နိမ့်ကျခံစားမှုနဲ့ လူ့တန်ဖိုး

ပို့စ်တင်ချိန် - 2/19/2014 05:40:00 PM


နိမ့်ကျခံစားမှုနဲ့ လူ့တန်ဖိုး

(Written by: တင့်ခိုင်)

အတန်းထဲတွင် အဆင့် (၁) ရသဖြင့် ဆရာမက သမီးငယ်ကရုဏာကို ဆုပေးလိုက်သည်။ ထိုဆုဖြစ်သော ဘော့ပင်လေးကိုကိုင်ကာ သမီးငယ်သည် ကျွန်တော့်ရင်ခွင်သို့ ပြေးဝင်လာသည်။ ကျွန်တော်က "ငါ့သမီးက သိပ်တော်တာပဲ" ဟုပြောပြီး သမီးငယ်၏ ပါးနှစ်ဖက်ကို အားရပါးရနမ်းသည်။ ဒါသည်ပင် ကျွန်တော်ပေးလိုက်သော ဆုတစ်ဆုဖြစ်သည်။

သမီးငယ်ထပြန်သွားသောအခါ ကျွန်တော်စဉ်းစားကြည့်သည်။ တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ကျောင်းသားကျောင်းသူများ တစ်ပြည်လုံး လူတစ်သိန်းဝင်ဖြေသည် ဆိုကြပါစို့။ ထိုအထဲမှ အတော်ဆုံး ၁၀ ယောက်ကိုရွေးပြီး ဆုပေးလိုက်သည်။ သို့ဆိုပါလျှင် ကျန် ၉၉၉၉၀ သည် မတော်သူများ ဖြစ်သွားပြီလား။ တစ်သိန်းမှာ ဆယ်ယောက်ကိုသာ ထူးချွန်ပြောင်မြောက်သူအဖြစ် 'စံ' ထားပြီး ချီးမြှောက်လိုက်ခြင်းဖြင့် မရည်ရွယ်ပါဘဲလျက်နှင့် ကျန်လူအများစုသည် အသုံးမကျသော၊ အရာမရောက်သော လူ့အန္ဓများ အလိုလိုဖြစ်သွားပေလိမ့်မည်။

လူ့တန်ဖိုးသည် တက္ကသိုလ်ဝင်တန်းတွင် အမှတ်အများဆုံးရသည်နှင့် မည်သို့ပတ်သက် ဆက်စပ်နေပါသနည်း။ ပညာရေးနှင့် ဆက်စပ်သူများ စဉ်းစားရန်လိုပြီ။ ပြဋ္ဌာန်းစာကိုမကျက်၍ စာမေးပွဲကျသည်။ အမှတ်နည်းသည်။ ပြဋ္ဌာန်းစာကို '၏-သည်' မလွဲ ကျက်မှတ်ဖြေဆိုနိုင်သဖြင့် ဆေးတက္ကသိုလ်၊ ရေကြောင်း၊ UFL တို့ကို တက်ခွင့်ရသည်။ အဆိုပါကျောင်းသား နှစ်မျိုးနှစ်စားတို့တွင် မည်သည့်အရာက ကွာနေပါသနည်း။ IQ လား၊ ကြိုးပမ်းအားထုတ်မှုလား၊ လူ့တန်ဖိုးသည် ထိုကျက်မှတ်နိုင်မှုအပေါ် အခြေခံပါသလား။ ဤကိစ္စကို လူတိုင်းစဉ်းစားကြမည်မဟုတ်ပါ။ သို့ရာတွင် ပညာရေးကို ပြောင်းလဲတော့မည်ဆိုသောအခါ ဤကိစ္စသည် ထည့်သွင်းစဉ်းစားရမည့် ကိစ္စဖြစ်သည်။ လူငယ်တစ်ယောက်၊ ကျောင်းသားတစ်ယောက်၏ အနာဂတ်တက်လမ်းကို ပိတ်ဆို့ပစ်လိုက်သော မည်သည့်ပညာရေးစနစ်ကိုမှ မပြဋ္ဌာန်းသင့်ပါ။

