အစွန်းနှစ်ဖက်ကို လက်ကိုင်ထားသည့် NLD

ပို့စ်တင်ချိန် - 12/25/2013 10:15:00 AM


24-12-2013

၈၈ ခေါင်းဆောင် ကိုကိုကြီးမှ ယနေ့မြန်မာ့နိုင်ငံရေးအခြေအနေသည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးအား ဦးစားပေးဆောင်ရွက်ရမည်မဟုတ်ဘဲ Trust Building ကိုသာ ဦးစားပေး ဆောင်ရွက်သင့်သည်ဟု ပြောဆိုခဲ့သဖြင့် ကိုကိုကြီးအား NLD ဦးဆောင်သည့် ဒီမိုအပေါင်းအပါများမှ ကိုကိုကြီး လောဘကြီးသွားပြီဆိုသည့်ခေါင်းစဉ်ဖြင့် ပုဂ္ဂိုလ်ရေး ဂုဏ်သိက္ခာထိခိုက်စွာ ရေးသားခဲ့ပါသည်။

မြန်မာ့ဒီမိုကရေစီ၏ ပြယုဂ်၊ ဒေါ်စုကြည် ဦးဆောင်သည့် NLD ပါတီနှင့် အပေါင်းပါများသည် လွတ်လပ်စွာပြောဆိုနိုင်သည်၊ အမြင်မတူသည်ကို လက်ခံနိုင်ရမည်၊ ရှုံးနိမ့်သူနှင့် အားနည်းသူများကို လေးစားရမည် ဆိုပြီးပြောဆိုသော်လည်း ကိုကိုကြီးမှယုံကြည်မှုကို အရင်တည်ဆောက် သင့်ကြောင်း၊ ၎င်း၏အမြင်အယူအဆကို ပြောဆိုသည့်အခါ NLD အပေါင်း အပါများမှ ကိုကိုကြီးအား စစ်အစိုးရ လက်ဝေခံ၊ အာဏာရူး၊ အရည်အချင်း ရှိလို့မဟုတ်ဘဲ အခြေအနေအရ ခေါင်းဆောင်ဖြစ်လာသူ၊ ဖောက်ပြန် ရေးသမားအဖြစ် တံဆိပ်တပ်လိုက်လေသည်။

မြန်မာနိုင်ငံမှာ ဒီမိုကရေစီစနစ် ပီပီပြင်ပြင်ဖြစ်ပေါ်လာအောင် လုပ်ဆောင်နိုင် သည့်ပါတီမှာ NLD ပါတီတစ်ခုတည်းသာဖြစ်ကြောင်း ကြွေးကြော်နေသော် လည်း ကိုကိုကြီးမှ ယခုလိုသူ့ယုံကြည်ချက်ကို ထုတ်ဖော်သည့်အခါ ဒီမိုဖော်ဆောင်နေသူများမှ ၀ိုင်းဝန်းတိုက်ခိုက်သည့်အတွက် ကိုကိုကြီးခင်မျာ သူ့ယုံကြည်ချက်အား ဆက်လက်မဖော်ထုတ်ရဲတော့ဘဲ ဒေါ်စုကြည်ဦးဆောင် သည့် NLD ပါတီ၏ ဖွဲ့စည်းပုံပြင်ဆင်ရေးအားထောက်ခံကြောင်း မီဒီယာများ တွင် တစ်ဖန်ပြန်လည်ဖတ်ရှုရပြန်ပါသည်။ ဒီဖြစ် စဉ်ကိုကြည့်ခြင်းအားဖြင့် NLD ၏ရပ်တည်ချက်သည် တဖြေးဖြေးအစွန်းကို ရောက်ရှိလျက်ရှိပေသည်။ NLD မှ အဖြူဆိုလျှင် သန်း ၆၀ သောလူထုသည် ဖြူဖြူ မဖြူဖြူ၊ အဖြူဟုပြောဆို ရမည့်သဘော သက်ရောက်နေပေသည်။ NLD သည် အပြောတစ်မျိုး၊ အလုပ်တစ်မျိုးဖြစ်နေပေသည်။

