လုပ်သားပြည်သူများ၏ ယာဉ်စီးခ မှန်ကန်စွာဖြင့် စီးနင်းသွား လာနိုင်ရေး (ပေးစာ)

ပို့စ်တင်ချိန် - 11/24/2013 12:49:00 PM


ကျွန်တော်က ရန်ကုန်တိုင်းဒေသကြီး ၊ လှိုင်မြို့နယ် ၊ အင်းစိန်လမ်းမ ၊ဘာတာမှတ်တိုင် ၊ ရှိမီးသတ်ဦးစီးဌာန (လှိုင်မီးသတ်စခန်း)မှ ၀န်ထမ်းတစ်ဦးပါ။

ကျွန်တော်နေထိုင်ရာ သမိုင်းလမ်းဆုံမှနံနက် အလုပ်ဆင်းလျှင် ၃မှတ်တိုင်အကွာ ဘာတာမှတ်တိုင်(အင်းစိန်လမ်း) ကို ဘတ်စ်ကားခ (၅၀ ကျပ်) ဘဲပေးရပါတယ်။ နေ့လည်ထမင်းစားချိန်အိမ်ပြန်စားရင်လဲ (၅၀ ကျပ်) ပါပဲ။

ဒါပေမယ့် ညဖက် ၆ နာရီခွဲခန့် လှိုင်မီးသတ်မှ သမိုင်းလမ်းဆုံမှတ်တိုင်သို့ ၅၀/ကျပ် ရိုးရိုး လိုင်းကားများစောင့်စီးရာမှ (ယဉ်လိုင်းအားလုံးမှ) စပယ်ယာများက ၅၀ ခရီးကို ၁၀၀ ကျပ်တောင်းပါတယ်။

၅၀ ခရီးကို ၁၀၀ တောင်းလို့ပြောတဲ့သူရှိရင်စပယ်ယာမှရိုင်းစိုင်းစွာအော်ဟစ်ငေါက်ငမ်းပါတယ်။
''ခင်ဗျားတို့ကိုမတက်ခင်တည်းက ဟိုနားဒီနား ၁၀၀ ပြောပြီးသား ၊ မစီးနိုင်ရင်ပြန်ဆင်း'' စသည့်ဖြင့်ပြောဆိုပါတယ်။ ခရီးသည်များမှာလည်း တနေ့လုံးအလုပ်ပင်ပန်းပြီးပြန်လာသူ လက်လုပ်လက်စားနှင့်ဝန်ထမ်းများဖြစ်ကြကာ စကားနဲရန်စဲ သဘောမျို့း ၁၀၀ ပေးစီးနေကြရသည်မှာ လချီ ရှိပါပြီ။ ထို့ပြင်အလုံ ၊ ကြည့်မြင်တိုင်ဘက်မှလာသောမှော်ဘီ ၊ တိုက်ကြီး ဟိုင်းလတ်ကားများမှာလည်း ၅၀ ခရီးကို ၁၀၀ ၊ ၁၀၀ ခရီးကို ၂၀၀ ယူနေကြသည်မှာ ၅ နှစ်ခန့် ရှိခဲ့ပြီးဖြစ်သော်လည်း ယခုအခါ ၅၀ ခရီးကို ၂၀၀ စတင်ယူနေကြပြီ ဖြစ်ပါတယ်။

သို့ဖြစ်သောကြောင့် ရန်ကုန်မြို့တွင်လိုင်းကား ၊ ဘတ်စ်ကားဖြင့် ခရီးသွားလာ နေကြသော လုပ်သားပြည်သူများ၏ ယာဉ်စီးခ မှန်ကန်စွာဖြင့် စီးနင်းသွားလာနိုင်ရေး သက်ဆိုင်ရာမှ အရေးယူ ဆောင်ရွက်ပေးပါရန် လေးစားစွာ တင်ပြအပ်ပါသည်။

        ခရီးသည်ဝန်ထမ်းတစ်ဦး
        (လှိုင်မီးသတ်စခန်း)
        အင်းစိန်လမ်းမကြီး
        ၁၂ ရပ်ကွက် ၊ လှိုင်မြို့နယ်
        ရန်ကုန်မြို့

by Thit Htoo Lwin