ဆင်းကတ် ၁၅၀၀၊ ဆက်သွယ်ခ အလွန်ဈေးချိုမည်ဟု အော်ရီဒူးပြော

ပို့စ်တင်ချိန် - 2/19/2014 05:11:00 PM


မြန်မာနိုင်ငံ ဆက်သွယ်ရေးလုပ်ငန်းမှာ အော်ပရေတာ လုပ်ခွင့်ရထားတဲ့ ကာတာ အခြေစိုက် အော်ရီဒူးကုမ္ပဏီဟာ ၂၀၁၄ ဇူလိုင်ဝန်းကျင်မှာ ဆင်းကတ်တွေ စရောင်းပေးသွားမှာ ဖြစ်ပြီး ကတ် ၁ ခု ကျပ် ၁၅၀၀ ပဲ သတ်မှတ်မယ့်အပြင် ဖုန်းပြောဆိုခတွေကိုလည်း ချိုသာတဲ့ ဈေးနှုန်း သတ်မှတ်ပေးသွားမယ်လို့ အော်ရီဒူးကုမ္ပဏီက ပြောပါတယ်။

ဖေဖော်ဝါရီ ၁၈ ရက်နေ့ ရန်ကုန် အင်းလျားလိတ်ဟိုတယ်မှာ လုပ်တဲ့ ဒုတိယအကြိမ် တယ်လီကွန်း အခြေခံအဆောက်အဦ ဆန်းမစ် ၂၀၁၄ အစည်းအဝေးမှာ အော်ရီဒူး ရဲ့ မြန်မာနိုင်ငံဆိုင်ရာ စီအီးအို မစ္စတာ ရော့စ် ကော့လ်မတ် (Mr.Ross Cormack) က ခုလို ပြောလိုက်တာ ဖြစ်ပါတယ်။

မိုဘိုင်းဖုန်း ချပေးတဲ့အခါမှာလည်း အော်ရီဒူးက ၀န်ဆောင်မှုပေးတဲ့ ဘယ်နေရာမှာဖြစ်ဖြစ် 3G ကွန်ရက်နဲ့ ၀န်ဆောင်မှု ပေးသွားမယ်လို့ သူက ကတိပြုပြောဆိုပါတယ်။

ခုချိန်မှာတော့ ဆက်သွယ်ရေးအော်ပရေတာ လိုင်စင်ရထားတဲ့ အော်ရီဒူးရော၊ နော်ဝေ အခြေစိုက် တယ်လီနောတို့ပါ မြန်မာနိုင်ငံအနှံ့ ဆက်သွယ်ရေး တာဝါတိုင်တွေ စိုက်ထူနေကြောင်း သိရပါတယ်။

 DVB Burmese