အမြန်လမ်းတွင် ရာဇာမင်း ယာဉ်တိမ်းမှောက်မှု လူထိခိုက်သေမှု အမြင့်ဆုံးစံချိန်တင်

ပို့စ်တင်ချိန် - 5/17/2014 08:00:00 PM


ရန်ကုန်၊ မေ ၁၆

ရန်ကုန်-နေပြည်တော်-မန္တလေး အမြန်လမ်းတွင် ငါးနှစ်ကျော် ကာလအတွင်း ဖြစ်ပွားခဲ့သော ယာဉ်မတော်တဆမှု ခုနစ်ရာကျော်တွင် လွန်ခဲ့သည့် ရက်ပိုင်းက ဖြစ်ပွားခဲ့သည့် ရာဇာမင်း ယာဉ်တိမ်းမှောက်မှုမှာ လူထိခိုက်သေမှု အမြင့်ဆုံး ဖြစ်ကြောင်း အမြန်လမ်း ရဲတပ်ဖွဲ့မှူးရုံးမှ သိရှိရသည်။

ရန်ကုန်-နေပြည်တော်လမ်း စတင်ဖွင့်လှစ်ချိန် ၂၀၀၉ ခုနှစ် မတ်လမှ ၂၀၁၄ ခုနှစ် ဧပြီလ ၂၂ ရက်နေ့အထိ ငါးနှစ်ကျော် ကာလအတွင်း ယာဉ်မတော်တဆမှုပေါင်း ၇၃၀ ကျော် ဖြစ်ပွားခဲ့ရာ သေဆုံးသူပေါင်း ၃၆၇ ဦးနှင့် ဒဏ်ရာရရှိသူပေါင်း ၁၀၀၀ ကျော် ရှိခဲ့ကြောင်း တရားဝင် ထုတ်ပြန်ချက်များအရ သိရသည်။

မေလ ၁၂ ရက်နေ့ ည ၆ နာရီက နေပြည်တော်မှ ရန်ကုန်သို့ လူ ၄၄ ဦး တင်ဆောင်လာသည့် ရာဇာမင်းခရီးသည် တင်ယာဉ်သည် မိုင်တိုင်အမှတ် ၁၉၇ အရောက်တွင် လမ်းဘေးချော်ထွက်ကာ တံတားပေါ်မှ ပြုတ်ကျခဲ့သဖြင့် လူ ၁၃ ဦး ယင်းနေရာတွင် ပွဲချင်းပြီးသေဆုံး၍ တစ်ဦးမှာ ဆေးရုံတွင် သေဆုံးခဲ့ပြီး ကျန် လူ ၃၀ ဒဏ်ရာရရှိခဲ့သည်။

အဆိုပါ မတော်တဆမှု ဖြစ်ပွားခဲ့သည့် ရာဇာမင်းယာဉ်ကို မောင်းနှင်ခဲ့သည့် ယာဉ်မောင်း ဦးမင်းခန့် (ခေါ်) ထွန်းခန့်စိုးသည် ၂၀၁၁ ခုနှစ် အောက်တိုဘာလ ၂၃ ရက်နေ့က ရန်ကုန်မြို့တော် တောင်ဥက္ကလာပ မြို့နယ်အတွင်း ယာဉ်တိုက်မှု ဖြစ်ပွားခဲ့သဖြင့် ယာဉ်မောင်းလိုင်စင် သုံးနှစ် ပိတ်သိမ်းခံထားရပြီး လိုင်စင်ပိတ် ခံထားရသည့် ကာလတွင် ရာဇာမင်းယာဉ်ကို မောင်းနှင်ခဲ့ခြင်း ဖြစ်ကြောင်း အမြန်လမ်းရဲတပ်ဖွဲ့ရုံးမှ သိရှိရသည်။

