မေလအတွင်း ကျပ် ၇၉၂ သန်းကျော်တန်ဖိုးရှိ အကောက်ခွန်မဲ့ တင်သွင်းလာသော ဖုန်းဟန်းဆက်၊ ကျောက်စိမ်း အကြမ်းထည်နှင့် လူသုံးကုန်ပစ္စည်းများ ဖမ်းဆီးရမိ

ပို့စ်တင်ချိန် - 6/10/2014 12:58:00 PM


မေလအတွင်း ရေဆိပ်/လေဆိပ်နှင့်နယ်မြေဒေသများမှ ကျပ် ၇၉၂ သန်းကျော်
ခန့် တန်ဖိုးရှိ အကောက်ခွန်မဲ့ တင်သွင်းလာသည့် ဖုန်းဟန်းဆက်၊ ကျောက်စိမ်း အကြမ်း
ထည်နှင့် လူသုံးကုန်ပစ္စည်းများအား ဖမ်းမိခဲ့ကြောင်း အကောက်ခွန်ဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

မေ ၁ ရက်မှ မေ ၃၁ ရက်အထိ ဖမ်းဆီးရရှိမှုတန်ဖိုးဖြစ်ပြီး ရန်ကုန်လေဆိပ်/ရေဆိပ်များမှ စုစုပေါင်း ခန့်မှန်းတန်ဖိုး ကျပ် ၄၉၃ ဒသမ ၁၆ သန်းခန့်နှင့် နယ်မြေဒေသများမှ စုစုပေါင်း ခန့်မှန်းတန်ဖိုး ကျပ် ၂၉၉ ဒသမ ၇၁ သန်းခန့်တန်ဖိုးရှိ ပစ္စည်းများကို ဖမ်းမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းကဲ့သို့ ဖမ်းမိခဲ့ရာတွင် မန္တလေး ကျောက်ချောစစ်ဆေးရေးစခန်း၌ လမ်းလယ်ယာဉ်စစ်ဆေးရေး ဂိတ်နေရာတွင် Toyota Caldina အမျိုးအစား ယာဉ်ပေါ်မှ ခန့်မှန်းတန်ဖိုး ၅၇ သိန်းခန့်ရှိ ကျောက်စိမ်းဟု ယူဆရသော ကျောက်ကြမ်းအထည် ၂၈၅ ကီလိုကိုလည်းကောင်း၊ ဘားအံမြို့ သံလွင်တံတား စစ်ဆေးရေးဂိတ်တွင် ယာဉ်အမှတ်၊ ၈ည/....(Nissan) ၁၂ ဘီးယာဉ် ပေါ်မှ ခန့်မှန်းတန်ဖိုး ကျပ် ၂၁ ဒသမ ၂ သန်းခန့်ရှိ တရားဝင် အထောက်အထား တစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိသည့် ဂေါက်ကွင်းသုံး ယာဉ်ငယ်သုံးစီးနှင့် ကားပစ္စည်း ၂၂ မျိုးကို ဖမ်းဆီးရမိသဖြင့်  အကောက်ခွန် ဥပဒေအရ အရေးယူ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ယင်းအပြင် အေးရှားဝေါလ်ဆိပ်ကမ်းနှင့် ထီးတန်းဆိပ်ကမ်း၌ ID တွင် ကြေညာထားခြင်း မရှိသော ခန့်မှန်းတန်ဖိုးကျပ် ခြောက်သိန်းခန့်ရှိ ဖိနပ်တံဆိပ်ရိုက် စက်တစ်လုံး၊ Table Tennis ခုံတစ်ခုံနှင့် ခန့်မှန်းတန်ဖိုး ကျပ် ၂၅ သန်းခန့်ရှိ Oil Tank with Active Part(6) items အား စစ်ဆေးတွေ့ရှိသဖြင့် တားဆီးနိုင်ခဲ့ကြောင်း၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ခရီးသည်တစ်ဦးထံမှ ကျပ် ၁၆ ဒသမ ၅ သန်း ခန့်တန်ဖိုးရှိ ဟန်းဆက်၊ ကင်မရာနှင့် တေးသံသွင်း ဆိုင်ပစ္စည်းများနှင့် ကျပ် ၁၈ ဒသမ ၃ သန်းခန့် တန်ဖိုးရှိသည့် ဟန်းဆက်၊ ကင်မရာ အပါအ၀င် လူသုံးကုန်ပစ္စည်းများ ကို တားဆီးနိုင်ခဲ့ကြောင်း သိရသည်။

သို့ဖြစ်၍ အကောက်ခွန်ဦးစီးဌာန အနေဖြင့် လေဆိပ်နှင့် ရေဆိပ်တို့မှ အမှုတွဲ ၆၅ မှုနှင့် နယ်မြေဒေသများမှ အမှုတွဲ ၃၈ မှု စုစုပေါင်းအမှုတွဲ ၁၀၃ မှုအား အကောက်ခွန်ဥဒေများအရ အရေးယူ ဆောင်ရွက်ထားကြောင်း သိရသည်။

Eleven Media Group