ကလေးတိုင်းသည် တန်ဖိုးရှိပါ၏။ မိမိကိုယ်ကိုယ် တန်ဖိုးမရှိဟူသော အသိစွဲငြိသွားခဲ့ပါလျှင် သိမ်ငယ်ခံစားမှု၊ နိမ့်ကျခံစားမှုများ ၀င်လာမည်။ ထိုအခါ ထိုကလေးသည် အနာဂတ်တွင် လူ့အဖွဲ့အစည်းဖွံ့ဖြိုးရေးအတွက် အပေါင်းလက္ခဏာ မဆောင်နိုင်တော့ပါ။ စိတ်ပညာဘာသာရပ်တွင် inferiority complex သည် လူသားတစ်ဦး၏ဘ၀ကို ရိုက်ချိုးပစ်လိုက်သော၊ မလိုလားအပ်သော စိတ်ခံစားမှုတစ်ခုဖြစ်သည်။ ဆယ်ကျော်သက်အရွယ်လူငယ်များတွင် မကြာခဏတွေ့မြင်နေရသော ကလန်ကဆန်လုပ်မှုများ၊ မကျေနပ်မှုများ၊ ပေါက်ကွဲမှုများနှင့် ရန်လိုမှုများသည် ထိန်းချုပ်၍ မရနိုင်သော သိမ်ငယ်ခံစားမှုများနှင့် မပြည့်စုံမှုများအပေါ် အခြေခံခဲ့ခြင်းဖြစ်သည်။

ကျောင်းသားလူငယ်တစ်ဦး၏ နောက်ကွယ်တွင် သူ့မိသားစုဘ၀လေးတစ်ခုရှိသည်။ ထိုဘ၀မှန်ကို လက်ခံပြီးကြီးပြင်းရန် လိုသည်။ ထိုအခါ ကလေးနှင့်တိုက်ရိုက်ဆက်စပ်နေသော အိမ်နှင့်ကျောင်းသည် ကလေးမိမိကိုယ်ကိုယ် မိမိယုံကြည်စိတ်၊ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားလေးစားသောစိတ် ဖြစ်ပေါ်လာအောင် စွမ်းဆောင်ပေးရန် တာဝန်ရှိလာသည်။ ယနေ့ကျောင်းများသည် ကလေးငယ်တစ်ဦး၏ လူ့တန်ဖိုးကို မည်မျှအသိအမှတ်ပြုကြပါသနည်း။ စာသင်ကျောင်းတစ်ကျောင်းသည် သူ့ရင်ခွင်ရှိ ကလေးများကို လူ့သိက္ခာရှိမှု၊ မိမိကိုယ်ကို လေးစားယုံကြည်မှုတို့ ပြည့်ဝအောင် မြေတောင်မြှောက်ပေးရန် တာဝန်ရှိသည်။

