ပိုင်ရှင်မသိဘဲ တရုတ်ထံ ရောင်းချခံရ လယ်ယာမြေ ပြန်ရရေး နမ့်ခမ်း လယ်သမားများ စုပေါင်းတောင်းဆို

ပို့စ်တင်ချိန် - 12/15/2013 06:42:00 PM


လယ်ပိုင်ရှင်မသိဘဲ တရုတ်ထံ စစ်အစိုးရ ရောင်းပေးသည့် အထူးအထွက်တိုး စပါးစိုက်ပျိုးမြေ ပြန်လည်ရရှိ ရေးအတွက် သျှမ်းပြည် မြောက်ပိုင်း နမ့်ခမ်းမြို့မှ လယ်သမားများ ယနေ့ စုပေါင်းတောင်း ဆိုကြကြောင်း သိရှိရပါသည်။


“လယ်သမားတွေက အထူးအထွက်တိုးစပါးစိုက်ဖို့ ဒီမြေကို အပင်ပန်းခံပြီး ပြုပြင်လာခဲ့တယ်။ လယ်သမား တွေ ရဲ့မြေ အမှန်ဖြစ်တဲ့အတွက် ပြန်လည်ရရှိဖို့ မရမချင်း ဇွဲမလျှော့ဘဲ တောင်းဆို သွားမယ် ” ဟု လယ်သမားခေါင်းဆောင်တစ်ဦးက ပြောပါသည်။

ယနေ့(ဒီဇင်ဘာ ၉ ရက်)နံနက်ပိုင်းမှ မွန်းတည့်ချိန်ခန့်အထိ လယ်သမား ၃၀၀ ခန့် နမ့်ခမ်းမြို့ နယ်အုပ်ချုပ် ရေးမှူးရုံးသို့ သွားရောက်ကာ ကောင်းနောင်မိုရှိ အသိမ်းခံရလယ်မြေများအား သွားရောက်တောင်းဆိုကြ ကြောင်း ဆို၏။

“ ကောင်းနောင်မိုရပ်မှာ အသိမ်းခံရတဲ့ လယ်မြေတွေ ဒီကနေ့ပေါက်ဈေးနဲ့တွက်မယ်ဆိုရင် ကျပ်သိန်း ၇၀၀၀ ဖိုးလောက်တန်တယ်။ ဒီလယ်မြေတွေကို စစ်အစိုးရလက်ထက်တုန်းက အသိမ်းခံရပြီးတော့ (လယ်ပိုင်ရှင် မသိလိုက်ဘဲ) မီးသတ်တပ်ဖွဲ့ခေါင်းဆောင် ဦးစံညွန့် ကိုရောင်းပေးပြီး မြေဂရမ်ပါလုပ်ပေးတာ။ အခု သူ့မှာမြေ ဂရမ်ရှိတယ်ဆိုပြီးကျနော်တို့ကို ပြန်မပေးချင်တာလေ” ဟု အဆိုပါ လယ်သမားခေါင်းဆောင်က ပြောပါသည်။

မီးသတ်တပ်ဖွဲ့ခေါင်းဆောင်ဆိုသူ ဦးစံညွန့် ခေါ် အိုက်လောင်းစောဝ် မှာ တရုတ်အမျိုးသားတဦးဖြစ်ပြီး အဆိုပါလယ်များအား တန်ဖိုးကြီးပေးဝယ်ထားရသဖြင့် ယခုအခါ လယ်သမားများအား ပြန်မပေးလိုခြင်း ဖြစ်ကြောင်း ဆိုပါသည်။

အဆိုပါကိစ္စ ယမန်နေ့ ဒီဇင်ဘာ ၈ ရက်က ကျားဖြူပါတီဥက္ကဌ စိုင်းအိုက်ပေါင်းအား လယ်သမားများက တွေ့ဆုံပြီးတင်ပြရာတွင် စိုင်းအိုက်ပေါင်းက တယောက်တဝက် ယူကြရန် ဖြန်ဖြေပေးကြောင်း၊ အဆိုပါအကြံအဉာဏ်ကိုလည်း လယ်သမားများက လက်မခံလိုသဖြင့် ယနေ့မနက်ပိုင်း ထိုသို့ စုရုံးဆန္ဒပြ မှုပေါ်ပေါက်လာခြင်းဖြစ်ကြောင်းလယ်သမား စိုင်းအိုက် ကသျှမ်းသံတော်ဆင့်အားပြောပါသည်။

“ ကျနော်တို့အိမ်ပေါ်ကိုတက်နေပြီးတော့အိမ်ရှင်မသိအောင် အိမ်တပိုင်းပိုင်းပြီးတော့ ဂရမ်ခိုးလုပ်တယ်။ အိမ်ရှင်တောင်းတော့ ပြန်မပေးချင်ဘူး။ ရှေ့ဆက် ဒီလိုဘဲခိုး ခိုးယူနေရင် ကျနော်တို့ ဘယ်မှာသွားနေတော့မလဲ။ ဘာနဲ့လုပ်စားရတော့မလဲ။ ဒီတော့ တယောက်တဝက်လဲ မပေးဘူး။ အကုန်ပြန်ရအောင် ကျနော်တို့ ပြန်ယူရမှာဘဲ။ ကျနော်တို့ဆက်ကြိုးစားသွားမယ်“ ဟု ဆိုပါသည်။

နမ့်ခမ်းမြို့နယ် လယ်သမားများ (ပါတီကောင်စီခေတ်ကတည်းက) ပိုင်ဆိုင်လာခဲ့သည့် ကောင်းနောင် မိုရပ် ကျားဖြူခန်းမအနောက်ဘက်ရှိ အထူးအထွက်တိုးစပါးစိုက်ပျိုးရာ လယ်ယာမြေကို စစ်အစိုးရလက်ထက် ၁၉၉၃ ခုနှစ်က မီးသတ်ခေါင်းဆောင်ဆိုသူအား ရောင်းချပေးခဲ့ခြင်းဖြစ်ပါသည်။

သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့တွင် လယ်သမားများ ဆုံးရှုံးခဲ့ရသော လယ်မြေ ၄ နေရာရှိပါသည်။ ယခုလက်ရှိ တောင်းဆိုနေသော ကောင်းနောင်မိုရပ်ကွက်တွင်သာမက မန့်ခမ်းရပ်ကွက်၊ ပေါက်တိုက်ရပ်ကွက်၊ ဝမ့်နားရပ်ကွက်တို့တွင်လည်း ရှိပါသည်။
သျှမ်းသံတော်ဆင့်