အာရဗီစာသင်ကျောင်း ဖျက်ခံရသည်မှာ မဟုတ်ဟု မန္တလေးတိုင်းရဲတပ်ဖွဲ့ပြော

ပို့စ်တင်ချိန် - 7/05/2014 03:28:00 PM


ယုဝေ၊ ခင်မြတ်မြတ်ဝေ

ရန်ကုန်၊ မဇ္ဈိမ။ ။ မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ် အေးရိပ်ငြိမ် သုဿန်အနီးရှိ အာရဗီစာသင်ကျောင်းတစ်ခုကို ဇူလိုင် ၄ ရက် ညနေပိုင်းက ဖျက်ဆီးခံရသည်မှာ မဟုတ်ဘဲ လုံခြုံရေး အခြေအနေလည်း ပုံမှန်ပင်ဖြစ်သည်ဟု မန္တလေးတိုင်း ရဲတပ်ဖွဲ့မှူးရုံးက တာဝန်ကျ ရဲအရာရှိတစ်ဦးက မဇ္ဈိမကို ပြောသည်။

“လောလောဆယ် အခြေအနေက အေးဆေးပဲ။ စာသင်ကျောင်း အဖြိုခံရတယ်ဆိုတာလည်း မဟုတ်ဘူး။ လုံခြုံရေး အခြေအနေလည်း ပုံမှန်အတိုင်းပါပဲ" ဟု အမည်မဖေါ်ပြသည့် အထက်ပါ ရဲအရာရှိက မဇ္ဈိမကို တယ်လီဖုန်းမှတစ်ဆင့် ဖြေကြားခဲ့ခြင်းဖြစ်သည်။

မန္တလေးမြို့ခံ တစ်ဦးဖြစ်သည့် ဦးကိုကိုလေးကမှု မဇ္ဈိမအား အစောပိုင်းက ပြောရာတွင် “နာရေးပို့ပြီး အပြန်မှာ သုဿာန်ထဲက အာရဗီ စာသင်ကျောင်းတစ်ခု အဖြိုခံရတယ်။ အဲ့နေရာမှာ လုံထိန်းနဲ့ စစ်တပ်တွေကို လုံခြုံရေးတိုးမြှင့် လာတာတွေ့တယ်”ဟု ပြောသည်။

မန္တလေးမြို့ ပဋိပက္ခတွင် ဇူလိုင် ၃ ရက် နံနက်က သေဆုံးခဲ့သည့် ကိုထွန်းထွန်း၏ ဈာပနကို ဇူလိုင်လ ၄ ရက် နေ့လည် ၁ နာရီက ပုသိမ်ကြီးမြို့နယ် အေးရိပ်ငြိမ်သုသာန်သို့ ဒေသခံ အမြောက်အမြား လိုက်ပါပို့ဆောင်ခဲ့သည်။

မန္တလေးမြို့၌ ည ၉နာရီမှ နံနက် ၅နာရီအတွင်း ညမထွက်ရအမိန့်ကို ဇူလိုင် ၃ရက် ညနေမှ စကာ ထုတ်ပြန်ထားပြီး ဇူလိုင် ၄ရက် ညနေတွင် မန္တလေးမြို့အတွင်းရှိ ပုသိမ်ကြီးမြို့နယ်ကိုပါ ညမထွက်ရအမိန့် ထပ်တိုးသတ်မှတ်လိုက်သည်။