NLD ပါတီအတွင်းတွင် ဒီမိုကရေစီစနစ် မရှင်သန်ဘဲ အာဏာရှင် ဒီမိုကရေစီ စနစ်သာ ရှင်သန်ဖြစ် ထွန်းလျက်ရှိပေသည်။ ပုဒ်မ ၅၉(စ)အား ပြင်ဆင်ရေး အလောတကြီးဆောင်ရွက်နေသည်ကို ကြည့်ခြင်း ဖြင့် NLD တွင် ဒေါ်စုကြည် မှလွဲ၍ ကျန်ပါတီဝင်များအနေဖြင့် သမ္မတလုပ်ရန် အရည်အချင်း မရှိကြောင်းကို ပြသလျက်ရှိပေသည်။ NLD တွင် ဒေါ်စုကြည်၏အမြင်နှင့် အယူအဆ လက်မခံ သူများ နေရာမရသော်လည်း ဒေါ်စုကြည် ဘာပြောပြောထောက် ခံသည့် ဦးကိုနီတို့လိုလူမျိုးများက အာဏာရလျက်ရှိပေသည်။ ထိုသို့ အာဏာရှင်ဆန်မှု များကြောင့် အာဏာရှင်စနစ်ကို ဆန့်ကျင်သည့် မဖောက်မပြန်ရပ်တည်သည့် ဦးဝင်းတင် ကိုယ်တိုင် ဒေါ်အောင်ဆန်းစုကြည်အား စိတ်ပျက်လျက်ရှိသည်ကို ဘာတေးလစ်တနာ၏ဆောင်းပါးတွင် ဖတ်ရှုနိုင်ပေသည်။

ထို့ကြောင့် NLD ပါတီပြင်ဆင်လိုသည့် ပုဒ်မ ၅၉(စ)အား ပြင်ဆင်ရန်၊ ယခင် NLD ပါတီဝင်များဖြစ်သည့် ဦးသိန်းညွန့်၊ ဦးခင်မောင်ဆွေ၊ ဒေါက်တာ သန်းငြိမ်း စသည့် ပါတီခေါင်းဆောင် များကိုယ်တိုင်ကပင် ပြင်ဆင်ရန် မလိုကြောင်း တရားဝင်ထုတ်ဖော်ပြောကြား ထားပြီဖြစ်ပေသည်။ ထိုသို့ ထုတ်ဖော်ပြောကြားထားသော်လည်း NLD အနေဖြင့် ယခင်က ပါတီ ၀င်ဟောင်းများကို လက်ခံလာအောင် စည်းရုံးလုပ်ဆောင်ခြင်းမရှိဘဲ ပုဒ်မ ၅၉(စ)နှင့်ပတ်သက်၍ မှတ်ချက်ပြုပြောဆိုခြင်းမရှိသည့် စစ်တပ် ကိုယ်စားလှယ် များကိုသာ ပြည်သူလူထုနှင့်ထိပ်တိုက်တွေ့စေရန် ဖန်တီးလျက် ရှိပြီးနိုင်ငံရေး အမြတ်ထုတ်ရန် ဆောင်ရွက်လျက်ရှိပေသည်။NLD အနေဖြင့် စစ်တပ် ကိုယ်စားလှယ်နှင့် ပြည်ခိုင်ဖြိုးပါတီမပါ လွှတ်တော်တွင် ရောက်ရှိနေသည့် ကျန်တရားဝင်ပါတီများကိုသာ ပုဒ်မ ၅၉(စ)အား ပြင်ဆင်နိုင်ရေးအတွက် လက်ခံ/လက်မခံ စည်းရုံးကြည့် စေလိုကြောင်း ရေးသားလိုက်ရပါသည်။

မျိုးမြန်မာ
ပုဂံအွန်လိုင်းမီဒီယာ