ကုမ္ပဏီနဲ့ ကန်ထရိုက် ချထားပေးသူတွေ ရိုက်စားလုပ်သွားတဲ့ ရေဆင်း စိုက်တက္ကသိုလ်က ကတ္တရာလမ်း

ပို့စ်တင်ချိန် - 8/10/2013 06:32:00 AM


ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်အတွင်းရှိ လမ်းများကို ကတ္တရာလမ်းများခင်းရာတွင် ကန်ထရိုက် ရရှိသူ ကုမ္ပဏီ အနေဖြင့် အမှန်တကယ်သုံးစွဲရမည့်လမ်းကြိတ်စက်ယန္တရားကိုမသုံးစွဲဘဲ ရာဘာရိုလာ လမ်းကြိတ် စက်ငယ်ကလေး ကိုသာသုံးစွဲပြီး အပေါ်ယံအမြင်လှရုံ  ပြီးစလွယ်ခင်းသွားခဲ့ကြောင်းနှင့် လမ်းအောက်ခြေ ပိုင်း ၆×၉ ကျောက်များကြားတွင်ဂလိုင်များဖြစ်နေပြီး မိုးများချိန်တွင်ရေများစိမ့်ဝင်ကာ နှစ်အနည်းငယ် အတွင်း ပျက်စီးသွားဖွယ်ရှိ ကြောင်း လမ်းလုပ်ငန်းကျွမ်းကျင်သူများကပြောကြားခဲ့သည်။

ရေဆင်းဒေသတွင် နှစ်ရှည်တာဝန်ထမ်းဆောင်ဖူးသူ အငြိမ်းစားဆောက်လုပ်ရေးအင်ဂျင်နီယာတစ်ဦးက `` လမ်းအောက် ခံ ၆×၉ကျောက်ကို အခုလို ရာဘာရိုလာကြိတ်စက်နဲ့ကြိတ်တာ နည်းလမ်းမကျပါဘူး၊သံဘီး လမ်းကြိတ် စက်ကြီးနဲ့ကြိတ်ရပါတယ်၊ဟိုခေတ် ဆောင်လုပ်ရေးအင်ဂျင်နီယာကြီးတွေဆိုရင် သံဘီးကြိတ် စက် ဘီးတွေထဲမှာ ရေအပြည့်ထည့်ပြီးမှကိုကြိတ်လေ့ရှိတာဗျ၊ဒါမှ ကျောက်ကြီးတွေက လေဟာနယ် မရှိ စေ့သွားနိုင်တာ၊အခုလိုမျိုး လုပ်နေတာ ကို ဘယ်သူကမှ စောင့်ကြည့် စစ်ဆေးတာ မရှိဘူး ထင်တယ်၊ ဘယ်လိုအင်ဂျင်နီယာမှလည်းမပါဘဲ ဒီလမ်းတွေကိုခင်းသွားတာ၊တက္ကသိုလ်ကလည်း မစစ်ဆေးဘဲလက်ခံလိုက်သလားမသိဘူး၊ကုမ္ပဏီက ရိုက်စားလုပ်သွားတာပဲ၊သံဘီးလမ်း ကြိတ်စက် အကြီးတောင်မရှိတဲ့ ကုမ္ပဏီကို ကန်ထရိုက်ချပေးလိုက်တာလည်း အံ့သြစရာပဲ၊ဒီလမ်းက အလွန်ဆုံးခံရင် သုံးနှစ်ပါပဲ၊အပေါ်ယံ ကတ္တရာကုတ်အားနည်းသွားချိန် အချပ်လိုက်လန်ထွက်သွားမှာသေချာတယ်``ဟု ပြောပြခဲ့၏။
     
ရေဆင်းတက္ကသိုလ်ဒေသခံတစ်ဦးကလည်း ``လမ်းခင်းပြီးစ မိုးတွေတအားသည်းခဲ့ပြီးနောက်မှာ လမ်းအောက် ကရေတွေ ဆက်တိုက်စီးထွက်နေတာသတိပြုမိတယ်၊ဒီလိုရေတွေစီးထွက်နေတော့မှ ကုမ္ပဏီက အလုပ် သမား တွေခေါ်လာပြီး လမ်းပုခုံးမှာ ကြပ်တီးမြေနဲ့ရိစာတွေ အမောတကော လာဖို့ ခဲ့ကြ တယ်၊ လမ်းခင်းနေတဲ့ ကာလတစ်လျှောက်လုံး တက္ကသိုလ်က အင်ဂျင်နီယာတွေ ဆရာတွေ ဘယ် သူမှ စောင့်ပြီး မကြီးကြပ်လေတော့ ဖြစ်သလိုလုပ်သွားကြတာ၊ လမ်းမျက်နှာပြင်က အခုက တည်းက လှိုင်းတွေဖြစ်နေ သလို တစ်ချို့နေရာတွေက ခွက်ဝင်နေတာတွေ့ရတယ်၊ ကုမ္ပဏီနဲ့ဌာနဆိုင်ရာက တာဝန်ရှိသူတွေပေါင်းပြီး စားသွားကြတာနေမှာပေါ့ဗျာ၊ဒီလမ်းကို ပြန်ပြီးစစ်ဆေးပေးဖို့နဲ့နောက်ကွယ် မှာ အဂတိလိုက်စားမှုတွေရှိမရှိ သေချာစိစစ်ဖော်ထုတ်အရေးယူပေးဖို့ကောင်းတယ်`ဟုဆို၏။

(ဇေယျာသီရိမီဒီယာ)