ဘာသာရေးပဋိပက္ခ ဖြစ်စဉ်များ၌ သတင်းသမားများပင် အလွယ်တကူ မရရှိနိုင်သော သေဆုံးသူများ၏ လတ်လတ်ဆတ်ဆတ် ဓာတ်ပုံများ ထွက်ပေါ်နေခြင်းအပေါ် ဂျာနယ်လစ်များနှင့် သတင်းထောက်များ မေးခွန်းထုတ်

ပို့စ်တင်ချိန် - 7/05/2014 01:31:00 PM



သစ်ထူးလွင် ၀က်ဘ်ဆိုက်တွင် စတင်ဖော်ပြခဲ့သော သတင်းနှင့် မန္တလေးပဋိပက္ခဖြစ်စဉ်တွင် အသတ်ခံခဲ့ရသူများ၏ ဖေ့စ်ဘုတ်ခ်စာမျက်နှာများတွင် ပျံ့နှံ့နေသည့် ဓာတ်ပုံအချို့

မန္တလေးမြို့ ပဋိပက္ခဖြစ်စဉ် အပါအ၀င် မြန်မာနိုင်ငံ၌ ဖြစ်ပေါ်ခဲ့သော ဘာသာရေးပဋိပက္ခ ဖြစ်စဉ်များ၌ သတင်းသမားများပင် အလွယ်တကူ မရရှိနိုင်သော သေဆုံးသူများ၏ လတ်လတ်ဆတ်ဆတ်ဓာတ်ပုံများ ထွက်ပေါ်နေခြင်းအပေါ် ဂျာနယ်လစ်များနှင့် သတင်းထောက်များ မေးခွန်းထုတ်မှုများရှိနေကြောင်း စုံစမ်းသိရသည်။

ယင်းကဲ့သို့ ပဋိပက္ခဖြစ်စဉ်များမှ သေဆုံးသူများ၏ဓာတ်ပုံများကို ဖြစ်စဉ်များဖြစ်ပွားပြီး အချိန်တိုအတွင်း အင်တာနက်ဝက်ဘ်ဆိုက် စာမျက်နှာများပေါ်၌ ဖေါ်ပြခဲ့ခြင်းကြောင့် ပဋိပက္ခဖြစ်စဉ်များကို ပိုမိုကြီးထွားစေခဲ့သည်ကိုလည်း တွေ့ရှိရသည်။

လက်ရှိဖြစ်ပေါ်နေသည့် မန္တလေးပဋိပက္ခဖြစ်စဉ်အား စတင်ကြီးထွားစေခဲ့သည့် သတင်းနှင့်ဓာတ်ပုံများမှာ အင်တာနက် စာမျက်နှာများပေါ်ရှိ သစ်ထူးလွင်ဝက်ဘ်ဆိုက်၌ ဖော်ပြခဲ့ခြင်းမှ အစပြုခဲ့ခြင်းဖြစ်သည်။

“တချို့မှုခင်းသတင်းဓာတ်ပုံတွေဟာ မီဒီယာသမားတွေတောင် အလွယ်တကူမရှိနိုင်ဘူး။ အဲဒါကို တချို့အွန်လိုင်းမီဒီယာတွေက အလွယ်တကူရနေတယ် ဆိုတဲ့အပေါ် ဒါကတော့ ရှင်းပါတယ်။ အလွယ်တကူ မရနိုင်ဘူး ရနိုင်တဲ့လူဟာ ဘယ်သူတွေလဲဆိုတာ။ အဲလိုရနိုင်တဲ့လူတွေက တင်နေတာပေါ့ဗျာ။ ရနိုင်တဲ့သူတွေကတော့ ရဲတပ်ဖွဲ့နဲ့ သက်ဆိုင်တဲ့သူတွေ ဖြစ်မှာပေါ့။ ကျွန်တော်  မီဒီယာတွေ စိုးရိမ်စရာတစ်ခုရှိတာက မှုခင်းသတင်းဓာတ်ပုံတို့ ဘာတို့ဆိုတာက ကျင့်ဝတ်နဲ့တည်းဖြတ်ပြီးတော့မှ ဖော်ပြသင့်မှ ဖော်ပြရတာကိုး။ အဲတော့ ကျင့်ဝတ်နားမလည်တဲ့သူတွေ ဒီလိုလုပ်လာရင် မီဒီယာတွေအပေါ်မှာ လူတွေအထင်လွဲသွားနိုင်တယ်” ဟု The Voice Daily အယ်ဒီတာချုပ် ကိုကျော်မင်းဆွေက ဆိုသည်။

