၁၀ တန်းမအောင် မပူပေါင် ဟိုလူကြီးတောင် ဒေါက်တာဖြစ်သေး

ပို့စ်တင်ချိန် - 7/05/2014 08:57:00 AM


‘သမီးက အောင်သလား’

‘အောင်တယ် ပြောတာပဲ’

‘ဟောဗျာ၊ အောင်စာရင်းကြည့်လာပြီး မကြည့်ဘူးလား’

‘ဟင့် ဟင်၊ မကြည့်ဘူး’

‘ဒါဆို သမီးအောင်တယ်လို့ ဘယ်သူကပြောတာလဲ’

‘သူငယ်ချင်တွေ၊ သူတို့ပြောကြတာ’

‘ဟောဗျာခက်ပြီ၊ ကိုယ့်အောင်စာရင်းကို ကိုယ်တိုင်မကြည့်ရဘူးဆိုတော့ တယ်ခက်ပါလား’

‘ဂုဏ်ထူးပါသေးလား’

‘တစ်ဘာသာပါတယ် ပြောတာပဲ’

‘ဒါကိုဒေါသဖြစ်နေတယ်ထင်တယ်၊ သမီးက ဘယ်နှဘာသာဂုဏ်ထူးမှန်းထားတာလဲ’

‘သမီး အဖြေတိုက်တုန်းက လေးဘာသာ၊ ငါးဘာသာဂုဏ်ထူးရမယ်လို့ ဆရာမကလည်း ပြောထား တာ၊ အခုတစ်ဘာသာဆိုတော့ ဘာမှလုပ်မရဘူး၊ ကျတာကမှ နောက်နှစ်ပြန်ဖြေရင်ရဦးမယ်၊ ကျတာ ထက်ဆိုးတယ်’

‘သမီးကဆရာဝန်လုပ်ချင်တာလား။’

‘သမီးက ဆရာဝန်တော့ မမှန်းပါဘူး၊ သူနာပြုလုပ်ဖို့မှန်းထားတာ၊ ဘာလွဲသွားသလဲ မပြောတတ်ပါဘူး’၊ ‘စိတ်အားမငယ်ပါနဲ့သမီးရယ်၊ ဘယ်ဘာသာပဲဖြစ်ဖြစ်၊ ထူးချွန်အောင်သာကြိုးစားပါ’ ဟုပြောလိုက်ရ သည်။

‘အောင်တယ်ကွ၊ အောင်တယ်၊ ဟေ့ကောင်မင်းလည်းအောင်တယ်၊ လာကြသွားစားကြမယ်၊ သောက် ကြမယ်’

‘ဂျပုမလေးလည်း အောင်တယ်ကွ’

‘မအောင်ပါဘူးကွ၊ ငါနဲ့မနက်ကတွေ့တော့ မေးကြည့်တာကျတယ်တဲ့၊ ကျအောင်ဖြေခဲ့တာတဲ့၊ သင်္ချာမ ရဘူးပြောတယ်’

‘မင်းကိုလိမ်ပြောတာ၊ သူ့ခုံနံပါတ်ငါသိတယ်၊ ငါနဲ့သုံးယောက်ခြားတာ၊ ဂျပုမလေးအောင်တယ်၊ လာ လာဂေဇက်ကို ငါပြမယ်’

‘အလကားပါကွာ၊ သူကလည်းလေးဘာသာဂုဏ်ထူးမှန်းထားတာ အခုတစ်ဘာသာမှ ဂုဏ်ထူးမပါလို့ ဒေါသဖြစ်နေတာ’

၇-၆-၂၀၁၄ ရက် နံနက်ကဖြစ်ပါ၏။ စာရေးသူ၏မြေးလည်း ၁၀ တန်းဖြေထားသဖြင့် အောင်စာရင်းကို စာရေးသူကိုယ်တိုင်သွားပြီး ကြည့်နေခြင်းဖြစ်သည်။ စာရေးသူ၏ မြေးလည်းဘာဂုဏ်ထူးမှ မပါဝင်ပါ။ သူကအစကတည်းက ဂုဏ်ထူးမမှန်း၊ ရိုးရိုးအောင်မည်ဟု ပြောသည်။ ၁၀ တန်းအောင်သည်အထိ တစ်နှစ်မှမကျဘူး။ ဒါကိုပင် သူ၏မိဘတွေက ဝမ်းသာမဆုံးဖြစ်နေသည်။

