လေ့ကျင့်ခန်းလုပ်ရာမှာ ဘယ်တော့မှ မ၀တ်သင့်တဲ့ အရာတွေ

ပို့စ်တင်ချိန် - 6/10/2014 06:50:00 PM



အားကစားနည်းတစ်ခုကို လုပ်တော့မယ်ဆိုရင် စိတ်ဓာတ်ခွန်အားကလည်း ပြီးဆုံးတိုင် အောင်မြင်ဖို့  အရေးကြီးဆုံးဖြစ်သလို သင် ရဲ့ အ၀တ်အစားကလည်း အရေးကြီးပါတယ်။ ပွပွယောင်းယောင်းရှိတဲ့ အားကစား ဘောင်းဘီနဲ့ ချည်သား တီရှပ်တို့ က သက်တောင့်သက်သာရှိနိုင်ပေမယ့် သင့်ရဲ့ ကိုယ်ခန္ဓာကိုလည်း အကြီးအကျယ် ထိခိုက်စေနိုင်ပါတယ်။

မှန်ကန်သင့်တော်တဲ့ လေ့ကျင့်ခန်းဝတ်စုံက ချွေးစုပ်လွယ်သလို ကိုယ်လက်လှုပ်ရှားမှုကိုလည်း လွတ်လွတ် လပ်လပ်လုပ်နိုင်ပြီး ထိခိုက်လွယ်တဲ့အသားအရေကိုလည်း  ကာကွယ်ပေးနိုင်မှာပါ။  ကဲ အားကစားခန်းမကို မသွားခင် ဘယ်တော့မှ မ၀တ်သွားသင့်တဲ့ အ၀တ်အစားတွေကို ကြည့်ရအောင်။

၁။ ၁၀၀ ရာခိုင်နှုန်း ချည်ထည် အ၀တ်အစားတွေ

၁၀၀ ရာခိုင်နှုန်းချည်ထည်နဲ့ လုပ်ထားတဲ့ လေ့ကျင့်ခန်းဝတ်စုံကို ရှောင်ကြဉ်ပါ။ ဒီချည်ထည်အမျှင်တွေဟာ အေးအေးလူလူနဲ့ သက်တောင့်သက်သာဖြစ်တယ်လို့ ထင်ရပေမယ့် ချည်ထည်ဟာ ချွေးတွေကို စုပ်ယူထားပြီး ခြောက်သွေ့ တာနှေးကွေးပါတယ်။ ဒါကြောင့် သင်ဟာ ချွေးတွေရွှဲနေသလိုဖြစ်နေပြီး ခန္ဓာကိုယ်က လေးလံနေ ပါလိမ့်မယ်။ ချွေးတွေစိုစွတ်နေတဲ့ ချည်ထည်ကြောင့် အအေးမိနိုင်ပြီး အရေပြားကျိန်းစပ်တာ၊ အရေပြား ပွန်းတိုက်တာတွေဖြစ်နိုင်ပါတယ်။ ချည်ထည်အ၀တ်အစားတွေအစား ပေါ့ပါးပြီး ချွေးစုပ်လွယ်၊ ခြောက်သွေ့  မြန်တဲ့ အထည်ကို လဲလိုက်ပါ။

၂။ ဟောင်းနွမ်းစုတ်ပြတ်နေတဲ့ ဖိနပ်

ဖိနပ်က အောက်သားရေပြားကွာနေတဲ့အချိန်ထိ၊ ဒါမှမဟုတ် ခြေချောင်းလေးတွေ ထွက်နေတဲ့အထိ ဖိနပ်တွေကို မလွှင့်ပစ်ဘူးဆိုရင်တော့ သင့်ခြေထောက်ကို ဒုက္ခပေးနေတာပဲ။ သားရေဖတ်ကွာနေတဲ့ ဖိနပ်နဲ့  ခြေကောက်ကြောကို အထောက်အပံ့မပေးနိုင်တဲ့ ဖိနပ်တွေကြောင့် အရိုးအဆစ်တွေ ထိခိုက်စေနိုင်ပါတယ်။ နယူးယောခ့်မြို့ က တစ်ကိုယ်ရည်သင်တန်းဆရာ Melissa Paris က မိုင် ၅၀၀ ပြည့်ပြီးတိုင်း တင်းနစ်ဖိနပ်တွေ ကို လဲသင့်တယ်လို့ ဆိုပါတယ်။ တစ်ပတ်မှာ ခြောက်ရက်၊ခုနှစ်ရက်လောက် ပြေးမယ်ဆိုရင်တော့ သုံးလတစ်ကြိမ် လောက်လဲလှယ်သင့်တယ်လို့ အကြုံပြုခဲ့ပါတယ်။