“နောက်တစ်ချက်က အွန်လိုင်းပေါ်မှာရော ပရင့်မှာရော သက်ဆိုင်ရာအစိုးရနဲ့ပဲဖြစ်ဖြစ် ရဲတပ်ဖွဲ့နဲ့ပဲဖြစ်ဖြစ် အဲလိုနီးစပ်တဲ့သူတွေ မီဒီယာလောကထဲ အရေခြုံဝင်လာနိုင်တာတွေ ရှိတယ်။ အဲဒီလိုဝင်လာတဲ့သူတွေက ပရော်ဖက်ရှင်နယ် မီဒီယာသမားတွေ ကျင့်ဝတ်လိုက်နာတဲ့ မီဒီယာသမားတွေကို ဂုဏ်သိက္ခာညှိုးနွမ်းအောင် လုပ်လာနိုင်တယ်။ အဲဒါလည်း သတိထားဖို့ လိုပါလိမ့်မယ်” ဟု The Voice Daily အယ်ဒီတာချုပ် ကိုကျော်မင်းဆွေက သုံးသပ်ခဲ့သည်။

ထိုကဲ့သို့ ရဲအရေးပိုင်သည့် မှုခင်းများနှင့် ဆက်စပ်လျက်ရှိသည့် သတင်းမီဒီယာများ အပါအ၀င် အများပြည်သူမရရှိနိုင်သည့် ဓာတ်ပုံများ၊ မှုခင်းများကို ရရှိလျက်ရှိနေ ခြင်းမှာ ရဲ၊ ထောက်လှမ်းရေး အစရှိသည့် အဖွဲ့အစည်းများမှ ပေါက်ကြားခြင်း ဖြစ်နိုင်ကြောင်း ဝေဖန်သုံးသပ်မှုများ ရှိနေသည်။

“ရေခဲတိုက်မှာဆိုရင် ရဲအရေးပိုင်တဲ့ မှုခင်းတွေကို ဓာတ်ပုံရိုက်ယူနိုင်ခွင့်ရှိတာ ရဲတို့ ထောက်လှမ်းရေးတို့ပဲ ရှိတယ်။ သူတို့ကိုယ်တိုင် ဓာတ်ပုံမရိုက်နိုင်ဘူးဆိုရင် စိတ်ချရတဲ့ဓာတ်ပုံဆရာနဲ့ လျှောက်လွှာတင်ပြီး ဓာတ်ပုံရိုက်နိုင်တယ်။ အဲလိုအမှုအခင်းတွေမှာဆိုရင် မှုခင်းဆရာဝန်တွေ ကိုယ်တိုင်တောင်မှ စာသင်ကြားဖို့ ရည်ရွယ်ချက်တစ်ခုတည်းနဲ့ ရိုက်ယူခွင့်ရှိတယ်။ ဆေးကျောင်းသားတွေတောင် ရိုက်ခွင့်မရှိတာ အပြင်လူတွေဆိုပိုဝေးပါတယ်။ အဲဒီတော့ ဒီဓာတ်ပုံတွေ ပေါက်ကြားတာက သူတို့ဆီကပဲ ဖြစ်နိုင်ပါတယ်” ဟု လက်ရှိတာဝန်ထမ်းဆောင်နေဆဲ ဖြစ်သည့် မှုခင်းဆရာဝန်ကြီး တစ်ဦးက အများသူငါ မရနိုင်သည့် မှုခင်းဓာတ်ပုံများပျံ့နှံ့ ပေါက်ကြားနေခြင်းနှင့်ပတ်သက်၍ သုံးသပ်ပြောကြားသည်။

