ဗုဒ္ဓစာပေများ လေ့လာခွင့်မရတော့၍ မန္တလေးမှ သီလရှင်တစ်ပါး ကြိုးဆွဲချသတ်သေ

ပို့စ်တင်ချိန် - 6/10/2014 10:01:00 PM



မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည် မြို့နယ်အတွင်း သီတင်းသုံးသူ အသက်(၂၁)နှစ်အရွယ်ရှိ သီလရှင် တစ်ပါးမှာ ကိုယ်ရုံ သင်္ကန်းအား အသုံးပြု၍ ကြိုးဆွဲချသတ်သေခဲ့မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်မှာ ဇွန် ၂ ရက်နေ့ ၂ နာရီ ၂၀ မိနစ်တွင် ချမ်းမြသာစည်မြို့နယ်၊ မြို့သစ် (၂) ရပ်ကွက်၊ ၆၉-၇၀ကြား၊ လမ်းသွယ်(၂) (ဆ-၆/၈၃) နေအိမ်တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ကာ၊ သေဆုံးသူမှာ ၀မ်းတွင်းမြို့ သိမ်ထောင်မုံတိုင် ကျောင်းတိုက်မှ သီလရှင် ဒေါ်နိမလနန္ဒီ (ခ) မနှင်းယုယုထွေး ၂၁ နှစ်၊ ၀ါတော်၃ ၀ါ၊ မြို့သစ်(၂) ရပ်ကွက် ချမ်းမြသာစည် မြို့နယ်နေသူ ဖြစ်ပြီး လည်ပင်းတွင် လိမ်ထားသော ကိုယ်ရုံ သင်္ကန်းကြိုးအား ချည်လျက် တန်းလန်းဖြင့် နေအိမ်စတိုခန်း ထုပ်တန်းတွင် ဆွဲကြိုးချသေဆုံး နေခြင်းဖြစ်ကြောင်း သိရသည်။

ဖြစ်စဉ်အား စုံစမ်းရာတွင် ၄င်းသည် လွန်ခဲ့သော ၂နှစ်ခန့် မှစ၍ ၀မ်းတွင်းမြို့၊ သိမ်ထောင်မုံတိုင် ကျောင်းတိုက်တွင် သီလရှင် ၀တ်ခဲ့ပြီး ၄င်းကျောင်းတွင် နေထိုင်စဉ် သီလရှင် အချင်းချင်း စကားများ ရန်ဖြစ်ပြီးနောက် ကျောင်းမှ ပြန်လွှတ်ခဲ့သဖြင့် နေအိမ်တွင် ပြန်လည် နေထိုင်ခဲ့ကြောင်း၊ ၄င်းသင်ကြားလိုသည့် ဗုဒ္ဓစာပေများအား ဆက်လက် မသင်ကြားရတော့သဖြင့် အမြဲတမ်း စိတ်ညစ်နေသူ တစ်ဦးလည်း ဖြစ်ကြောင်း၊ ယင်းသေဆုံးနေသည်အား တစ်အိမ်တည်းနေ အိမ်ဖော် ဖြစ်သူ မခင်အေး ၂၄ နှစ်မှ စတိုခန်းအနီး လှန်းထားသည့် အ၀တ်များအား သွားယူစဉ် မြင်တွေ့ခဲ့ရခြင်း ဖြစ်ကာ၎င်း၏ဖခင်အား ပြောပြ၍ ၄င်း၏ ဖခင်ကလည်ပင်းက ထုပ်တန်းသို့ တွဲလောင်း ချည်ထားသော ကိုယ်ရုံ သင်္ကန်းကြိုးအား ဖြုတ်ကာ မနှင်းယုယုထွေးအား နေအိမ် ဧည့်ခန်းသို့ ပွေ့ချီထားခဲ့ခြင်း ဖြစ်ကြောင်း စစ်ဆေး သိရှိရသဖြင့် သေဆုံးသူအား မန္တလေး ဆေးရုံကြီးသို့ ပို့အပ်လျက် နယ်မြေ ရဲစခန်း(အမှတ်-၁)က သေမှုသေခင်း အမှတ်စဉ် ၈/၂၀၁၄ဖြင့် ရေးဖွင့် စစ်ဆေးလျက်ရှိကြောင်း သိရသည်။

Tomorrow News Journal