အာဇာနည်နေ့ ရုပ်မြင်သံကြားမှ ဥသြသံ ထုတ်လွှင့်မည် မဟုတ်ဟု ပြန်ကြားရေး ဒုဝန်ကြီးဆို

ပို့စ်တင်ချိန် - 7/04/2013 02:37:00 PM


နေပြည်တော်၊ ဇူလိုင် ၃

အာဇာနည်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည် ခေါင်းဆောင်ကြီး များ၏ ဂုဏ်ကျေးဇူးကို အမှတ်တရ သတိရပြီး အစဉ်အလာအတိုင်း ဂုဏ်ပြုနိုင်ရန် ပြည်ထောင်စုအစိုးရက မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ဥသြဆွဲသံကို ပြန်လည် ထုတ်လွှင့်ရန် အစီအစဉ်မရှိကြောင်း ပြန်ကြားရေး ဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဦးပိုက်ထွေးက ပြောကြားသည်။

ဇူလိုင်လ ၃ရက်နေ့တွင် ကျင်းပသော ပထမအကြိမ် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် မြန်မာ့ အသံနှင့် ရုပ်မြင်သံကြားမှ ဥသြဆွဲသံ ပြန်လည် ထုတ်လွှင့်ရန် အစီအစဉ် ရှိ မရှိ မေးမြန်းရာ ၎င်းက ယင်းသို့ ပြန်လည် ဖြေကြားခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် ၁၉၆၁-၆၂ ခုနှစ်များမှ စတင်ကာ နှစ်စဉ် ဇူလိုင်လ ၁၉ ရက်နေ့ နံနက် ၁၀ နာရီ ၃၇ မိနစ်တိုင်း မြန်မာ့အသံ ရေဒီယို အစီအစဉ် မှ နှစ်မိနစ်ကြာ ဥသြဆွဲ၍ မော်တော်ယာဉ်နှင့် ပြည်သူများက ရပ်တန့် ဂုဏ်ပြုခဲ့သော်လည်း နောက်ပိုင်း ကာလများတွင် အဆိုပါ အစီအစဉ်ကို ဆက်လက် ဆောင်ရွက်ခြင်း မရှိတော့ကြောင်း ပြည့်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က ပြောကြားသည်။

ကမ္ဘာတွင် အာဇာနည်နေ့ ကျင်းပသည့် နိုင်ငံ ၁၆ နိုင်ငံရှိပြီး အဆိုပါ နိုင်ငံများ တွင် အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် ဥသြဆွဲခြင်း၊ ယာဉ်နှင့် လူများက ဥသြသံ ကြားလျှင် ရပ်တန့် အလေးပြုခြင်းများ မရှိကြောင်း ဦးပိုက်ထွေးက ထောက်ပြသည်။

မြန်မာနိုင်ငံတွင် အာဇာနည်နေ့၌ ဥသြဆွဲခြင်း အစီအစဉ် ကို ပြန်လည် ဆောင်ရွက်မည်ဆိုပါက ရရှိလာမည့် အကျိုးကျေးဇူး ထက် ပြည်သူ အချို့အတွက် အဆင်မပြေမှုများ ထည့်သွင်း စဉ်းစား ရမည်ဖြစ်ပြီး ပြည်သူ့ သဘောထား အမြင်ကို အခြေခံထား ဆောင်ရွက် သင့်သည့်အတွက် ဥသြဆွဲခြင်း အစီအစဉ် ဆောင်ရွက်ရန် မရှိကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

အာဇာနည်နေ့တွင် အာဇာနည်ကြီးများ၏ ဂုဏ်ကျေးဇူးကို သတိရနေရန်သာ အဓိကဖြစ်ပြီး အဆင်ပြေသည့် အချိန်တွင် လွှတ်တော်က သက်ဆိုင်ရာသို့ ထပ်မံ တိုက်တွန်းရန်ရှိကြောင်း ပြည်သူ့ လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဦးနန္ဒကျော်စွာက ပြောကြားသည်။

လာမည့် ဇူလိုင်လ ၁၉ ရက်နေ့တွင် (၆၆) ကြိမ်မြောက် အာဇာနည်နေ့ကို ကျင်းပမည်ဖြစ်ပြီး သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက် (၆၅) နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားတွင် ဒုတိယ သမ္မတ ဒေါက်တာစိုင်းမောက်ခမ်း တက်ရောက် အလေးပြုခဲ့သည်။