ပဋိပက္ခဖြစ်စဉ်များမှ သေဆုံးသူများ၏ ဓာတ်ပုံများကို ဖြစ်စဉ်များဖြစ်ပွားပြီး အချိန်တိုအတွင်း အင်တာနက်ဝက်ဆိုက် စာမျက်နှာများပေါ်၌ ဖေါ်ပြခဲ့ခြင်းနှင့်ပတ်သက်၍ မေးခွန်းထုတ်ဝေဖန်သူများထဲတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ရဲအရာရှိနှင့် မီဒီယာသမား အများစုလည်း ပါဝင်ခဲ့သည်ကို တွေ့ရသည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ အမည်မဖော်လိုသူ ဒုတိယရဲမှူးကြီးတစ်ဦးက “နိုင်ငံရေး အပိုင်းနဲ့ မတည်ငြိမ်အောင် လုပ်ရင်လည်း မထိရောက်ဘူး။ စီးပွားရေးအခြေအနေနဲ့ မတည်ငြိမ်အောင်လုပ်ရင်လည်း မထိရောက်နိုင်ဘူး။ ဒါပေမဲ့ လူမှုရေးပဋိပက္ခ၊ ဘာသာရေးပဋိပက္ခ နည်းလမ်းတွေ မတည်မငြိမ်ဖြစ်အောင် လုပ်နေတာက ပြည်သူတစ်ရပ်လုံးရဲ့ အကျိုးစီးပွားရေးကို ပျက်စီးအောင်၊ ဆုံးရှုံးအောင်၊ တစ်တိုင်းပြည်လုံးဆူပူအောင်၊ လူထုအုံကြွမှုဖြစ်အောင်လုပ်တဲ့ ထိရောက်တဲ့ နည်းလမ်းပါပဲ။ အဲဒီတော့ အခုမန္တလေး ဖြစ်စဉ်မှာ သစ်ထူးလွင် လူမှုကွန်ရက် စာမျက်နှာကို အခြေပြုပြီးတော့ နောက်ကွယ်ကနေ လှုံ့ဆော်ခဲ့တာပါ” ဟု ဇူလိုင် ၄ ရက်က သုံးသပ်ပြောကြားသည်။

တခြားသာမန်လူတွေမရနိုင်တဲ့ သတင်းထောက်တွေတောင် မရနိုင်တဲ့ပုံတွေ အချက်အလက်တွေကို ရနေတယ်ဆိုတာတော့ အဲ့ဒီအချက်အလက်တွေရနေတဲ့ အဖွဲ့အစည်းတွေနဲ့ လှုံ့ဆော်နေတဲ့ ပုဂ္ဂိုလ်တွေနဲ့ ဆက်စပ်မှုရှိနေတာ သေချာတယ်။ တာဝန်ရှိတဲ့ လူကြီးတွေနဲ့ ဒီလိုမျိုးဖြစ်နေတာကို အရေးမယူဘူး ဆိုရင်တော့ ဒီလိုမျိုးဖြစ်နေတာကို အားပေးအားမြောက် သဘောမျိုးတော့ သက်ရောက်တာပေါ့လေ။ ဒါတွေဖြစ်နေတာတော့ အခုမှ မဟုတ်ပါဘူး။ ရခိုင်ပြည်နယ်တုန်းကလည်း Facebook က ဖြစ်တာပဲ။ မိတ္ထီလာတုန်းကလည်း Facebook ပေါ်က စတာပဲ။ တခြား ပဋိပက္ခအကုန်လုံးကလည်း Facebook က စတယ်ဆိုတာ လူကြီးတွေ အကုန်လုံးသိတာပဲ” ဟု 7 Day Daily သတင်းထောက်ချုပ် ဦးအောင်သူရက ပြောကြားသည်။

