မန္တလေးဗထူးကွင်း ဘောလုံးပွဲလက်မှတ် အလုအယက်ဝယ်ရင်း အမျိုးသမီးနှစ်ဦး ဒဏ်ရာရ

ပို့စ်တင်ချိန် - 12/15/2013 06:01:00 PM


မန္တလေး၊ ဒီဇင်ဘာ ၁၄

မန္တလေးမြို့တော်တွင် ကျင်းပလျက် ရှိသော (၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ အမျိုးသမီး ဘောလုံးပြိုင်ပွဲ စတုတ္ထ ပွဲစဉ်ဖြစ်သည့် မြန်မာ အမျိုးသမီး လက်ရွေးစင် အသင်းနှင့် ဗီယက်နမ် အမျိုးသမီး လက်ရွေးစင် အသင်းပွဲအတွက် လက်မှတ်များကို ဒီဇင်ဘာလ ၁၄ ရက်နေ့ နံနက်ပိုင်းက ဗထူး အားကစားကွင်းတွင် ရောင်းချပေးနေစဉ် လူအများအပြား အလုအယက် တွန်းတိုက် ဝယ်ယူမှုကြောင့် အမျိုးသမီးနှစ်ဦး ဒဏ်ရာ အနည်းငယ် ရရှိခဲ့ကြောင်း အဆိုပါနေရာတွင် တာဝန်ကျသော ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။

လက်မှတ် ဝယ်ယူနိုင်ရန် စောင့်ဆိုင်းနေသည့် ဘောလုံးပရိသတ် လွန်စွာ များပြားလှသဖြင့် အဆိုပါ အမျိုးသမီးနှစ်ဦးမှာ လက်မှတ်ရရှိရန် တွန်းရင်းလုရင်း လဲကျကာ ခန္ဓာကိုယ်တွင် ပွန်းပဲ့ဒဏ်ရာများ ရရှိခဲ့ခြင်း ဖြစ်ကြောင်း၊ ယင်းကြောင့် အဆိုပါလမ်း ၂၉ လမ်းx၃၀ လမ်းကြား၊ ၇၁ လမ်းရှိ ဗထူး အားကစားကွင်းတွင် ရဲတပ်ဖွဲ့ဝင်များဖြင့် လုံခြုံရေး ချပေးခဲ့ရကြောင်း ၎င်းထံမှ သိရသည်။

ယင်းပွဲစဉ်၏ ပြင်ပလက်မှတ် ဈေးနှုန်းမှာလည်း ခြောက်ဆခန့်အထိ မြင့်တက်သွားကြောင်း၊ ထိုသို့ ဈေးမြင့်တက် သွားသည့်အတွက် လက်မှတ်ဝယ်ယူများ အခက်ကြုံတွေ့ နေရကြောင်း၊ မြန်မာ-ဗီယက်နမ်ပွဲစဉ် လက်မှတ်များကို ဒီဇင်ဘာလ ၁၄ ရက်နေ့ နံနက်ပိုင်းက စတင်ရောင်းချပေးရာ ပရိသတ် ဝယ်လိုအား များသည့်အတွက် နေ့လယ်ခင်းအချိန် မရောက်မီ လက်မှတ်များ ကုန်သွားခဲ့ကြောင်း၊ ယင်းကြောင့် နံနက်ပိုင်းတွင် ဝယ်ယူထားသူများက ပြိုင်ပွဲ လက်မှတ်များကို တစ်ဆင့်ပြန်လည် ရောင်းချလျက် ရှိရာ ရောင်းဈေးထက် ခြောက်ဆခန့်မြှင့်ကာ လက်မှတ်တစ်စောင်လျှင် ၁၀,၀၀၀ ကျပ်၊ ၁၃,၀၀၀ကျပ်အထိ ဈေးပေါက်လျက် ရှိကြောင်း လက်မှတ် လာဝယ်ယူသူများထံမှ သိရသည်။
“ကျွန်တော့်ဆီကို လာဝယ်ချင်တယ် ဆိုရင် ၁၃,၀၀၀ ကျပ်နဲ့ ရောင်းတယ်။ ကျွန်တော်ကလည်း ပြန်ဝယ်တယ်။ ၁၀,၀၀၀ကျပ်နဲ့ ဝယ်တယ်။ ကျွန်တော် ၃,၀၀၀ ကျပ်စားမယ်” ဟု လက်မှတ်တစ်ဆင့် ဝယ်ယူရောင်းချသူ အသက် ၃၀ နှစ်ခန့်ရှိ အမျိုးသားတစ်ဦးက ဆိုသည်။