စာရေးသူသည် မြန်မာနိုင်ငံမှာ ကလေးတွေ၏ ပညာရေးကိုစဉ်းစားနေမိတော့သည်။ ဒါနဲ့ပဲစာအုပ်စင် ပေါ်မှ စာအုပ်အနီကြီး Staistical Year Book 2010 ကိုဆွဲချပြီး ပညာရေးကဏ္ဍကို ဖွင့်ကြည့်မိပါတော့ ၏။

မြန်မာနိုင်ငံတွင် ပညာသင်ကြားနေကြသော အခြေခံပညာကျောင်းသားဦးရေ

(က)    မူလတန်းကျောင်းသားပေါင်း ၅၀၁၃၅၈၁-၆၆ ရာခိုင်နှုန်း

(ခ)     အလယ်တန်းကျောင်းသားပေါင်း ၂၀၄၇၇၉၆-၂၆ ရာခိုင်နှုန်း

(ဂ)     အထက်တန်းကျောင်းသားပေါင်း ၆၃၈၄၀၂-၈ ရာခိုင်နှုန်း

စုစုပေါင်း ၇၆၉၉၇၇၉-၁၀၀ ရာခိုင်နှုန်း

ဤစာရင်းသည် ဘုန်းကြီးကျောင်းတွေမှာ ပညာသင်နေသော ကလေးများမပါဝင်ပေ။ ပညာသင်နေ သော ကလေးများမပါဝင်ပေ။ ဘာသာရေးကျောင်း၊ လူမှုရေးကျောင်း၊ အလွတ်သင်ကျောင်းများတွင် စာသင်နေကြသော ကျောင်းသား၊ ကျောင်းသူများစာရင်းလည်း မပါဝင်ပေ။

အကြမ်းဖျင်းခြုံငုံကြည့်လျှင် မြန်မာနိုင်ငံလူဦးရေ၏ ၁၀ ရာခိုင်နှုန်းသည် စာသင်ခန်းများအတွင်းရှိနေ သည်။ မူလတန်းတွင် ငါးသန်းရှိသော်လည်း အထက်တန်းကျောင်းများတွင် ခြောက်သိန်းကျန်တော့ သဖြင့် လေးသန်းကျော်မှာ မူလတန်း၊ အလယ်တန်းအဆင့်မှာပင် ကျောင်းထွက်ကြရသည်။ သုံးသန်း မှာ မူလတန်းအဆင့်မှာပင် ကျောင်းထွက်ကြရသည်။

အထက်တန်းအဆင့်တွင်လည်း ၁၀ တန်းစာမေးပွဲတွင် ဖြေဆိုသူငါးသိန်းကျော်ရှိသော်လည်း နှစ်စဉ် တစ်သိန်းအောင်သဖြင့် ကျောင်းသားလေးသိန်းမှာ ကျောင်းထွက်ကြရပြန်သည်။ တက္ကသိုလ်ကျောင်း သားတစ်ဦးဖြစ်ဖို့မှာ ကံကောင်းမှဖလောင်းဖားဖြစ်သလို ခက်ခဲလှပါ၏။ တက္ကသိုလ်ရောက်သွားလျှင် တော့တတ်သည်ဖြစ်စေ၊ မတတ်သည်ဖြစ်စေ အအောင်ပေးလိုက်ကြသည်။ ငွေပေးလျှင်အောင်တာပဲ ဟုဆိုသည်။

သာမန်ဘွဲ့တွေကို မဆိုနှင့်၊ ပါရဂူဒေါက်တာဘွဲ့ရသူများ စာရင်းမှာပင် ၂၀၀၆-၂၀၀၇ ခုနှစ်တွင် ၁၄၃၆ ဦး၊ ၂၀၀၇-၂၀၀၈ ခုနှစ်တွင် ၇၇၃ ဦး၊ ၂၀၀၈-၂၀၀၉ ခုနှစ်တွင် ၅၂၇ ဦး၊ ၂၀၀၉-၂၀၁၀ ပြည့်နှစ်တွင် ၆၉၀ ပေါ်ထွက်ခဲ့သည်ဟုဆိုသဖြင့် လေးနှစ်အတွင်း ဒေါက်တာဘွဲ့ရသူ ၃၄၂၈ ဦးပေါ်ထွက်ခဲ့သည်။ ထို့ကြောင့်ပင် ဒီဒီဟိုဟိုတက္ကသိုလ်မြင်မြင်သမျှ ပါမောက္ခ၊ ဆရာဖြစ်မူ ပါရဂူဟု တက္ကသိုလ်ပညာရေး လောကမှစာဆိုထွက်လာပါသည်။

