ဗြိတိန်တပ်က မြန်မာစစ်တပ်ကို ဒီမိုကရက်တစ်အကြောင်း သင်တန်းပေးမယ်

ပို့စ်တင်ချိန် - 9/09/2013 09:10:00 AM


မြန်မာနဲ့ ​အမေရိကန်နိုင်ငံတို့ ​စစ်ရေး ​ပူးပေါင်းဆောင်ရွက်ဖို့ ​ကြိုးပမ်းနေတဲ့ ​အချိန်မှာဘဲ ​ဗြိတိန် ​စစ်ဘက်ကနေ ​မြန်မာ ​စစ်တပ်အရာရှိတွေကို ​၂၀၁၄ ​ခုနှစ်အတွင်း ​ဒီမိုကရက်တစ်စနစ်အောက်မှာ ​နေထိုင်တဲ့ ​တပ်မတော်တွေအကြောင်းနဲ့ ​ဒီမိုကရက်တစ်စနစ်ရဲ့ ​တာဝန်ခံမှုအကြောင်းတွေကို ​သင်တန်းပို့ချမှာ ​ဖြစ်တယ်လို့ ​မြန်မာနိုင်ငံဆိုင်ရာ ​ဗြိတိသျှသံရုံးက ​ဒုတိယအတွင်းဝန် ​မစ္စတာ ​ဂျိုးဖရက်ရှာ(Joe ​Fisher) ​က ​ပြောပြပါတယ်။


“၂၀၁၄ ​ခုနှစ်မှာ ​စပြီးတော့ ​ဗြိတိလျ ​စစ်ဘက်က ​ဗမာတပ်မတော်ရဲ့ ​အရာရှိ ​အချို့တွေအတွက် ​သင်တန်းတွေ ​ပေးဖို့ ​အစီအစဉ် ​ရှိပါတယ်။ ​ဆိုတော့လေ့ကျင့်မှု ​မဟုတ်ဘူး။ ​ဒါပေမယ့် ​သင်တန်းပေါ့။ ​သင်တန်းဆိုတော့ ​ဥပမာ ​ဒီမိုကရက်တစ် ​နိုင်ငံရေး ​စနစ်အောက်မှာ ​စစ်တပ်အနေနဲ့ ​ဘယ်လိုနေတယ်။ ​နောက်ပြီးတော့ ​ဒီမိုကရက်တစ် ​တာဝန်ခံမှု ​အကြောင်း၊ ​သင်တန်းတွေ ​ပေးဖို့ ​ရှိပါတယ်။ ​လူ့ ​အခွင့်အရေး ​အကြောင်း ​သင်တန်းတွေ ​ပေးဖို့ ​အစီအစဉ် ​ရှိပါတယ်။ ​အဲဒီလိုသင်တန်းတွေဟာ ​၂၀၁၄ ​ခုနှစ် ​ဖေဖော်ဝါရီ၊ ​မတ်လောက် ​စပြီးတော့ ​ဖြစ်ပါမယ်။”

ဒီလို ​သင်တန်းတွေ ​ပေးဖို့ ​ကိစ္စကို ​ဇွန်လအတွင်းက ​ဗြိတိန် ​ကာကွယ်ရေး ​ဦးစီးချုပ် ​ဗိုလ်ချုပ်ကြီး ​ဆာ ​ဒေးဗစ် ​ရစ်ချတ်စ် ​(General ​Sir ​David ​Richards)ဟာ ​မြန်မာနိုင်ငံကို ​လာရောက်စဉ်ကတည်းက ​တပ်မတော်အရာရှိကြီးတွေနဲ့ ​ညှိနှိုင်း ​သဘောတူခဲ့တယ်လို့လည်း ​ဆိုပါတယ်။
 ဒါ့အပြင် ​သမ္မတဦးသိန်းစိန်ရဲ့ ​ဇူလိုင်လအတွင်း ​ဗြိတိန် ​ခရီးစဉ်မှာလည်း ​နှစ်နိုင်ငံ ​ခေါင်းဆောင်တွေ ​သဘောတူထားတယ် ​လို့ ​သိရပါတယ်။
 တစ်ဆက်တည်းမှာပဲ ​နှစ်နိုင်ငံဆိုင်ရာ ​စစ်ရေး ​ပူးပေါင်းမှုတွေ ​လုပ်ဆောင်နိုင်ဖို့အတွက် ​မြန်မာနိုင်ငံဆိုင်ရာ ​ဗြိတိန် ​စစ်သံမှူးဟာ ​အောက်တိုဘာလမှာ ​ရောက်ရှိမယ်လို့ ​ဒုအတွင်းဝန် ​ဂျိုး ​ဖရက်ရှာက ​ဆက်ပြောပါတယ်။

“၁၀ ​လပိုင်းမှာ ​စပြီးတော့ ​ကျွန်တော်တို့ဟာ ​ဗမာပြည်မှာ ​အခြေစိုက်မယ့် ​စစ်သံမှူး ​တစ်ယောက် ​အသစ်ရှိပါမယ်။ ​အဲဒါဟာ ​၁၀ ​လပိုင်းမှာ ​စဖြစ်မယ်။ ​စစ်သံမှူးက ​ရန်ကုန်မှာ ​အချိန်ပြည့် ​အခြေစိုက်ပါမယ်”

