ပြည်သူ့ဆန္ဒပြင်းပြပါက အာဇာနည်နေ့တွင် ဥသြဆွဲဂုဏ်ပြုမှု ပြန်လုပ်မည်

ပို့စ်တင်ချိန် - 7/04/2013 02:02:00 PM


ဇူလိုင် ၁၉ တွင် ကျရောက်မည့် အာဇာနည်နေ့တွင် ကျဆုံးသွားသော ခေါင်းဆောင်ကြီးများအား ဂုဏ်ပြုသည့် အထိမ်းအမှတ်အဖြစ် ယခင်ကဲ့သို့ ဥသြဆွဲကာ ဂုဏ်ပြုခြင်း ကို ပြည်သူလူထုဆန္ဒပြင်းပြလာလျှင် လွှတ်တော်က ဆောင်ရွက်ပေးမည်ဟု အောက်လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာ က ပြောကြားလိုက် သည်။

''ပြည်သူ့ဆန္ဒ၊ လွှတ်တော်ဆန္ဒဖြစ်ပါတယ်။ ပြည်သူတွေရဲ့ဆန္ဒသိပ်ပြင်းပြလာ တဲ့အခါကျရင်တော့ ကျွန်တော် တို့ လွှတ်တော်ကြီးကနေ ဒီဆန္ဒအတိုင်းပဲ တညီတညွတ်တည်း ဆောင်ရွက်ပေးကြဖို့ သက်ဆိုင်ရာကိုလည်း တိုက်တွန်းပေးကြဖို့ ဖြစ်ပါတယ်'' ဟု ဇွန်လ ၃ ရက် ကကျင်းပသည့် လွှတ်တော်တွင် ဦးနန္ဒကျော်စွာ က ပြောကြားခြင်း ဖြစ်သည်။

၂ဝ၁၃ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျရောက်မည့် ၆၆ နှစ်မြောက် အာဇာနည် နေ့မှစကာ ဥသြဆွဲသံ ကို မြန်မာ့အသံမှ ထုတ်လွှင့်ရန်အစီအစဉ် ရှိမရှိကို သင်္ဃန်းကျွန်း မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့် က မေးမြန်းမှုကို ပြန်ကြားရေး ဒု-ဝန်ကြီးက ပြု လုပ်ရန် အစီစဉ်မရှိသေးဘဲ ပြည်သူလူထု သဘောထားအမြင်ကို ထည့်သွင်းစဉ်းစားရန်လိုကြောင်း ဖြေကြားမှုကို ဒု-ဥက္ကဋ္ဌ က ယခုကဲ့သို့ ပြောကြားခြင်းဖြစ်သည်။

ပြန်ကြားရေး ဒု-ဝန် ကြီး ဦးပိုက်ထွေးက အာဇာနည်နေ့ ကျင်းပသော နိုင်ငံ ၁၆ နိုင်ငံရှိပြီး ထိုနိုင်ငံများက လုပ်ဆောင်ခြင်းမရှိသောကြောင့် မြန်မာနိုင်ငံတွင်လည်း လုပ်ဆောင်မည် မဟုတ်ကြောင်းလည်း ပြန်လည်ဖြေကြားခဲ့သည်။

ယင်းကဲ့သို့ အခြား နိုင်ငံများက ကျင်းပခြင်းမရှိ၍ မလုပ်ဆောင်ဟူသည့် အချက်ကိုမူ လက်ခံခြင်းမရှိကြောင်း ဦးသိန်းညွန့်က မဇ္ဈိမကိုပြော ဆိုသည်။

''ဒုတိယဥက္ကဋ္ဌက ပြည်သူကဆန္ဒရှိလာရင် လွှတ်တော်က ဥသြဆွဲ တာမျိုးပြန်ရအောင် ဆောင်ရွက်ပေးမယ်ဆို တဲ့သဘောထားမျိုးပြော လာတဲ့အတွက် ဒီနေ့ အာဇာနည်နေ့မှာလည်း ဥသြဆွဲမဆွဲ မျှော်လင့်ချက်လေး ထားထားပါတယ်'' ဟုလည်း ၎င်းက ပြောသည်။