ဤမျှပညာရှင်တွေ မွေးထုတ်ပေးနေပါသော်လည်း နိုင်ငံတော်၏ စီးပွားရေးမှာတစ်နေ့တခြားနိမ့်ကျလာ နေပါသည်။ ပညာရေးသည် နိုင်ငံ၏စီးပွားရေးကို အထောက်အကူပြုရပါမည်။ မြနမာနိုင်ငံ၏ ပညာရေး ကတော့ စီးပွားရေးနှင့်ဆက်စပ်မှုလုံးဝမရှိ။ ယခုတော့ ပညာရေးနှင့်စီးပွားရေးက ပြဒါးတစ်လမ်း၊ သံ တစ်လမ်းဖြစ်နေသည်။

အထက်တန်းနှင့် အခြေခံပညာရေးအဆင့်မှ ကျောင်းထွက်ခဲ့ရသူများသည် ဂုဏ်သိက္ခာရှိရှိနှင့် လူ့ဘဝ ထဲမှာနေနိုင်အောင် စုပေါင်းအဖြေရှာသင့်ကြပြီ။ ထိုကိစ္စကို ပညာရေးလောကမှ အငြိမ်းစားယူထားကြ သော ပါမောက္ခ၊ ညွှန်/မှူး ဆရာအတတ်သင်ကျောင်းအုပ်ကြီး၊ မြို့နယ်ပညာရေးမှူး၊ အထက်တန်းပြ ဆရာကြီးများနှင့် ဆွေးနွေးမေးမြန်းကြည့်ခဲ့သည်။

ပညာရေးလောကမှာ အဆုံးအဖြတ်ညွှန်ကြားပေးနိုင်သည့် ရာထူးများတွင်စစ်ဗိုလ်များရှိသေးသရွေ့ ပညာရေးပြုပြင်ရန် မဖြစ်နိုင်ဟုဆရာကြီးတစ်ဦးက ဥပမာများဖြင့်ပြောပြသည်။ ပညာရေးပြုပြင်ပြောင်း လဲလျှင် စာမေးပွဲစနစ်နှင့် မေးခွန်းစနစ်ပြောင်းလဲရမည်။ သင်ထောက်ကူပစ္စည်း ဥပမာ-မှန်ဘီလူးလုံလုံ လောက်လောက်ရှိရမည်။ ကျောင်းသား၊ ကျောင်းသူ ၁၀၀ အတွက် မှန်ဘီလူးတစ်လက်နှုန်းလောက် နှင့်သင်ရတာ ဘာမျှတတ်အောင် မသင်ကြားနိုင်ကြောင်း ပါမောက္ခကြီးကပြောပြသည်။

ပညာရေးတက္ကသိုလ်များအတွက် တိုးရသည့်ဘတ်ဂျက်များကို ကျောင်းတွေဆောက်ပစ်တာ သဲထဲရေ သွန်ပစ်တာပဲ။ သင်ထောက်ကူပစ္စည်းတွေဝယ်ရမည်။ ဆရာ၊ ဆရာမတွေကို လေ့ကျင့်သင်ကြားပေးရ မည်ဖြစ်သည်။ နိုင်ငံခြားကို ပညာသင်တွေများများလွှတ်ရမည်။ ကျောင်းများကောင်းလာရုံနှင့် ပညာ ရေးမတိုးတက်နိုင်၊ သင်ကြားရေးကောင်းမှ ပညာရေးတိုးတက်မည်ဖြစ်သည်။