ယင်းဖြစ်ပွားမှုတွင် မဆင်မခြင် မောင်းနှင်ခြင်းနှင့် ခရီးသည်များ လုံခြုံစွာ သယ်ယူပို့ဆောင်ရာတွင် စနစ်တကျ ကြီးကြပ်ရန် အားနည်းခဲ့ခြင်းကြောင့် ရန်ကုန်-နေပြည်တော်-ရန်ကုန် ခရီးစဉ် ပြေးဆွဲခွင့်ကို မေလ ၁၅ ရက်နေ့မှ ရပ်ဆိုင်းခဲ့ကြောင်း နေပြည်တော် ကုန်းလမ်းနှင့် ပြည်တွင်းရေကြောင်း သယ်ယူပို့ ဆောင်ရေးအဖွဲ့က သတင်းထုတ်ပြန်သည်။

နေပြည်တော်အထွက် စစ်ဆေးရေးဂိတ်မှအထွက် အမြန်လမ်းပေါ် ရောက်ချိန်တွင် ယာဉ်ယိမ်းယိုင်နေမှုကို သတိထားမိခဲ့ကြောင်း ယင်းယာဉ်ပေါ်တွင် လိုက်ပါလာသည့် အစိုးရဝန်ထမ်း အမျိုးသမီးတစ်ဦးက ပြောကြားသည်။
“မြန်လည်း မြန်တယ်။ ထိန်းမရဘူး ဆိုတာကို သိသာတယ်” ဟု ၎င်းးကဆိုသည်။

သေဆုံးသွားသည့် ခရီးသည်များသည် အထူးခရီးသွား အာမခံ ဝယ်ယူထားသူများ ဖြစ်သဖြင့် အာမခံလျော်ကြေး ကျပ်သိန်း ၃၀၊ အလုံးစုံ မော်တော်ယာဉ် အာမခံကြေး ၁၀ သိန်း၊ သူတစ်ပါးထိခိုက်မှု အာမခံ ကျပ်ငါးသိန်းစုစုပေါင်း တစ်ဦးစီအတွက် ကျပ် ၄၅ သိန်းစီကို မိသားစုများအား ဘဏ္ဍာရေး ဝန်ကြီးဌာနက မေလ ၁၄ ရက်နေ့တွင် ပေးအပ်ခဲ့သည်။

ရာဇာမင်းယာဉ် တိမ်းမှောက်မှုသည် ယာဉ်မတော်ဆမှုများ မကြာခဏ ဖြစ်ပွားနေသဖြင့် အမြန်လမ်းတွင် အကျွတ်အလွတ်ပွဲ ကျင်းပပြီး တစ်ရက်ခန့် အကြာတွင် ဖြစ်ပွားခဲ့ပြီး ယင်းမတိုင်မီ အမြန်လမ်း ၁၁၆ မိုင်တွင် ဧပြီလ ၁၂ ရက်နေ့ ည ၂ နာရီကျော်က တောင်ပြာတန်း အဝေးပြေးယာဉ်နှင့် မတ်တူးယာဉ် တိုက်မိပြီး မီးလောင်ကျွမ်းကာ လူ ၁၃ ဦး သေဆုံးခဲ့သည်။

ယာဉ်တိမ်းမှောက်မှုများ မကြာခဏ ဖြစ်ပွားနေမှုကြောင့် အမြန်သေ လမ်းမကြီးဟု ဝေဖန်မှုများ ဟိုးလေးတကျော် ထွက်ပေါ်နေချိန် နေပြည်တော်၌ ရထားပို့ဆောင်ရေး ဝန်ကြီးဌာန၌ မေလ ၁၅ ရက်နေ့က ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် ရထားပို့ဆောင်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဌေးနှင့် ဆောက်လုပ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးတင့်တို့က ၃၃၆ မိုင် သုံးဖာလုံ ရှည်လားသည့် ယင်းအမြန်လမ်းသည် တစ်မိုင်လျှင် ကျပ် သန်း ၂၅၀၀ အကုန်အကျခံ၍ ဖောက်လုပ် ထားသော်လည်း အမြန်လမ်း၏ စံချိန်စံနှုန်း မမီသော ကွန်ကရစ်လမ်းသာ ဖြစ်နေသေးကြောင်း ဝန်ခံပြောဆိုကြသည်။

