အချစ်သစ်တွေ့နေသည့် Mr Bean

ပို့စ်တင်ချိန် - 6/10/2014 05:36:00 PM

အချစ်သစ်တွေ့နေသည့် Mr Bean  

Mr Beanအဖြစ် ကမ္ဘာ့ရုပ်ရှင်ပရိသတ် အသိများသည့် ရိုဝမ်အတ်ကင်ဆန်တစ်ယောက် အချစ်သစ် တွေ့နေပြီဟု သတင်းများက ဖော်ပြခဲ့သည်။ အသက်(၅၉)နှစ်ရှိ ရိုဝမ်သည် ဇနီးဖြစ်သူ ဆူနက်ထရာ ဆက်စ်ထရီနှင့် လမ်းခွဲရန် ပြင်ဆင်နေပြီး ထိုအတောအတွင်း ၎င်းထက်များစွာ အသက်ငယ်သည့် အမျိုးသမီး တစ်ဦးနှင့် ဆက်ဆံရေး တိုးတက်လာနေကြောင်း သိရသည်။ ရိုဝမ်သည် (၁၉၉၀)ပြည့်နှစ်က လက်ထပ်ခဲ့ပြီး ကလေး(၂)ဦး ရထားသည့် ဆူနက်ထရာနှင့် ကွာရှင်းရန် ယခုနှစ်အတွင်း တရားရုံး၌ လျှောက်ထားခဲ့ပြီး ဖြစ်သည်။ ၎င်းသည် ပြီးခဲ့သည့် သီတင်းပတ်ကမူ သရုပ်ဆောင် တစ်ဦးပင်ဖြစ်သော လူဝီဖို့ဒ်နှင့် အကျွမ်းတဝင် ရှိနေသည်ကို တွေ့မြင်ခဲ့ရသည်။

အသက်(၃၁)နှစ်ရှိ လူဝီသည် ရိုဝမ်နှင့်အတူ ဝက်စ်ကောင်တီတွင် အေးအေးလူလူ အနားယူရင်း အရက်သောက်နေခဲ့သည်ကို ဗြိတိသျှ မီဒီယာများက ဓာတ်ပုံရိုက်ယူနိုင်ခဲ့သည်။ လူဝီနှင့် ရိုဝမ်တို့သည် ပြီးခဲ့သည့်နှစ်က Quartermaine’s Terms ပြဇာတ်တွင် အတူတွဲဖက် သရုပ်ဆောင်ရင်း စတင်ရင်းနှီး ကျွမ်းဝင်လာခဲ့သည်။ ရိုဝမ်သည် ဗြိတိန်တွင် အချမ်းသာဆုံး စာရင်းဝင် သရုပ်ဆောင် တစ်ဦးဖြစ်ပြီး စတာလင်ပေါင် သန်း(၇၀)မျှ ကြွယ်ဝသူ ဖြစ်သည်။ လူဝီနှင့် ရိုဝမ်တို့သည် ယင်းမတိုင်မီက ဘရမ်စတေပယ်လ်ရှိ ကဖေးတစ်ခုသို့ စုံတွဲလည်ပတ်ခဲ့သေးကြောင်းလည်း သိရှိရသည်။

Planet Myanmar Network