ဒါဟာလည်း လွဲမှားသည့်စီမံချက်တွေပဲဟု တစ်ဦးကပြောသည်။ ဒါကလည်းစစ်ဗိုလ်တွေဝင်ရှုပ်တာပဲ ဟု တစ်ဦးကဆွေးနွေးလာပြန်သည်။ ‘ဒါကတော့ ဆရာရယ်၊ ပညာရေးမှာမှ မဟုတ်ပါဘူး။ အုပ်ချုပ်ရေး ပိုင်းတွေမှာလည်း စစ်ဗိုလ်ဟောင်းတွေဝင်ရှုပ်နေတာပဲ’ ဟုတစ်ဦးက ဆိုလာပြန်သည်။ အခုရွေး ကောက်ပွဲကော်မရှင်တွေဆိုပြီး စစ်ဗိုလ်တွေခန့်လိုက်ပြန်ပြီ။ ရှုပ်ကြဦးမည်။ စစ်တပ်မှာဗိုလ်သင်တန်းလို့ သာခေါ်တာ။ တပည့်လုပ်နည်း သင်တန်းပဲဗျ။ အမိန့်နာခံဖို့ပဲ ရိုက်သွင်းထားတာ။ ရေဘူးပေါက်တာကို မပြောနဲ့၊ ရေပါတာပဲ လိုချင်တယ်ဆိုသည် စစ်ဗိုလ်တွေပြောနေကျ စကားပဲဗျ။ ရေဘူးကိုမဖာဘဲနှင့် ဘယ်လိုလုပ်ပြီး ရေပါမှာလဲ။ သူတို့မှာမဖာဘဲနှင့်ဘယ်လိုလုပ်ပြီး ရေပါမှာလဲ။ သူတို့မှာ ကိုယ့်ဦးနှောက် ကခန်းခြောက်နေပြီ။ စစ်ဗိုလ်သင်တန်းဆင်းရင် စစ်တိုက်ရာမှာပဲ သုံးပါ။ တခြားဌာနတွေမှာ မသုံးပါနဲ့။ စစ်ဗိုလ်တွေကို မလိုတော့ရင် လျော်ကြေးပေးပြီး အငြိမ်းစားပေးလိုက်ပါ။ ဟိုဌာန ပို့၊ ဒီဌာနပို့မလုပ်သင့် တော့ပါဘူး’ ဟုလည်းဆွေးနွေးခဲ့ကြသည်။

ပညာရေးဌာန၊ ပညာရေးစနစ်ကိုတကယ်ပြုပြင်ချင်ရင်ဗျာ ဘယ်နိုင်ငံ၊ ဘယ်တက္ကသိုလ်ပုံစံကို ယူမလဲ။ လွှတ်တော်မှာဆုံးဖြတ်ပါ။ အဲဒီတက္ကသိုလ်ပုံစံကိုသာယူလိုက်၊ မြန်မာ့နည်းမြန်မာ့ဟန်တွေမလုပ်နဲ့ လုပ်ရင်မှားမယ်။ မအောင်မြင်ဘူး။ စနစ်သစ်ဆိုပြီး ကျွန်တော်တို့ပြင်ခဲ့ကြတာ ခုနှစ်ကြိမ်ရှိပြီ။ ဘယ် စနစ်မှမကောင်းဘူး။ ဥပမာ-အောက်စ်ဖို့တက္ကသိုလ်ပုံစံယူမလား၊ ဟားဗတ်တက္ကသိုလ်ပုံစံ ယူမလား၊ ကိန်းဘရစ်တက္ကသိုလ်ပုံစံယူမလား စသည်ပေါ့ဗျာ။

အဲဒီတက္ကသိုလ်ကို သွားကြည့်၊ အဲဒီတက္ကသိုလ်က ဆရာကြီးတွေထံ အကူအညီတောင်းရင်ရပါတယ်။ လွယ်ပါတယ်။ အဲဒါပေမဲ့ဒေါ်အောင်ဆန်းစုကြည်လုပ်မှဖြစ်မှာ။ နောက်ဆုံးတော့ အဲဒီဗိုလ်ချုပ်တွေ ကျောင်းပဲပြန်ရောက်သွားတာပါပဲဗျာ။ စစ်ဗိုလ်တွေအုပ်ချုပ်နေသမျှ တိုင်းပြည်ဘယ်တော့မှ မတိုးတက် နိုင်ဘူးဟု သဘောတူကြရပါတော့၏။ ဘုရားကားအောက် မျောက်ကားအထက်စနစ်ကို ပြောင်း အောင်၊ တော်လှန်ပစ်မှသာ တိုင်းပြည်တိုးတက်မှာပဲဟု မှတ်ချက်ချကြပါတော့၏။