တရားဝင် သတင်းမီဒီယာတွေတောင် မရနိုင်တဲ့ ဓာတ်ပုံတွေ သတင်းတွေကိုသုံးပြီး လုပ်နေတာ။ အမေရိကန်လို အနောက်မီဒီယာတွေ၊ အစိုးရတွေ ဖော်ထုတ်သင့်တာက အဲလိုဝါဒဖြန့်ချိမှု လုပ်နေတဲ့သူတွေကို ဖော်ထုတ်ရမှာ၊ အဲဒီလူတွေကို ဘယ်နိုင်ငံက ဖြစ်နေဖြစ်နေ ရာဇ၀တ်မှုနဲ့ နိုင်ငံတကာ တရားရုံးဆီကို Crime Against Humanity နဲ့ အရောက်ပို့ဖို့ ဖော်ထုတ်ပေးရမှာ။ အဲဒါမှ ခုလိုအင်တာနက် အသုံးပြုပြီး လှုံ့ဆော်မှုတွေ လုပ်နေတာတွေကို တားမြစ်နိုင်မယ်၊ ဘာသာရေး လူမျိုးရေး အဓိကရုဏ်းတွေကို တားမြစ်နိုင်မယ်...
နေ့စဉ်ထုတ်ပုဂ္ဂလိက သတင်းစာများနှင့် အပတ်စဉ်ဂျာနယ်များကို သတင်းမပေးတော့ခြင်းများ၊ ပေးပါကလည်း ဖော်ထုတ်နိုင်သည့် သတင်းကိုသာ ပေးနေခြင်းများသာ ပြုလုပ်နေသော်လည်း သစ်ထူးလွင်လူမှုကွန်ရက် စာမျက်နှာ၌မူ ရဲသတင်းများကိုသတင်းဦး ရနေခြင်းနှင့်ပတ်သက်၍ ဝေဖန်မှုများလည်းရှိခဲ့သည်။

“ရဲတပ်ဖွဲ့က နေ့စဉ်ထုတ်နေတဲ့ ပုဂ္ဂလိက သတင်းစာတွေနဲ့ အပတ်စဉ်ဂျာနယ်တွေကို သတင်းတွေမပေးတော့တာတွေ၊ ပေးရင်လည်း ဖော်ထုတ်နိုင်တဲ့ သတင်းတွေကိုပဲ ပေးနေတဲ့အတွက် သတင်းတွေမပေးဘူးဆိုတာကို တချို့သတင်းစာတွေမှာ ရေးသားနေတာတွေ၊ ဝေဖန်နေတဲ့သတင်းတွေကို ဖတ်ရပါတယ်။ ဒါပေမဲ့ သစ်ထူးလွင်လူမှုကွန်ရက် စာမျက်နှာမှာတော့ ရဲသတင်းတွေကိုအရင်ဆုံး သတင်းဦးရနေတယ်။ ဖော်ပြနေတဲ့ သတင်းအများစုလည်း ရဲနဲ့ဆက်စပ်တဲ့ သတင်းတွေဖြစ်တယ်။ တခြားမီဒီယာကနေတစ်ဆင့် ကူးယူဖော်ပြနေတဲ့ သတင်းတွေကိုလည်း တွေ့ရတယ်။ အခု မန္တလေးမှာ လူထုအုံကြွခဲ့တဲ့ ဖြစ်စဉ်ကလည်း သစ်ထူးလွင်က ဖော်ပြခဲ့တဲ့သတင်းက စခဲ့တာပါ” ဟု ပုဂ္ဂလိက သတင်းစာများ၊ ဂျာနယ်များနှင့် လူမှုကွန်ရက် စာမျက်နှာများကို ခြောက်နှစ်ကျော်ကြာ နေ့စဉ်လေ့လာနေသူ ကိုမြင့်ကျော်က သုံးသပ်ခဲ့သည်။

ယခုကဲ့သို့ ဘာသာရေးပဋိပက္ခ အသွင်ဆောင်စေရန် သွေးထိုးလှုံ့ဆော်မှုများနှင့် ပတ်သက်၍ နိုင်ငံတကာက ဝေဖန်နေမည့်အစား ဘာသာရေးပဋိပက္ခနောက်ကွယ်မှ စေခိုင်း ကြိုးကိုင်နေသူများကို ပြည်တွင်းအဖွဲ့အစည်းများ ပြည်တွင်းတရားရုံးများဖြင့် အရေးယူဆောင်ရွက်ရန် မလုံလောက်ပါက လိုအပ်သလို အင်တာပိုမှတစ်ဆင့် နိုင်ငံတကာမှုခင်းဆိုင်ရာအဖွဲ့များ တရားရုံးများဖြင့်ပါ ချိတ်ဆက်ဆောင်ရွက်သင့်ကြောင်း သုံးသပ်မှုများရှိနေသည်။

