ကံကောင်းခြင်းရတနာ အလုပ်သမားများ၊ လျော်ကြေးငွေ လက်ခံကာ တောင်းဆိုမှု ရပ်ဆိုင်း

ပို့စ်တင်ချိန် - 6/10/2014 10:03:00 PM



စဥ့်ကိုင်မြို့နယ်၊ ကံကောင်းခြင်းရတနာ သစ်အချောထည် စက်ရုံရှိ အလုပ်သမား များသည် ယမန်နေ့က လျော်ကြေးငွေ လက်ခံကာ တောင်းဆိုမှု ရပ်ဆိုင်း ခဲ့ကြောင်း မြန်မာနိုင်ငံ အလုပ်သမားများ သမဂ္ဂအဖွဲ့ချုပ်၊ အတွင်းရေးမှူး ဦးနော်အောင်က The Messenger သတင်းစာသို့ ပြောသည်။
အလုပ်သမား များအား သက်ဆိုင်ရာမှ အတင်းအကျပ် ဖိအား ပေးကာ တရားစွဲဆို ထောင်ချမည်ဟု ပြောဆို သောကြောင့် ၎င်း အလုပ်သမားများ၏ မိဘများက ဒုက္ခသည် စခန်းအတွင်း လာရောက် ခေါ်ယူ ပြောဆို၍ လျော်ကြေးငွေ များအား လက်ခံ ရယူခြင်း ဖြစ်ကြောင်း ၎င်းက ပြောသည်။
““အလုပ်သမား များက အလုပ်ပဲလိုချင်တယ်။ လျော်ကြေး မလိုချင်ဘူး။ သူတို့ ထောင်ကျမယ် ဆိုတာကြောင့် လျော်ကြေး လက်ခံရတာ။ နောက်ပြီး ဒီလိုမှ မဟုတ်ရင်လည်း သူတို့ ဒုက္ခရောက်ရုံပဲရှိတယ်””ဟု ၎င်းကပြောသည်။
အလုပ်ရှင်ဘက်မှ အလုပ်သမားဥပဒေ အတိုင်း လျော်ကြေးငွေအား အလုပ်သမား (၄၀၀) ဦးခန့်က လက်ခံ ရယူခဲ့သည်။ လျော်ကြေးငွေမှာ အနိမ့်ဆုံး ကျပ်သုံးသိန်းမှ အများဆုံး ကျပ်(၁၂)သိန်း အထိရှိကြောင်း သိရသည်။ အဆိုပါ လျော်ကြေးငွေကို စဥ့်ကိုင်မြို့နယ်မှ မန္တလေးမြို့သို့ အလုပ်သမားများ သွားရောက် တောင်းဆိုစဉ် လမ်းရှိ ရတနာ လင်္ကာရာ ဘုန်းတော်ကြီးကျောင်းတွင် လက်ခံ ရယူခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
““ဒါဟာ ကလေးတွေ အတွက် အတော် နစ်တာတယ်။ ဒီလိုကိစ္စ ဖြစ်များရင် အလုပ်သမား အဖွဲ့အစည်း ဂုဏ်သိက္ခာလည်း ညှိုးနွမ်းတယ်။ ဒီလိုမျိုးတွေ အမြဲတမ်း ဖြစ်နေရင် ဖိနှိပ်ခံအလုပ် သမားတွေဟာ ပုန်ကန်ပြီး ၁၉၈၉ အလုပ်သမား ဒီမိုကရက်သစ် တပ်ဦးဖြစ်လာလိမ့်မယ်”” ဟု မြန်မာနိုင်ငံ အလုပ်သမားများ သမဂ္ဂအဖွဲ့ချုပ်မှ အကြံပေး ကိုရန်နိုင်ထွေးက ပြောသည်။
အလုပ်ရှင်များသည် အလုပ်သမားများ၏ ရပိုင်ခွင့်၊ ခံစားခွင့်များအား မလိုက်လျောဘဲ ငွေများဖြင့်သာ ဖြေရှင်းခြင်း၊ အလုပ်သမား များအား ညှိနှိုင်းခွင့် မပေးဘဲ အာဏာကို သုံးကာ ဖိနှိပ်ခြင်း၊ ဥပဒေဘောင် အတွင်း မဆောင်ရွက်ဘဲ ၎င်းတို့၏ လုပ်ထုံးလုပ်နည်း အတိုင်း ဆောင်ရွက် နေခြင်းကြောင့် ရေရှည်တွင် အလုပ်သမားများ၏ အရေးကို စိုးရိမ်ကြောင်း မြန်မာနိုင်ငံ အလုပ်သမားများ သမဂ္ဂအဖွဲ့ချုပ် အလုပ်အမှုဆောင် ဒေါ်မျိုးမျိုးအေးက The Messenger သတင်းစာသို့ ပြောသည်။
အဆိုပါ ကံကောင်းခြင်းရတနာ သစ်အချောထည် စက်ရုံသည် အလုပ်ရှင်နှင့် အလုပ်သမား မပြေလည်မှု များကြောင့် ၂၀၁၄ ခုနှစ်၊ မေလ (၂၁) ရက်နေ့မှ စတင်ကာ ဆန္ဒပြတောင်းဆိုမှုများ ပြုလုပ်ခဲ့သည်။ အဆိုပါ စက်ရုံတွင် အလုပ်သမား အင်အားမှာ (၈၀၀) ကျော်ခန့်ရှိပြီး အလုပ်ရှင် အလုပ်သမား ပြဿနာသည် ၂၀၁၃ ခုနှစ်က နှစ်ကြိမ်၊ ၂၀၁၄ ခုနှစ်တွင်လည်း တစ်ကြိမ် ဖြစ်ပွားခဲ့သည်။


Messenger News Journal