ထိုင်းဝန်ကြီးချုပ်ကို တာဝန်ပျက်ကွက်မှုဖြင့် တရားစွဲမည် ပြစ်မှု ထင်ရှားလျှင် နုတ်ထွက်ရဖွယ်ရှိ

ပို့စ်တင်ချိန် - 2/19/2014 08:30:00 PM



ဘန်ကောက်၊ ဖေဖော်ဝါရီ ၁၈

ဆန်စပါး စိုက်ပျိုးရေး အမတော်ငွေဆိုင်ရာ ကိစ္စရပ်နှင့် ပတ်သက်ပြီး ထိုင်းဝန်ကြီးချုပ် ယင်းလပ်ရှင်နာဝပ်ထရာကို တာဝန်ပျက်ကွက်မှုဖြင့် တရားစွဲဆိုရန် အစီအစဉ်ရှိပြီး အကယ်၍ ပြစ်မှုထင်ရှားပါက ရာထူးမှ ထုတ်ပယ်ခံရဖွယ် ရှိကြောင်း ထိုင်းနိုင်ငံ အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေး အဖွဲ့အစည်းက ကြေညာခဲ့ကြောင်း AFP သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ယင်းလပ်အစိုးရ၏ ဆန်စပါးရေးရာ မူဝါဒသည် အကျင့်ပျက် ခြစားမှုများ ဖြစ်နိုင်ပြီး ဘဏ္ဍာရေးအရ ဆုံးရှုံးမှုများ ဖြစ်နိုင်သည်ဟု သတိပေးချက်များကို ယင်းလပ်က လျစ်လျူရှုခဲ့သည်ဟု အမျိုးသားအဆင့် အကျင့်ပျက် ခြစားမှု တိုက်ဖျက်ရေး ကော်မရှင်က ကြေညာချက်တစ်ရပ် ထုတ်ပြန် ခဲ့သည်။

တရားစွဲဆိုမှုကို ခုခံရန်အတွက် ဖေဖော်ဝါရီလ ၂၇ ရက်နေ့တွင် တရားရုံးသို့ လာရောက်ရန် ယင်းလပ်ကို ဆင့်ခေါ်ထားပြီး ဖြစ်သည်ဟု သတင်းများက ဆိုသည်။

ထိုင်းအစိုးရ၏ ဆန်မူဝါဒသည် လယ်သမားများကို ဈေးကွက်ပေါက်ဈေးထက် ပိုရအောင် လုပ်ဆောင် ပေးထားသည့် အစီအစဉ်ဖြစ်ကာ ယင်းအစီအစဉ်ကို အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြသမားများက ဒေါသ ထွက်ခဲ့ကြသည်။

ယင်းစနစ်သည် အကျင့်ပျက် ခြစားမှု များကို ဖြစ်စေကြောင်း၊ ပြည်သူ့ဘဏ္ဍာများ ပိုမိုကုန်ကျကြောင်းနှင့် မရောင်းရသောဆန်များ ပုံနေစေကြောင်း မလိုလားသူများက ထောက်ပြကြသည်။

အဓိကရုဏ်းရဲများနှင့် အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြသမားများ မြို့တော် ဘန်ကောက်တွင် ထိပ်တိုက် တိုက်ခိုက်မှုများ ဖြစ်ခဲ့ရာမှ ရဲတစ်ဦးနှင့် လူတစ်ဦး သေဆုံးကာ ဒါဇင်ပေါင်းများစွာ ဒဏ်ရာရရှိသွားသည့် သတင်းထွက်လာပြီးနောက် ဝန်ကြီးချုပ်ကို တရားစွဲဆိုမည့် ထုတ်ပြန်ချက် ထွက်လာခြင်း ဖြစ်သည်။

ယင်းလပ်အစိုးရကို မနှစ်သက်သူများက ၎င်းသည် အစ်ကိုကြီးဖြစ်သူ ပြည်ပြေး ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ထရာက လက်ရှိအစိုးရကို နောက်ကွယ်မှ ကြိုးကိုင်နေကြောင်း ယုံကြည်ကြသည်။

လူကြိုက်များသော ပေါ်လစီများဖြင့် အခွန်ထမ်း ပြည်သူများ၏ ပိုက်ဆံကိုသုံးကာ ကျေးလက်နေ မဲဆန္ဒရှင်များ၏ ထောက်ခံမှုကို ဝယ်ယူကြောင်း သက်ဆင်အုပ်စုကို မလိုလားသူများက စွပ်စွဲထားကြသည်။

ထိုင်းနိုင်ငံတွင် အတိုက်အခံ များကလည်း အစိုးရ အဆောက်အအုံများကို ဝင်သိမ်းခြင်း၊ ရွေးကောက်ပွဲကို သပိတ်တားခြင်းစသည့် လမ်းမပေါ် လှုပ်ရှားမှုများ ပြုလုပ်ခဲ့ပြီး ပြီးခဲ့သည့် ပါလီမန် ရွေးကောက်ပွဲကိုလည်း သပိတ်မှောက်ခဲ့ကြသည်။

၎င်းတို့က နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများ လုပ်ပြီးမှသာ ရွေးကောက်ပွဲ လုပ်သင့်ကြောင်း ထောက်ပြထားကြပြီး ၎င်းတို့ ဖွဲ့စည်းမည့် ပြည်သူ့ကောင်စီက ကြားဖြတ်အစိုးရအဖြစ် တာဝန်ယူသင့်သည်ဟု တောင်းဆိုထားကြသည်။

The Voice Weekly