လျှပ်စစ်တာဝါတိုင် လုံခြုံရေးရဲတပ်ဖွဲ့ တိုက်ခိုက်ခံရ ၁ ဦးသေ ၄ ဦး ဒဏ်ရာပြင်းထန်

ပို့စ်တင်ချိန် - 12/15/2013 05:59:00 PM


သျှမ်းပြည်မြောက်ပိုင်း မန့်တုံမြို့နယ်အတွင်းရှိ လျှပ်စစ်တာဝါတိုင်အတွက် လုံခြုံရေးယူနေသော ရဲကင်းတစ်ခုကို ယမန်နေ့ အစောပိုင်းက လက်နက်ကိုင်တပ်ဖွဲ့တဖွဲ့က ၀င်ရောက်တိုက်ခိုက်ရာ တာဝန်ကျ ပြည်သူ့ ရဲတပ်ဖွဲ့ဝင် တဦးသေဆုံးပြီး ၄ ဦး ဒဏ်ရာ ရရှိသည်ဟု ဒေသခံများကပြောသည်။

၂၀၁၃ ဒီဇင်ဘာ ၁၃ ရက် နံနက် ၅ နာရီ တွင် တိုင်းရင်းသားတပ်ပေါင်းစုဟု ယူဆရသည့် လက်နက် ကိုင်အဖွဲ့က မန့်တုံမြို့နယ် မန့်ပတ်ကျေးရွာရှိ လျှပ်စစ်တာဝါတိုင်အတွက် လုံခြုံရေးယူနေသော ရဲတပ်ဖွဲ့ဝင်များအား ၀င်ရောက်တိုက်ခိုက်ရာမှာ ပွဲချင်းပြီး တဦးသေဆုံးကြောင်း၊ ရဲအရာရှိတဦး တပ်သားတဦး နှင့် ရဲမိသားစုဝင် ၂ ဦးလည်း ဒဏ်ရာ ရရှိကြောင်း၊ ၄င်းတို့အား နမ္မတူမြို့ ဆေးရုံသို့ ပို့ဆောင် ကုသနေကြောင်း ဒေသခံ တစ်ဦးကပြောသည်။

“ မနေ့မနက်မှာ ပစ်ခံရတာလေ ၊ လာပစ်တဲ့အဖွဲ့ကတော့ ဘယ်အဖွဲ့လဲခုထိ မသိသေး ဘူး၊ တစ်နာရီကျော်ကျော် တော့ အပြန်အလှန်ပစ်ခတ်ကြတာပဲ၊ ရဲဘက်ကတော့ လေးယောက်ဒဏ် ရာရရပြီးနှစ်ယောက်မှာ ဒဏ်ရာ ပြင်းထန်တယ်၊ တစ်ယောက်တော့ ပွဲချင်းပြီးသေသွားတယ်” ဟု နီးစပ်သည့် အသိုင်းအဝိုင်းကပြောသည်။

ထိုအပစ်ခံရသော ရဲတပ်ဖွဲ့ဘက်မှ M 21,22 မောင်းပြန်သေနတ် ၄ လက် နှင့် ရိုင်ဖယ်သေနတ် ၂ လက် ဆုံးရှုံးသည်ဟု ရဲတပ်ဖွဲ့များနှင့် နီးစပ်သည့် ဒေသခံ နောက်တဦးကလည်း ပြောသည်။

ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မန်တုံမြို့နယ်သည် TNLA တအာင်း(ပလောင်) အမျိုးသား လွတ်မြောက် ရေးတပ်မတော်၊ KIA ကချင်လွတ်လပ်ရေးတပ်မတော် တပ်မဟာ ၄ နှင့် SSPP/SSA သျှမ်းပြည်တိုးတပ်မတော်တို့ ပူးပေါင်းလှုပ်ရှားသည်။ သီးခြားအတည်ပြုချက်မရသည့် သတင်းအရ ၄င်းတို့ပူးပေါင်းသည့် တပ်ပေါင်းစုတပ်ဖွဲ့ဝင်များက ၀င်ရောက်တိုက်ခိုက်ကြသည်ဟုလည်း ဆိုသည်။

TNLA တအာင်း(ပလောင်) အမျိုးသား လွတ်မြောက် ရေးတပ်မတော် နှင့် KIA ကချင်လွတ်လပ်ရေး တပ်မတော်တို့ သည် ငြိမ်းချမ်းရေးတည်ဆောက်ရန်အစိုးရနှင့် ဆွေးနွေးထားဆဲ တပ်ဖွဲ့များဖြစ်၏။

မြောက်ပိုင်းသျှမ်းပြည်တပ်မတော် အမည်ရ SSPP/SSA သျှမ်းပြည်တိုးတပ်မတော် မှာမူ ဦးသိန်းစိန်အစိုးရ နှင့် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးတည်ဆောက်ထားသည့် တပ်ဖွဲ့ ဖြစ်သည်။

သျှမ်းသံတော်ဆင့် / စိုင်းလုံ(တောင်ကြီး)