“တကယ်က အနောက်နိုင်ငံက မီဒီယာတွေက လမ်းကြောင်းလွဲနေတာ။ သူတို့ကသာ ဗုဒ္ဓဘာသာ အကြမ်းဖက်သမားလို ဖန်တီးနေတာ အမှန်က အွန်လိုင်းပေါ်က သွေးထိုးလှုံ့ဆော်ဝါဒ ဖြန့်နေတာတွေက အဓိကဖြစ်နေတာ။ အဲဒါက နှစ်ဘက်စလုံးမှာရှိတယ်။ ၀က်ဘ်ဆိုဒ်တွေရော၊ ဖေ့ဘွတ်မှာတွေရောပဲ။ ဗုဒ္ဓဘာသာဘက်ကဆိုပြီး ဦးဝီရသူအကောင့်၊ နေမျိုးဝေအကောင့်၊ ပြည်သူ့အာဏာ အဲလိုမျိုးတွေရှိတယ်။ မွတ်စလင်ဘက်မှာဆိုရင် Myanmar Muslim Media တို့ အစ္စလာမ် သာသနာရေးဝန်ကြီးဌာနတို့ အစုံပဲ။ နှစ်ဘက်စလုံးက အစွန်းရောက်ဝါဒဖြန့်တာတွေ လုပ်နေတာ။ သူတို့တွေက တရားဝင် သတင်းမီဒီယာတွေတောင် မရနိုင်တဲ့ ဓာတ်ပုံတွေ သတင်းတွေကိုသုံးပြီး လုပ်နေတာ။ အမေရိကန်လို အနောက်မီဒီယာတွေ၊ အစိုးရတွေ ဖော်ထုတ်သင့်တာက အဲလိုဝါဒဖြန့်ချိမှု လုပ်နေတဲ့သူတွေကို ဖော်ထုတ်ရမှာ၊ အဲဒီလူတွေကို ဘယ်နိုင်ငံက ဖြစ်နေဖြစ်နေ ရာဇ၀တ်မှုနဲ့ နိုင်ငံတကာ တရားရုံးဆီကို Crime Against Humanity နဲ့ အရောက်ပို့ဖို့ ဖော်ထုတ်ပေးရမှာ။ အဲဒါမှ ခုလိုအင်တာနက် အသုံးပြုပြီး လှုံ့ဆော်မှုတွေ လုပ်နေတာတွေကို တားမြစ်နိုင်မယ်၊ ဘာသာရေး လူမျိုးရေး အဓိကရုဏ်းတွေကို တားမြစ်နိုင်မယ်” ဟု အွန်လိုင်းသတင်းများကို ပုံမှန်လေ့လာဖတ်ရှုမှုများ ပြုလုပ်လေ့ရှိသည့် ဒေါက်တာနေလှိုင်က သုံးသပ်ပြောကြားပါသည်။

“အကြမ်းဖက်မှုတွေကို အွန်လိုင်းမှာ လှုံ့ဆော်တာနဲ့ ပတ်သက်ပြီး ကျွန်တော့် အထင်ကတော့ နှစ်အုပ်စုက ရနိုင်ပါတယ်။ တစ်အုပ်စုကတော့ အဲ့လိုအဖြစ်အပျက်တွေမှာ ပါဝင်ပတ်သက်နေတဲ့ လှုံ့ဆော်တဲ့အဖွဲ့တွေ၊ အဲ့ဒါတွေက အကြမ်းဖက်တဲ့ အဖွဲ့တွေ။ အဲ့လိုလူတွေက သူတို့ကိုယ်တိုင်ပါဝင် ပတ်သက်နေတော့ သူတို့ကိုယ်တိုင်ရိုက်ပြီး သူတို့ကိုယ်တိုင် တင်တာတွေ သူတို့က ရည်ရွယ်ချက်နဲ့တင်တာ ဖြစ်နိုင်တယ်။ နောက်တစ်ခုက အဲ့ဒီအခြေအနေပြီးရင်တော့ စစ်ဆေးတဲ့ ရဲတို့ဘာတို့ အဲ့လိုလုံခြုံရေးယူတဲ့ တပ်ဖွဲ့တွေသူတို့ဆီမှာလည်း မှတ်တမ်းတွေရှိမယ်။ သူတို့ဆီက တမင်ပေါက်ကြားတဲ့ဟာလား။ သူတို့ဆီက ပေါက်ကြားတာလည်း ဖြစ်နိုင်တယ်။ ရနိုင်တဲ့ နည်းလမ်းကတော့ အဲ့ဒီနှစ်ခုရှိမှာပေါ့။ အကြမ်းဖက်မှုတွေမှာ တမင်ဖြစ်အောင် Facebook ပေါ်မှာ တမင်လှုံ့ဆော်မှုတွေ ရှိတယ်ဆိုတာ ကျွန်တော်တို့အားလုံးက လက်ခံထားပြီးသား” ဟု မြန်မာဂျာနယ်လစ်ကွန်ရက် အထွေထွေအတွင်းရေးမှူး ဦးမြင့်ကျော်က ဆိုသည်။