၃။ သက်တောင့်သက်တာမဖြစ်တဲ့ အားကစားဘရာစီယာ

သက်တောင့်သက်သာမရှိဘဲ တစ်ခုခုကို ထိတ်တလန့် လန့် ဖြစ်နေရင် စွမ်းသလောက် လေ့ကျင့်ခန်းတွေ လုပ်နိုင်မှာမဟုတ်ပါဘူး။ အိပ်ထမတင်လိုမျိုး လေ့ကျင့်ခန်းတွေမှာ ကောင်းမွန်တဲ့ အားကစားဘရာစီယာက သင့်ရဲ့ ရင်ပတ်က တစ်သျှူးတွေနဲ့ အရွတ် တွေကို အကာအကွယ်ပေးနိုင်ပါတယ်။ အသင့်တော်ဆုံး ဘရာစီယာ ကို ရွေးချယ်ဖို့ အတွက် သင့်ရဲ့ ပုံမှန်လေ့ကျင့်ခန်းအမျိုးအစား  နဲ့ ခန္ဓာကိုယ် အသွင်အပြင်ကို အဓိက ထားပါ။ ရင်သားကြီးတဲ့ အမျိုးသမီးတွေအတွက် ကြိုးပတ်အပြားကြီးတဲ့ အမျိုးအစားကို ရွေးချယ်သင့်ပြီး ခန္ဓာကိုယ်ရဲ့ အလေးချိန်ကို ပခုံးမှာတင် စုမနေစေဘဲ ပျံ့ နှံ့ သွားစေဖို့ ဖြစ်ပါတယ်။ ဘရာစီယာရဲ့ အောက်ခြေမှာ အပတ်ပြားပါတဲ့ ဘရာစီယာမျိုးက လေ့ကျင့်ခန်းလုပ်ရာမှာ အကောင်းဆုံးအထောက်အကူဖြစ်စေနိုင်ပါတယ်။

၎။ လက်ဝတ်လက်စားတွေ

တိုးလို့ တွဲလောင်းဖြစ်ဖြစ် ဖောက်ချိတ်ထားတာဖြစ်ဖြစ် လက်ဝတ်တန်ဆာတွေအတွက် Gym ခန်းမမှာ နေရာမရှိပါဘူး။ “ လေ့ကျင့်ခန်းလုပ်ရာမှာ အနှောင့်အယှက်ဖြစ်မယ့်ပစ္စည်းတွေ၊ လေ့ကျင့်ခန်းကို အာရုံမရောက်ဘဲ အဲ့ဒီဘက်အာရုံရောက်နေမယ့်ပစ္စည်းတွေကို အိမ်မှာပဲ ထားခဲ့သင့်ပါတယ်” လို့ Paris Matthews က ပြောကြားခဲ့ပါတယ်။ လက်ထပ်လက်စွပ်အပါအ၀င် လက်စွပ်တွေဟာ အတင်၊အချ လေ့ကျင့်ခန်းလုပ်ရာမှာ သက်တောင့်သက်တာမဖြစ်စေဘဲ ဒုက္ခတွေ့ စေနိုင်ပါတယ်။ ယောဂ နဲ့ လက်ထောက် လေ့ကျင့်ခန်းတွေမှာ ဒါတွေက ထိခိုက်မိစေနိုင်ပါတယ်။ ဒါကြောင့် လက်ဝတ်တန်ဆာတွေကို အိတ်ထဲမှာဖြစ်ဖြစ် လော့ခ်ကာ ထဲမှာဖြစ်ဖြစ် သိမ်းထားတာ အကောင်းဆုံးပါပဲ။

Ref: womenshealthmag.com
trend myanmar