ဘာသာကူးပြောင်းမှုကြောင့် သေဒဏ်ချမှတ်ခံရသူ အမေရိကန် ရောက်ရှိ

ပို့စ်တင်ချိန် - 8/02/2014 10:51:00 AM


ပြီးခဲ့တဲ့ဇွန်လက ဆူဒန်နိုင်ငံမှာ ဘာသာပြောင်းလဲကိုးကွယ်မှုနဲ့ သေဒဏ်ချခံခဲ့ရတဲ့ မရ်ယမ် ယာရ်ယာ အီဗရာဟင်ဟာ ပြီးခဲ့တဲ့ ဇူလိုင် ၃၁ ရက်နေ့က အမေရိကန်နိုင်ငံကို ဆိုက်ရောက်လာခဲ့ပါတယ်။

နယူးဟတ်ရှိုင်းယားပြည်နယ် မန်ချက်စတာမြို့လေဆိပ်ကို ဆိုက်ရောက်လာချိန်မှာ အီဗရာဟင်ရဲ့ ဆွေမျိုးတွေက လာရောက်ကြိုဆိုခဲ့ကြပါတယ်။

မန်ချက်စတာလေဆိပ်မှာ အီဗရာဟင်ရဲ့ အမျိုးသားကို ဘယ်လိုခံစားရလဲလို့ မေးမြန်းခဲ့ရာ ဘယ်လိုမှ ဖော်ပြလို့ မတတ်နိုင်အောင်ပါပဲ လို့ ပြောဆိုပါတယ်။

အစ္စလာမ်ဘာသာကို စွန့်လွှတ်လိုက်တယ်ဆိုတဲ့ စွဲချက်နဲ့ သေဒဏ်ပေးခဲ့တဲ့အမှုဟာ နိုင်ငံတကာက စိတ်ဝင်တစား စောင့်ကြည့်ခံခဲ့ရပြီး ကမ္ဘာ့တ၀န်း အကြီးအကျယ် ပြစ်တင် ဝေဖန်ခံခဲ့ရတာလည်း ဖြစ်ပါတယ်။

ဆူဒန်အစိုးရဟာ အီဗရာဟင်ကို သေဒဏ်ကနေ လွှတ်ပေးလိုက်ပေမယ့် ဆူဒန်နိုင်ငံက အထွက်မှာ ခရီးသွားလက်မှတ်အတုကိုင်ဆောင်မှုနဲ့ တခါ ဖမ်းဆီးဖို့ ကြိုးစားခဲ့ပါသေးတယ်။

ဒါပေမယ့် အီဗရာဟင်နဲ့ သူမိသားစုဟာ ဆူဒန်နိုင်ငံဆိုင်ရာ အမေရိကန်သံရုံးထဲမှာ ၁ လ ကြာ ခိုလှုံခဲ့ပါတယ်။

ဆူဒန်နိုင်ငံက ထွက်ခွာလာပြီး ပထမဆုံး အီတလီနိုင်ငံကို သွားရောက်ခဲ့ပြီး ပုပ်ရဟန်းမင်းကြီးနဲ့ တွေ့ဆုံခဲ့ပါတယ်။

အီဗရာဟင်ရဲ့ မိတ်ဆွေတဦးက လွတ်လပ်ခွင့်ကို ရရှိသွားတာ ဖြစ်တယ်လို့ ပြောဆိုပါတယ်။

DVB Burmese