“အဲ့ဒီလို လှုံ့ဆော်နေသူမျိုးကို ရှာဖွေဖော်ထုတ်ရမယ့် တာဝန်က အစိုးရမှာရှိတယ်။ အစိုးရက သူမတတ်နိုင်လို့ သော်လည်းကောင်း၊ သူမလုပ်ချင်လို့ သော်လည်းကောင်း အကြောင်းတစ်ခုခုကြောင့် မလုပ်နိုင်တာဖြစ်မှာပေါ့။ တကယ်တော့ အဲ့လိုလုပ်တာကို တားနိုင်လုပ်နိုင်မှပဲ ပဋိပက္ခတွေမှာ Hate Speech တွေ အမုန်းပွားစေမယ့် ပဋိပက္ခနဲ့ ဒီဘက်က လူမှုကွန်ရက် မီဒီယာတွေမှာ တွဲဖက်ပြီး လှုံ့ဆော်နေတဲ့ဟာတွေ၊ အရှိန်မြင့်အောင် လုပ်နေတာတွေ ရပ်သွားမှာ” ဟု မြန်မာဂျာနယ်လစ်ကွန်ရက် အထွေထွေအတွင်းရေးမှူး ဦးမြင့်ကျော်က ဆိုသည်။

မိတ္ထီလာပဋိပက္ခဖြစ်စဉ်အား စတင်ကြီးထွားစေခဲ့သည့် သတင်းနှင့်ဓာတ်ပုံများမှာလည်း အင်တာနက်စာမျက်နှာများပေါ်ရှိ  ၀က်ဘ်ဆိုက်များ၌ ဖော်ပြခဲ့ခြင်းမှ အစပြုခဲ့ခြင်းဖြစ်သည်ဟုလည်း ဝေဖန်မှုများရှိခဲ့သည်။

“ကျွန်တော်တို့ မိတ္ထီလာပဋိပက္ခ သတင်းယူခဲ့ရတဲ့ အခြေအနေက တော်တော်လေးခက်ခဲတဲ့ အနေအထားပါ။ ကင်မရာတောင် ထုတ်ကိုင်လို့မရ။ တစ်နေရာနဲ့ တစ်နေရာကိုသွားဖို့ မလွယ်ကူတဲ့အခြေအနေ ကျွန်တော်တို့မြင်ပြီး ရိုက်လို့မရခဲ့တဲ့ပုံတွေ အများကြီးပဲ။ ကင်မရာတွေ့ရင်သတ်မယ်။ ဖြတ်မယ်။ အော်ပြောနေတဲ့ လူတွေကလည်း အများကြီး။ ဒီကြားထဲမှာ ဖုန်းလိုင်းကဖြတ်တာလား။ ပြတ်တာလားမသိဘူး။ လုံးဝဆက်မရ ပြုမရနဲ့ အခက်အခဲများစွာပါပဲ။ အဲဒီလိုအခြေအနေမှာ ပဋိပက္ခပြီးတော့ ဗီဒီယိုဖိုင်အချို့ ထွက်လာတယ်။ အဲဒီဗီဒီယိုဖိုင်ထဲမှာ အကြမ်းဖက်တဲ့သူတွေက မသေမရှင် ဖြစ်နေတဲ့သူတွေကို ရိုက်ပုတ်နေတာတွေကို အနီးကပ်ရိုက်ထားတာတွေ ပါလာတယ်။ တော်တော်လေး အံ့သြမိပါတယ်” ဟု မိတ္ထီလာပဋိပက္ခဖြစ်စဉ်အတွင်း သွားရောက်သတင်းရယူခဲ့သူ သတင်းထောက် ကိုကျော်ဇင်ဝင်းက ရှင်းပြသည်။