၎င်းက ဆက်လက်၍ ''ဒီနှစ်မှာ ဥသြ ဆွဲတာမလုပ်ခဲ့ရင်လည်း ၆၇ နှစ်မြောက် အာဇာနည်နေ့မှာ အဆို ထပ်တင်ပြီး ကြိုးစားမှာပါ'' ဟု ပြောသည်။

အောက်လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်၏ အာဇာနည်နေ့တွင် ဥသြဆွဲရန်ရှိမရှိ မေးမြန်းခြင်းသည် ဒုတိယအကြိမ် ဖြစ်သည်။ ယမန်နှစ်က ၎င်း၏မေးမြန်းမှုကို ယခင်ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်း က ဥသြဆွဲသံကြောင့် ကားများ ဘရိတ်အုပ်လျှင် ယာဉ်ထိခိုက်မှုဖြစ်နိုင်သောကြောင့် မပြုလုပ်ခြင်းဖြစ်ကြောင်း လည်း ပြန်လည်ဖြေကြားခဲ့သည်။

NLD ဗဟို ညီလာခံကျင်းပရေး ကော်မရှင်အဖွဲ့ဝင် ဦးစိုးဝင်းက ''အန်ကယ်တို့ရဲ့ ခေါင်းဆောင်တွေကို တစ်နှစ်မှာ ဒီတစ်ခါပဲ လွမ်းဆွတ်အောက်မေ့ပြီး ဂုဏ်ပြုရတာဆိုတော့ လုပ်စေချင်ပါတယ်။ ထိုင်းမှာဆို ညနေ ၆ နာရီဆို နိုင်ငံတော် သီချင်းဖွင့်သံကြားတာနဲ့ ဈေးဝယ်ရင်းကတောင်ရပ်ပြီး ဂုဏ်ပြုကြတယ်။ ဒါကနေ့တိုင်း လုပ်ကြတာ'' ဟု ပြောသည်။

ပြည်သူ့အကျိုးဆောင်ကွန်ရက်မှ ကိုဝေဠု ကလည်း အာဇာနည်နေ့တွင် ဥသြဆွဲ ဂုဏ်ပြုကြိုဆိုလိုကြောင်း ယခုကဲ့သို့ အာဇာနည်ခေါင်းဆောင်များကို ဂုဏ်ပြုခြင်းသည် လူငယ်တွေအတွက်လည်း စံနမူနာ တစ်ခုဖြစ်စေကြောင်း ပြောသည်။

ဥသြဆွဲသံကြားချိန်တွင် ကြုံတွေ့ခဲ့ရတဲ့ ခံစားမှုကို ကိုဝေဠုက ''ပြောရရင် အရမ်းကို ကျေနပ်စရာကောင်းတယ်။ ကြည်နူးစရာ လည်းကောင်းတယ်။ နိုင်ငံ့ခေါင်းဆောင်တွေ အတွက်လည်း ကြေကွဲခဲ့ရတယ်။ ဒါက ကိုယ်မှမဟုတ်ဘူး။ နိုင်ငံသားတိုင်းခံစားခဲ့ရတာ'' ဟု ပြောသည်။

အာဇာနည်နေ့တွင် ဥသြဆွဲဂုဏ်ပြုမှုကို ၁၉၆၁-၆၂ ခုနှစ်တွင် စတင်ပြုလုပ်ခဲ့ပြီး ဥသြဆွဲချိန် မနက် ၁ဝ နာရီ ၃၇ မိနစ်တွင် နှစ်မိနစ်ခန့် ယာဉ်၊ လူများရပ်တန့်ကာ ဂုဏ်ပြုခဲ့ကြခြင်း ဖြစ်သည်။

ပြီးခဲ့သည့် ၂ဝ၁၂ ခုနှစ် ၆၅ နှစ်မြောက် အာဇာနည်နေ့တွင် ရန်ကုန်မြို့ရှိ အာဇာနည် ဗိမာန်အား ဖွင့်လှစ်ပေးကာ အများပြည်သူအား ဝင်ရောက်ဂုဏ်ပြုခွင့်ပြုခဲ့သည်။

Mizzima - News in Burmese