အမြန်လမ်း လေးလမ်းသွားကို စံချိန်စံညွှန်းမီ ရှစ်လမ်းသွားအဖြစ် ပြုလုပ်ပါက ကျပ် ဘီလီယံ ၅၅၀ ခန့် ထပ်မံကုန်ကျမည် ဖြစ်ပြီး အမေရိကန် အစိုးရ၏ နည်းပညာ အကူအညီဖြင့် ပြုပြင်ရန် စီစဉ်လျက်ရှိသော အမြန်လမ်းကို လမ်းတစ်ခြမ်းလျှင် ယာဉ်လေးစီး မောင်းနှင်နိုင်သည့် ရှစ်လမ်းသွားအဖြစ် ပြုလုပ်သွားမည် ဖြစ်ကြောင်း ဦးစိုးတင့်က ပြောကြားသည်။

“ရှစ်လမ်းသွားချဲ့ဖို့ထက် ရှိပြီးသားလမ်းကို နိုင်ငံတကာ စံနှုန်းအတိုင်း အရည်အသွေးမီ လုပ်ဖို့လိုပါတယ်။ နိုင်ငံတကာက ဟိုင်းဝေးလမ်းတွေလည်း ရှစ်လမ်းသွား မဟုတ်ပါဘူး။ လေးလမ်းကိုပဲ အန္တရာယ်ကင်းကင်းနဲ့ မြန်အောင် မောင်းနိုင်အောင် ဖောက်ထားတယ်။ တရုတ်နဲ့ ယိုးဒယားက လမ်းတွေမှာ တောင်အကွေ့တွေကို အရှိန်ချပြီး ကွေ့စရာ မလိုအောင် ဖောက်ထားတယ်၊ တံတား အတက်အဆင်းတွေမှာ ကားမခုန်ဘူး” ဟု ပို့ကုန်သွင်းကုန် လုပ်ငန်းရှင် တစ်ဦးက ဝေဖန်ပြောကြားသည်။

သို့သော်လည်း အမြန်လမ်း ဖွင့်လှစ်လိုက်သည့် ငါးနှစ်ကျော် ကာလအတွင်း ယာဉ်မတော်တဆမှု များတွင် ယာဉ်မောင်း ပေါ့ဆမှုကြောင့် ၆၃ ဒသမ ၆၄ ရာခိုင်နှုန်း၊ ယာဉ်ကြောင့် ၂၃ ဒသမ ၈ ရာခိုင်နှုန်း၊ ရာသီဥတုကြောင့် ၀ ဒသမ ၄ ရာခိုင်နှုန်း ဖြစ်ပြီး လမ်းအရည်အသွေးကြောင့် ၁ ဒသမ ၁၆ ရာခိုင်နှုန်းသာ မတော်တဆမှုများ ဖြစ်ပွားခဲ့ကြောင်း အစိုးရအဖွဲ့၏ မှတ်တမ်းများတွင် ဖော်ပြထားသည်။

အမြန်လမ်းပေါ်တွင် ယာဉ်မတော်တဆမှု ဖြစ်ပွားနိုင်သည့် အခြေအနေများ လျော့ကျရန် အချက်ပြမီး ပြုလုပ်ခြင်း၊ ရောင်ပြန်များ တပ်ဆင်ခြင်း၊ လမ်းအချက်ပြ သင်္ကေတနှင့် မိုင်နှုန်းတိုင်း ကိရိယာ တပ်ဆင်ခြင်း လုပ်ငန်းများ၏ လုပ်ဆောင်ပြီးစီးမှု အခြေအနေမှာ ၂၀ ရာခိုင်နှုန်းခန့်သာ ရှိသေးကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

The Voice Weekly