“ဟာ မျက်နှာစိမ်းတွေနဲ့ စနစ်တကျ ဖြစ်လာတာ။ ဖျက်ဆီးမီးရှို့နေချိန်မှာ ဓာတ်ပုံ၊ ဗီဒီယို လုံးဝရိုက်ကူးမခံတော့တာ တွေ့ရပါတယ်။ အဲဒီအချိန်တွင်းမှာ ကင်မရာပါလာရင် သတ်ဆိုတဲ့အသံတွေဟာ  ဆူညံနေပါတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာတော့ အမုန်းတရားကို ပိုမိုဆိုးရွားစေမယ့် ဓာတ်ပုံတွေ၊ ဗီဒီယိုဖိုင်တွေ ကြည်လင်ရှင်းလင်းစွာ  ထွက်ပေါ်လာပါတယ်။ တချို့ဗီဒီယိုဖိုင်တွေဆိုရင် သတင်းထောက်တွေ၊ အရပ်သားတွေ ဘယ်လိုမှမရနိုင်တဲ့ အတွင်းစည်းပုံတွေပါ။ ဥပမာပြောရရင်တော့ မိတ္တီလာမှာ သံဃာတော်တစ်ပါးကိုသတ်တဲ့ တရားခံတဦးကို  စစ်ဆေးမေးမြန်းနေတဲ့ ဗီဒီယိုဖိုင်တစ်ခု အင်တာနက်မှာ ပြန့်လာပါတယ်။ အဲဒီအခွေထဲက အခန်းတခုမှာ ရဲစစ်ချက်တွေ၊ ဗိုလ်လေးလို့ခေါ်သံတွေ တရားခံမျက်နှာ အနီးကပ်ရိုက်ချက်တွေနဲ့ စကားသံတွေ ရှင်းရှင်းလင်းလင်း ပါရှိပါတယ်။ အဲဒီလိုအခွေကို ဘယ်သတင်းထောက်မှ ရိုက်ကူးဖြန့်ချိရေး လုပ်ဖို့မဖြစ်နိုင်ပါဘူး” ဟု ပြီးခဲ့သည့်မိတ္ထီလာ ဖြစ်စဉ်တွင် ကိုယ်တိုင်သတင်းရယူခဲ့သူ မြို့ခံသတင်းထောက် ကိုဝဏ္ဏက ဆိုသည်။

မန္တလေးမြို့တွင် ဖြစ်ပွားခဲ့သော ဆူပူမှုများတွင် သတင်းရယူရန် ကြိုးပမ်းနေသော မီဒီယာများအား ရန်ပြုတိုက်ခိုက်မှုများရှိခဲ့ပြီး သတင်းအချက်အလက်နှင့် သတင်းဓာတ်ပုံရယူရန် အခက်အခဲရှိခဲ့သော်လည်း အခင်းဖြစ်ပျက်နေမှုကို အနီးကပ်ရိုက်ကူးထားသည့် ဓာတ်ပုံများ facebook အပါအ၀င် လူမှုကွန်ရက်များပေါ်သို့  အချိန်တိုအတွင်း ရောက်ရှိလာခဲ့ခြင်းနှင့်ပတ်သက်၍ နောက်ကွယ်ရှိ အဖွဲ့အစည်းများ ပါဝင်ပတ်သက်မှုအပေါ် မြို့ခံသတင်းထောက်များက မေးခွန်းထုတ်လျက်ရှိသည်။