၁၉၈၈ ​ခုနှစ် ​နောက်ပိုင်းကတည်းက ​အမေရိကန်က ​မြန်မာနိုင်ငံကို ​စစ်သံမှူး ​အဆက်အသွယ် ​မဖြတ်ခဲ့ပေမယ့် ​ဗြိတိန် ​အနေနဲ့တော့ ​ဥရောပ ​သမဂ္ဂရဲ့ ​ဆုံးဖြတ်ချက်အရ ​မြန်မာနဲ့ ​စစ်သံမှူး ​အဆက်အသွယ်ဖြတ်ခဲ့ပြီး ​ယခုနှစ်မှာ ​ပြန်လည် ​စတင်မှာ ​ဖြစ်ပါတယ်။
 ဗြိတိန်အနေနဲ့ ​ယခုလို ​စစ်ဘက်ဆိုင်ရာ ​အကူအညီပေးဖို့တွေ ​လုပ်ဆောင်နေသလို ​အမေရိကန်ကလည်း ​မြန်မာစစ်တပ်ကို ​အဆင့်မြှင့်တင်ဖို့ ​အကူအညီပေးမယ့်အကြောင်းကို ​ပြောဆိုခဲ့တယ်လို့ ​ရေဒီယိုသြစတြေးလျသတင်းထောက် ​စူးရှက ​သတင်းပေးပို့ခဲ့ပါတယ်။


အမေရိကန်က ​မြန်မာနဲ့ ​မူးယစ်တိုက်ဖျက်ရေးမှာ ​ပူပေါင်းဖို့ဆွေးနွေး၊ ​စစ်ဖက်ဆိုင်ရာ ​ပူးပေါင်းမှုလုပ်ဖို့လည်း ​လိုလား

 မြန်မာနိုင်ငံအတွင်း ​တရားမဝင်မူးယစ်ဆေးဝါး ​ထုတ်လုပ် ​ကုန်ကူးမှုတွေကို ​ပူးပေါင်းတိုက်ဖျက်ဖို့ ​အမေရိကန်နဲ့ ​မြန်မာအစိုးရ ​ကိုယ်စားလှယ်တွေ ​ဆွေးနွေးခဲ့ကြတယ်လို့ ​သိရပါတယ်။
 အမေရိကန်နိုင်ငံဆိုင်ရာ ​နိုင်ငံတကာမူးယစ်ဆေးဝါးတိုက်ဖျက်ရေးနဲ့ ​ဥပဒေစောင့်ရှောက်ရေး ​ဒုဝန်ကြီး ​William ​Brownfield ​မြန်မာနိုင်ငံမှာ ​ရောက်ရှိစဉ်အတွင်း ​ဆွေးနွေးခဲ့ကြတာ ​ဖြစ်ပါတယ်။
 တရားမဝင် ​မူးယစ်ဆေးဝါးကုန်ကူးမှု ​တိုက်ဖျက်ရေးနဲ့ ​မူးယစ်တိုက်ဖျက်ရေး ​တပ်တွေရဲ့ ​အရည်အချင်း ​မြှင့်တင်တိုးချဲ့မှုတွေ ​လုပ်သွားဖို့ ​ဆွေးနွေးခဲ့ကြတာ ​ဖြစ်ပါတယ်။
 အမေရိကန်အစိုးရက ​မြန်မာကာကွယ်ရေးတပ်ကို ​စစ်ရေးသင်တန်း ​ပေးတာတွေ ​၂၅ ​နှစ်ကြာ ​ရပ်တန့်ခဲ့ပြီး ​ခုအခါမှာ ​သင်တန်းတွေ ​ပြန်ပေးဖို့ ​ကြိုးစားနေချိန်လည်း ​ဖြစ်ပါတယ်။
 အမေရိကန်အစိုးရကနေ ​မြန်မာကာကွယ်ရေးတပ်တွေကို ​သင်တန်းပြန်ပေးမယ့် ​ကိစ္စနဲ့ ​ပတ်သက်ပြီး ​အမေရိကန် ​ဥပဒေပြုသူတချို့က ​ကန့်ကွက်မှုတွေ ​လုပ်နေပြီး ​မြန်မာတိုင်းရင်းသားဒေသတွေမှာ ​စစ်တပ်ကနေ ​တိုက်ခိုက်မှုလုပ်တာတွေ၊ ​ဒုက္ခသည်တွေအတွက် ​ကူညီထောက်ပံ့မှု ​ပိတ်ပင်တာတွေ ​လုပ်နေသေးတဲ့အတွက် ​အမေရိကန် ​အနေနဲ့ ​စစ်တပ်ပိုင်းဆိုင်ရာမှာ ​မြန်မာနဲ့ ​ပူးပေါင်းမှုတွေ ​မလုပ်ဖို့ ​တားဆီးကြတဲ့အတွက် ​ကြန့်ကြာမှုတွေ ​ဖြစ်နေပါတယ်။
 မြန်မာနိုင်ငံမှာ ​၁၉၈၈ ​ပြည်လုံးကျွတ်အရေးတော်ပုံအတွင်း ​စစ်တပ်ကနေ ​ပြည်သူတွေကို ​နှိမ်နင်းမှုလုပ်ခဲ့ရာက ​အမေရိကန်က ​မြန်မာစစ်တပ်နဲ့ ​ပူးပေါင်းမှု ​ရပ်ဆိုင်းလိုက်ချိန်ကစပြီး ​မြန်မာနိုင်ငံက ​တရုတ်၊ ​ရုရှားနဲ့ ​မြောက်ကိုးရီးယားကို ​အားကိုးမှု ​လုပ်ခဲ့ရာက ​ခုအခါမှာ ​နှစ်နိုင်ငံ ​စစ်ရေး ​ပူးပေါင်းမှု ​ပြုလုပ်ဖို့ ​ကြိုးစားလာကြတာ ​ဖြစ်ပါတယ်။

ABC Radio Australia