အချို့၏ ရှေ့ တွင် ပြောဆို၍ တောင်ဘက်မုခ် ဂေါပကရုံး အနီးသို့ ခေါ်ဆောင် သွားကြောင်း၊ ထိုနေရာသို့ အရောက်တွင် ၎င်းဘာသာ ချော်လဲခြင်း ဖြစ် ၍ ဂေါပကအနေဖြင့် ရဲစခန်းသို့ လိုက်ရန်မလိုကြောင်း ပြန်လည် ပြောကြား ခဲ့သဖြင့် ဘုရားလူကြီး တစ်ဦးအနေနှင့် ရင်ပြင်တော်ပေါ်တွင် ယခုကဲ့သို့ ပြောင်ပြောင် တင်းတင်း လိမ်ညာခြင်း မပြုသင့်ဟု သတင်းထောက်များ၏ ရှေ့တွင် ပြောဆိုခဲ့ရာ ယူနီဖောင်းဝတ် လုံခြုံရေး အဖွဲ့ဝင်များက ၎င်းကို ဝိုင်းဝန်း ထိုးကြိတ်မည့် အနေအထားများ တွေ့ရပြီး လုံခြုံရေး အဖွဲ့ဝင် အမျိုးသမီးများကို ၎င်းတို့ အနီးတွင် နေရာယူစေ ခဲ့ကြောင်း ဦးလင်းဘိုဘိုက ဆိုသည်။

အဆိုပါ တောင်ဘက်မုခ်အနီးတွင် သတင်းထောက်များနှင့် ဂေါပက အဖွဲ့ဝင်များ အချင်း ဖြစ်ပွားနေသည်ကို ဓာတ်ပုံရိုက်မိသူ ပေါ်ပြူလာ ဂျာနယ်မှ သတင်းထောက် ဦးအောင်နိုင်စိုးကို ထပ်မံ ဓာတ်ပုံ ရိုက်ကူးခြင်း ပြုပါက အဆိုပါ ကင်မရာကို ရိုက်ခွဲမည်ဟု ဘုရား လုံခြုံရေး အဖွဲ့ဝင်များက ခြိမ်းခြောက် ပြောဆိုခဲ့ကြောင်း ဦးအောင်နိုင်စိုးက သတင်းစာ ရှင်းလင်းပွဲတွင် ထည့်သွင်း ပြောကြားခဲ့သည်။

မိမိမှာ ပစ္စည်းနှင့် ခန္ဓာကိုယ် ထိခိုက်ခြင်းထက် သတင်းထောက်မှန်းသိသိနှင့် ယင်းကဲ့သို့ လုပ်ဆောင်ခဲ့ ခြင်းအပေါ် ကျေနပ်နိုင်ခြင်း မရှိသည့်အတွက် ယနေ့ နေ့စွဲဖြင့် မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီသို့ တိုင်ကြားစာ ပို့ပေးခဲ့ပြီးဖြစ်ကြောင်း၊ မိမိအနေနှင့် စာနယ်ဇင်း ကောင်စီ၏ ညှိနှိုင်းမှုဖြင့် လုံခြုံရေးအဖွဲ့ ဘက်က မှားပါသည်ဟု ဝန်ခံလျှင် တရားရုံးသို့ တိုင်ကြားခြင်း မပြုဘဲ ကျေအေးနိုင်မည်ဖြစ်ကြောင်း ၎င်းက ထပ်မံ ပြောကြားသည်။

ဖြစ်ရပ်မှန်မှာ အပေါ်အဝေးဆီမှ ဓာတ်ပုံရိုက်ရန် နေရာယူလို၍ တားထားသည့် သူများကြားမှ ဆန္ဒစော၍ ထွက်ပြေးခဲ့သဖြင့် ချော်လဲ ခဲ့ခြင်း ဖြစ်ကြောင်း၊ အင်္ဂါထောင့်တွင် လုံခြုံရေး ရယူနေသည်ကို ပျက်စီးစေရန်၊ ဆူပူစေရန် ဝတ္တရား နှောင့်ယှက်ခြင်းဖြစ်ကြောင်း ရွှေတိဂုံ စေတီတော်မှ ဂေါပက အဖွဲ့ဝင် တစ်ဦးက ဆိုသည်။