“သာမန်လူတွေ မရနိုင်တဲ့ ဓာတ်ပုံတွေ တက်တဲ့ဝက်ဘ်ဆိုက်တွေက အခုလိုဖြစ်စဉ်တွေကို ဇောင်းပေးဖော်ပြနေတဲ့ ၀က်ဘ်ဆိုက်တွေ။ ဆေးရုံထဲကပုံတွေဆိုရင်လည်း သတင်းသမားတွေ တစ်ယောက်မှမရလိုက်ဘူး။  ဆေးရုံဝန်ထမ်းတွေ ဆိုရင်လည်း အစစ်ဆေးခံရနိုင်တဲ့အတွက် ရှိရင်တောင် ပြရဲမှာမဟုတ်ဘူး။ သာမန်လူတွေရခဲ့ရင်လည်း ဘယ်သူမှပြရဲမှာ မဟုတ်ဘူး။ နောက်ပြီး အခုဖြစ်စဉ်မှာ သေဆုံးသွားတဲ့ ဗုဒ္ဓဘာသာဝင်ရဲ့ ဓာတ်ပုံတွေပဲတက်လာတယ်။ အစ္စလာမ်ဘာသာဝင်ရဲ့ ဓာတ်ပုံကို မမြင်ရဘူး။ ဒါဟာ ဆူပူမှုဖြစ်အောင် သက်သက်လှုံ့ဆော်တဲ့လုပ်ရပ်ပါပဲ။ အခုလိုနာရေးကားရဲ့ဘေးမှာ ဗီနိုင်းနဲ့ချိတ်ပြီး အများမြင်အောင်ပြတာကတော့ ဆူပူမှုကိုပိုမိုကြီးထွား စေနိုင်ပါတယ်။  ဒါနဲ့ပတ်သက်ပြီး အစိုးရအနေနဲ့ ထိထိရောက်ရောက် တိတိကျကျ အရေးယူဆောင်ရွက်သင့်ပါတယ်” ဟု ဧရာဝတီသတင်းဌာနမှ ကိုတေဇလှိုင်က ဆိုသည်။

ယခုတစ်ကြိမ်မန္တလေးတွင် ဖြစ်ပွားခဲ့သည့် ဘာသာရေးအကြောင်းပြ အဓိကရုဏ်းနှင့်ပတ်သက်၍ နိုင်ငံတကာ သတင်းမီဒီယာများက ရေးသားခဲ့ရာတွင် ဗုဒ္ဓဘာသာများနှင့် မွတ်စလင်များအကြား ဖြစ်ပွားခဲ့သည့် အဓိကရုဏ်းအဖြစ် ရေးသားခဲ့ကြပြီး မြန်မာနိုင်ငံရှိပြည်သူများနှင့် ဗုဒ္ဓဘာသာဝင်များကို အဓိကတာဝန်ရှိသည့် အကြမ်းဖက်သမားများသဖွယ် ပုံဖော်ရေးသားခဲ့ကြသည်။

မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသည့် ဘာသာရေးလူမျိုးရေး အသွင်ဆောင် ပဋိပက္ခများအပေါ်ကို သုံးသပ်ရာတွင် အမေရိကန် ပြည်ထောင်စုအပါအ၀င် အနောက်နိုင်ငံ မီဒီယာများအနေဖြင့် လမ်းကြောင်းလွဲနေခြင်း ဖြစ်သည်ဟု ဝေဖန်ပြောဆိုမှုများ ရှိနေပါသည်။ အမှန်အားဖြင့် ယခုဖြစ်ပေါ်နေသော ဆူပူအကြမ်းဖက်မှုများအပြင် ယခင်ကလည်း မိတ္ထီလာ၊ လားရှိုး၊ ဥက္ကံမြို့များ၌ ဖြစ်ပေါ်ခဲ့ဖူးသော ဘာသာရေးအသွင်ဆောင် ဆူပူအကြမ်းဖက်မှုများမှာ မည်သူမည်ဝါ မှန်းမသိရသော သူများက အွန်လိုင်းသတင်းစာမျက်နှာများမှ အမုန်းစကားများ၊ ကောလာဟလများဖြင့် သွေးထိုးလှုံ့ဆော်မှုများ ပြုလုပ်ခဲ့ခြင်းကို အရင်းတည်ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်သည်။ ထိုကဲ့သို့ အမုန်းစကားများနှင့် ကောလာဟလများ ဖြန့်ချိနေသည်မှာ facebook လူမှုကွန်ရက်ပေါ်ရှိ အကောင့်များ၊ စာမျက်နှာများအပြင် သတင်းဝက်ဘ်ဆိုက် သဖွယ်အသွင်ယူထားသည့် ၀က်ဘ်ဆိုက်များလည်းပါဝင်ခဲ့သည်။ ထိုကဲ့သို့ အမုန်းစကားများ၊ ကောလာဟလ၀ါဒဖြန့်ချိနေမှုများ ပြုလုပ်နေသည်မှာ ဗုဒ္ဓဘာသာရော အစ္စလာမ်ပါ နှစ်ဖက်စလုံးတွင် ရှိနေခြင်းဖြစ်သည်။

news-eleven