သိမ်ငယ်စိတ်ဝင်နေသူတစ်ဦးသည် မိမိကိုယ်ကိုမိမိ ယုံကြည်မှုမရှိတော့။ ကိုယ့်သိက္ခာ ကိုယ့်တန်ဖိုးကိုလည်း ထားရကောင်းမှန်းမသိတော့ပါ။ ထို့ကြောင့် အောင်မြင်မှုနှင့် ဝေးကွာသွားတတ်ပါ၏။
ပုဂ္ဂိုလ်ရေးတန်ဖိုးဟူသည် မိမိကိုယ်ကို တန်ဖိုးမဲ့သူဟု ထင်နေသူအချို့အတွက်သာမဟုတ်၊ လူ့အဖွဲ့အစည်းဝင်အားလုံးနှင့် ပတ်သက်နေသော အချင်းအရာဖြစ်သည်။ ဒီမိုကရေစီစနစ်ကို လျှောက်လှမ်းကြတော့မည်ဆိုသောအခါ အရေးတကြီးလိုအပ်လာသည်မှာ ပုဂ္ဂိုလ်ရေးရာတန်ဖိုးဖြစ်သည်။ လူတိုင်းသည် မိမိကိုယ်ကိုယ်တန်ဖိုးရှိသူဟု ယုံကြည်လက်ခံပြီး အခြားခံလူများကိုလည်း တန်ဖိုးရှိသူများအဖြစ် သတ်မှတ်လက်ခံနိုင်ပါမှသာ ဤလူ့ဘောင်လောကကြီးသည် ငြိမ်းချမ်းသာယာလာမည်။ အသားအရောင်၊ လူမျိုး၊ ဘာသာများနဲ့ လူ့တန်ဖိုးကိုသတ်မှတ်ပြီး ခွဲခြားဆက်ဆံနေသော လူ့အဖွဲ့အစည်းတစ်ခုသည် မည်မျှပင် ဒီမိုကရေစီဟု အော်ဟစ်အော်ဟစ်၊ ဒီမိုကရေစီ လူ့အဖွဲ့အစည်းမဟုတ်ပါ။ လူ့တန်ဖိုးအစစ်ကို နားလည်နိုင်စွမ်းမရှိသောသူများက လွှမ်းမိုးနေမှုကြောင့်ပင် ထိုသို့ဖြစ်နေခြင်းဖြစ်သည်။ လူ့တန်ဖိုးကို အကဲဖြတ်မှုနှင့် စပ်လျဉ်း၍ လုံးဝတရားမျှတမှုမရှိသော စနစ်ကြောင့်ပင် ဤသို့ဖြစ်နေခြင်းဖြစ်သည်။

လူ့အဖွဲ့အစည်းတစ်ခုကို တဖြည်းဖြည်းပြောင်းလဲရယူဖို့ဟု ဆိုရာတွင် အဓိကအားဖြင့် ပညာရေးပညာရှင်တို့လိုသည်။ အာဏာရှိသူတို့သည် ထိုသူတို့ကို ယုံယုံကြည်ကြည် အပ်နှံရမည်ဖြစ်သည်။ မိမိကိုယ်တိုင် ကမ္ဘာကြီးကို ခေတ်မီမီမကြည့်တတ်သူများသည် ပညာလူ့အဖွဲ့အစည်းကို မြင်နိုင်လောက်သော ကိုယ်ရည်ကိုယ်သွေးမရှိပါ။ ကိုယ်ရည်ကိုယ်သွေး အဆင့်မမီသူများသည် နိုင်ငံ၏ကံကြမ္မာကို ဖန်တီးသူများ၏နေရာတွင် မနေသင့်ပါ။ ထိုသို့သောနေရာတွင် ရောက်နေခြင်းဖြင့် သူလည်းအရာမရောက်သလို၊ နိုင်ငံ၏ အနာဂတ်သည်လည်း မရေမရာ မသေမချာဖြစ်နေတတ်ပါ၏။

ယနေ့ကလေး၊ လူငယ်ကျောင်းသူ ကျောင်းသားများသည် အနာဂတ်လူ့အဖွဲ့အစည်းသစ်ကို စီမံဖန်တီးကြရမည့် ဗိသုကာလေးများဖြစ်သည်။ သူတို့ကို မှန်ကန်စွာ ကြီးပြင်းနိုင်ရန်လိုသည်။ သူတို့ဘ၀တွင် ကြုံတွေ့ရင်ဆိုင်ရမည့် အတားအဆီး အခက်အခဲဟူသမျှတို့ကို ကျော်လွှားပြီး အောင်မြင်မှုကို သိမ်းပိုက်နိုင်ရန်လိုပါသည်။ သည့်အတွက် ဘ၀ကို ကြံ့ကြံ့ခိုင်ခိုင်ရပ်တည်နိုင်မည့် စိတ်အင်အားရှိရန် လိုပါသည်။ သိမ်ငယ်စိတ်၊ နိမ့်ကျစိတ်များဝင်နေသာ ကလေးငယ်တစ်ဦးတွင် ရင်ဆိုင်နိုင်သော စိတ်အရည်အချင်း မရှိနိုင်ပါ။