မျက်မြင် သက်သေဖြစ်သူ ဦးဝဏ္ဏနှင့်အတူ ဒဂုံ ရဲတပ်ဖွဲ့စခန်းတွင် ဖြစ်စဉ်ကို ပြောကြား၍ အမှု တိုင်ကြားခဲ့ရာ အဆိုပါ ရဲစခန်းမှ တာဝန်ရှိသူများက ရဲအရေးပိုင်သည့်အမှု မဟုတ်သဖြင့် တရားရုံးသို့ ဦးတိုက် လျှောက်ထားရန် ပြောကြားခဲ့ကြောင်း ဦးလင်းဘိုဘိုကပင် ထပ်မံ ပြောကြားသည်။

နိုင်ငံတော်သမ္မတ အကြံပေး ရုံးခန်းတွင်း သတင်းဝင်ယူဖူးကြောင်း လက်မှတ်ရေးထိုးပြီး သတင်း ရယူနေစဉ် လုံခြုံရေး အဖွဲ့ဝင်များက ခုံပေါ်ထိုင်နေသည့် ၎င်းကို ချိုင်းမှ ကိုင်မြှောက်ကာ အခန်းတွင်းမှ ထွက်ခိုင်းခဲ့ဖူးကြောင်း သမဂ္ဂ သတင်းဂျာနယ်မှ သတင်းထောက် ချုပ်ဖြစ်သူ ဒေါ်ရွှေမှုန်က ဆိုသည်။

စင်ကာပူနိုင်ငံ သမ္မတဖြစ်သူ ရွှေတိဂုံစေတီပေါ်သို့ လာရောက် လည်ပတ်စဉ် က သတင်းထောက်များကို ဓာတ်ပုံ ရိုက်ကူးခွင့် မပြုခဲ့ဘဲ လုံခြုံရေး အဖွဲ့ဝင် ၄၀ ကျော်ခန့်က ဝိုင်းဝန်း၍ တားဆီး ပိတ်ပင်ခြင်း ခံခဲ့ရဖူးကြောင်း The Voice မှ ဓာတ်ပုံ သတင်းထောက်ဖြစ်သူ ဦးရဲပြည့်ဇာနည်က ဆိုသည်။

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဟောင်း ဟီလာရီကလင်တန် ရွှေတိဂုံစေတီ လာရောက်ခဲ့စဉ်က အမျိုးသမီး သတင်းထောက် အချို့၏ ရင်ဘတ်ကို တွန်းခြင်း၊ ရုပ်သံ သတင်းထောက်ကို တံတောင်နှင့် တွတ်ခြင်းများ ရွှေတိဂုံ လုံခြုံရေးအဖွဲ့က ပြုလုပ်ခဲ့ဖူးကြောင်း ဦးလင်းဘိုဘိုက ဆိုသည်။

မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီက အဆိုပါ ကိစ္စရပ်နှင့် ပတ်သက်၍ တိုင်ကြားစာ လက်ခံ ရရှိထားသော်လည်း အစည်းအဝေး မပြုလုပ်ရသေး၍ သတင်းထုတ်ပြန်နိုင်ခြင်း မရှိသေးကြောင်း၊ သို့သော် သက်ဆိုင်ရာက လုံခြုံရေးကို အကြောင်းပြ၍ ယင်းကဲ့သို့ ကြမ်းတမ်းစွာ မဆက်ဆံသင့်ဘဲ ဒီမိုကရေစီ နိုင်ငံတွင် သတင်းထောက်များ၏ သတင်း ရယူခြင်းကို မပိတ်ပင် သင့်ကြောင်း၊ လုံခြုံရေးအရ အခက်အခဲရှိပါက သတင်းထောက်များ ကို ကောင်းမွန်စွာ ပြောဆိုပါကလည်း နားလည် သဘောပေါက်နိုင်ကြောင်း မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) မှ အဖွဲ့ဝင် ဦးဇော်သက်ထွေးက ပြောကြားသည်။

The Voice Weekly