‘ဒေါ်အောင်ဆန်းစုကြည် ဘယ်လိုပညာရေးစနစ်ကို လိုချင်ပါသလဲ’ ဟု ဥရောပခရီးစဉ်တွင်မေးကြ သည်။ ‘ကျွန်မလိုချင်တဲ့ ပညာရေးစနစ်က ဘဝစိန်ခေါ်မှုတွေကို ဖြေရှင်းနိုင်တဲ့ ပညာရေးစနစ်ပါ’ ဟု တိုတိုရှင်းရှင်းဖြေခဲ့သည်။ ဘယ်အဆင့်၊ ဘယ်အတန်းနဲ့ပဲကျောင်းထွက်ရ၊ ထွက်ရကျောင်းကသင်ပေး လိုက်တဲ့ပညာနဲ့ ဘဝစိန်ခေါ်မှု၊ စီးပွားရေးစိန်ခေါ်မှု၊ လူမှုရေးစိန်ခေါ်မှု၊ ဘာသာရေးစိန်ခေါ်မှု၊ နိုင်ငံရေး စိန်ခေါ်မှုစတာတွေကို ဖြေရှင်းပေးနိုင်မည့် ပညာရေးစနစ်ကိုဆိုလိုသည်။ ခိုး၊ ဝှက်၊ လိမ်၊ လု မတရား သိမ်းယူလို့ ကြီးပွားသွားကြသည့် ပညာရေးစနစ်ကို မလိုချင်ဟုလည်း ဆိုလိုသည်။

မနေ့ကပဲ စာရေးသူ၏ အလုပ်သမားမိသားစုတစ်စုရောက်လာပြီး ငွေကျပ်နှစ်သိန်းချေးပေးရန် ပူဆာ လာသည်။ ဘာလုပ်ဖို့လဲမေးတော့ သားက ၁၀ တန်းစာမေးပွဲကျတာ မော်တော်ဆိုင်ကယ်မရှိလို့ဟု ပြောပြီး ကြိမ်းမောင်းသွားသဖြင့် ရွာပြန်ပြီးမြေပဲခင်းပေါင်ထားတာကို ငွေထပ်တောင်းတော့ ကျပ်တစ် သိန်းရခဲ့သည်။ ယခုကျပ်နှစ်သိန်းလိုနေသဖြင့် ဆရာကြီးထံအကူအညီတောင်းရတာပါဟု ဆို၏။

အေးဗျာ၊ ခင်ဗျားသားကို ဆိုင်ကယ်ဝယ်ပေးရင် ဓာတ်ဆီဖိုးက တစ်နေ့ကျပ်တစ်ထောင်ကုန်ဦးမယ်။ ကျူရှင်လခက တစ်လကျပ်တစ်သောင်း၊ နှစ်သောင်းကုန်ဦးမယ်။ စဉ်းစားကြပါကွာ။ ကျောင်းမတက် ချင်ရင်ကျောင်းထုတ်လိုက်၊ ၁၀ တန်း မအောင်တဲ့လူတွေတောင် ငွေရှိရင်ဒေါက်တာဘွဲ့ရပြီး လွှတ် တော်အမတ်ကြီးတွေဖြစ်နေတဲ့ ခေတ်ပဲဗျဟု ဘုကျကျပြောလိုက်ရပါတော့၏။

၁၀ တန်းမအောင် မပူပေါင်၊ ဟိုလူကြီးတောင် ဒေါက်တာဖြစ်သေးဆိုတဲ့ စာလေးမှတ်ပြီး ပြန်ကြဗျာ။ ဆိုင်ကယ်ဝယ်မယ့်ပိုက်ဆံသုံးသိန်းနဲ့ စီးပွားရေးလုပ်ငန်းတစ်ခုလုပ်ကြ။ ငါးပေါင်းကြော်ဆိုင်လုပ်မလား။ ကွမ်းယာဆိုင်လုပ်မလား၊ ဂျာနယ်၊ သတင်းစာအရောင်းဆိုင်ဖွင့်မလား၊ ကွန်ပျူတာသင်မလား၊ အလုပ် လုပ်ကြ။ ငွေချေးပေးမယ်ဟု ပြောလိုက်ရပါတော့၏။

စံတော်ချိန်သတင်းစာ

ဇွန် (၁၃) ရက်၊ ၂၀၁၄ ခုနှစ်