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က လက်မှတ် အရောင်းဌာနများသို့ လက်မှတ် ရောင်းချရာတွင် မှတ်ပုံတင်နှင့်အတူ လက်မှတ် ရောင်းချပေးရန် ချမှတ်ထားသော်လည်း လက်မှတ် အရောင်းဌာနများသည် မှတ်ပုံတင် ကြည့်ရှု၍ ရောင်းချခြင်းမရှိဘဲ လက်မှတ် လိုသလောက် ရောင်းချပေးနေကြောင်း ဘောလုံး ပွဲစဉ်အလိုက် လက်မှတ်ဝယ်ယူသူ တစ်ဦးက ပြောကြားသည်။
“မှတ်ပုံတင်နံပါတ် မှတ်ယူခြင်းလည်း မရှိဘူး။ လက်မှတ်ကို လိုသလောက် ရောင်းပေးတယ်။ ဒီနေ့က တစ်ယောက်ကို တစ်စောင်လောက်ပဲ ရောင်းပေးတယ်။ မြန်မာပွဲဆိုတော့” ဟု ဘောလုံးပွဲလက်မှတ် ဝယ်ယူနေသည့် အသက် ၂၂ နှစ်အရွယ် အမျိုးသမီးတစ်ဦးက ဆိုသည်။

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က မြန်မာ လက်ရွေးစင်အသင်းနှင့် ဗီယက်နမ် လက်ရွေးစင် အသင်းပွဲစဉ်အတွက် လက်မှတ် အစောင်ရေ စုစုပေါင်း ၁၁,၀၀၀ ချမှတ်ပေးထားပြီး ဒီဇင်ဘာလ ၁၄ ရက်နေ့ ဗထူးကွင်းတွင် လက်မှတ်အစောင်ရေ ၂၀၀၀၊ အားကာ/သိပ္ပံရှေ့တွင် ၃၀၀၀ ဖြစ်ပြီး ဒီဇင်ဘာလ ၁၅ ရက်နေ့ အဆိုပါနေရာ နှစ်နေရာအတွက် လက်မှတ် အစောင်ရေ ၆၀၀၀ ရောင်းချပေးသွားမည် ဖြစ်ကြောင်း SEA Games အမျိုးသမီး မြန်မာ့လက်ရွေးစင် မီဒီယာတာဝန်ခံ ဦးဇင်မင်းထိုက်က ပြောကြားသည်။

လက်မှတ် ရောင်းချသည့် ဌာနများတွင် လက်မှတ် ရောင်းချသူများသည် အချိန်ကြာမြင့်စွာ တန်းစီနေသည့် သူများကို လက်မှတ် တစ်စောင်နှုန်းသာ ရောင်းချပေးပြီး ဌာနဆိုင်ရာများ၊ မိမိတို့နှင့် ခင်မင် ရင်းနှီးသူများကို လက်မှတ်စောင်ရေ များစွာ ရောင်းချပေးနေကြောင်း လက်မှတ် ဝယ်ယူရန် တန်းစီခဲ့သည့် အသက် ၂၃ နှစ်အရွယ် အမျိုးသားတစ်ဦးက ပြောကြားသည်။

အမျိုးသမီး ဘောလုံးပွဲစဉ် လက်မှတ်ခ နှုန်းထားများမှာ ရိုးရိုးတန်း ၁၀၀၀ ကျပ်၊ အထူးတန်း ၃၀၀၀ ကျပ် ဖြစ်ပြီး မန္တလေးမြို့တွင် ရောင်းချမည့် လက်မှတ် အရောင်းဌာနများမှာ ချမ်းအေးသာစံမြို့နယ်ရှိ ဗထူးကွင်း (လမ်း ၃၀x၂၉ လမ်းထောင့်) နှင့် ချမ်းမြသာစည်မြို့နယ်ရှိ အားကစားနှင့် ကာယပညာသိပ္ပံ တို့တွင် ရောင်းချပေးလျက် ရှိကြောင်း မန္တလေးတိုင်းဒေသကြီး အားကစားနှင့် ကာယပညာ ဦးစီးဌာနထံမှ စုံစမ်းသိရှိရသည်။
The Voice Weekly Myanmar