အဆိုးဆုံးမှာ တာဝန်ရှိသူများကိုယ်တိုင်က လူမမယ်ကလေးအပေါ် လူမျိုးအရ၊ ဘာသာအရ၊ အသားအရောင်အရ၊ ရုပ်ရည်အရ၊ မိဘဆွေမျိုးအသိုက်အ၀န်းအရ ခွဲခြားဆက်ဆံလိုက်ခြင်းပင် ဖြစ်သည်။ ထိုအခါကလေး၏ ရင်တွင်း၌ inferiority complex သည် ချက်ချင်းပေါ်လာတော့သည်။ ထိုသိမ်ငယ်ခံစားမှုသည်ပင် ကလေး၏ အနာဂတ်ကို ရိုက်ချိုးပစ်လိုက်ပါ၏။

လူပင်ဖြစ်သော်လည်း အပယ်ခံဘ၀၊ အနှိမ်ခံဘ၀၊ တန်ဖိုးမဲ့ဘ၀လူသားများအဖြစ် သတ်မှတ်ခြင်းခံရသည့်အခါ အကြမ်းဖက် ရန်လိုတိုက်ခိုက်မှု၊ ဆက်ဆံရေးမတည်ငြိမ်မှု၊ ငြိမ်းချမ်းရေးပျက်ပြားမှုတို့ ဖြစ်ပေါ်လာသည်။
မည်သည့်ဘာသာ၊ မည်သည့်လူမျိုး၊ မည်သည့်မျိုးနွယ်ပင်ဖြစ်ပါစေ လူသားဟူသမျှသည် တန်ဖိုးရှိသည်သာဖြစ်သည်။ လူမျိုးရေးအမြင်ကျဉ်းမှု၊ ဘာသာရေးအယူသည်းမှုများကို အကြမ်းဖက်နည်းဖြင့် အပြုတ်တိုက်၍ ရနိုင်မည်မဟုတ်။ သြဇာရှိသူ၊ သြဇာကြီးသူများက နှစ်သိမ့်ပညာပေးမှု တဖြည်းဖြည်း ပြုပြင်ပေးမှ ရမည်ထင်ပါသည်။ ပုဂ္ဂိုလ်ရေးတန်ဖိုး၊ တစ်နည်းဆိုသော လူ့တန်ဖိုးဆိုသည်က မွေးရာပါ ကိုယ်ပိုင်လက္ခဏာများဖြင့် ရှိသူကရှိပြီး မရှိသူက မရှိဟူ၍ မဖြစ်စကောင်းပါ။ လူအဖြစ်မွေးလာပြီးကတည်းက လူ့တန်ဖိုးက ပါပြီးဖြစ်သည်။

မည်သို့ပင်ဆိုစေ ကလေးသည် တိုင်းပြည်၏ အနာဂတ်ဖြစ်သည်။ ကျောင်းသည် ဗိသုကာကောင်းများ မွေးထုတ်ရာနေရာဖြစ်သည်။ မိဘနှင့်ဆရာများသည် ကလေးတစ်ယောက်၊ အနာဂတ်ပညာလူ့အဖွဲ့အစည်းတွင် အရာရောက်သော လူသားတစ်ဦးဖြစ်လာစေရန်အတွက် သူတို့ကို မိမိကိုယ်မိမိ ယုံကြည်စိတ်ရှိလာအောင် ကိုယ့်သိက္ခာကိုကိုယ် လေးစားစိတ်တို့ ဖြစ်ပေါ်လာအောင် ပြုလုပ်ပေးရမည်။ သို့မှသာ ယနေ့အချိန်၌ ဆင်းရဲတွင်းနက်နေသော မြန်မာနိုင်ငံသည် တစ်နေ့တွင် တန်းမီ၊ အဆင့်မီနိုင်ငံတစ်နိုင်ငံ ဖြစ်လာမည် ဖြစ်သည်။

Eleven Media Group