လောက်ငကြပါရဲ့လားလို့ မေးလိုက်ချင်သလေ

ပို့စ်တင်ချိန် - 6/10/2014 05:43:00 PM




ကိုပိန်တစ်ယောက် အိမ်ရှေ့ကသစ်ရိပ်မှာ ပက်လက်ကုလားထိုင်တစ်လုံး သတင်းစာ တစ်စောင်နဲ့အေးအေး လူလူနှပ်မလို့ ရှိသေးတယ်။ ကာလသားခေါင်း ကိုဇော်ရဲနဲ့ ဆရာလေး ကိုမျိုးဦးတို့နှစ်ယောက်သား ပေါက်ချ လာပါလေရော …။

ကိုပိန့်စိတ်ထဲမှာ အကြောင်းတစ်ခုခုတော့ ရှိရမယ်လို့ တွက်လိုက်တယ်။ ကိုပိန်တွက်ထားတာ မမှားဘူး။ ထင်တဲ့အတိုင်းပဲ ကာလသားခေါင်းကိုဇော်ရဲက ဆိုင်းမဆင့်ဗုံမဆင့် ပြောချလိုက်တယ်။

“ကိုပိန် ခင်ဗျားတစ်ရက်ဝင်ငွေ ဘယ်လောက်ရှိလဲဗျ”

ကိုဇော်ရဲယောက်ဖက အခွန်ဌာနကဆိုတော့ ကိုပိန်လန့်သွားတယ်။ ၀င်ငွေခွန်ကောက်ဖို့အတွက် သူ့ ယောက်ဖက တစ်ဖက်လှည့်နဲ့ စုံစမ်းခိုင်းလိုက်တာလို့ ထင်မိတယ်။ စကားအကုန်မပြောနဲ့ အစားသာ ကုန် အောင်စားဆိုတဲ့ စကားပုံလိုလို ဆိုရိုးလိုလိုစာသား ခေါင်းထဲဝင်လာတော့ ထိန်းထိန်းသိမ်းသိမ်းပဲ ပြော လိုက်တယ်။

“ပုံမှန်မရှိပေါင် မောင်ရာ”

ကိုပိန့်ဆီက ဝေ့လည်ကြောင်ပတ်စကား သံထွက်လာတော့ ကိုဇော်ရဲ ကျွဲမီးတိုချင်သလိုလို ဖြစ်သွားတယ်။
“ခင်ဗျားကလည်း ပွင့်လင်းမြင်သာတဲ့ ခေတ်ကြီးမှာ ပွင့်ပွင့်လင်းလင်းလုပ်စမ်းပါ” “မပွင့်ရဲပေါင်ဗျာ၊ ကျုပ်တို့ က တစ်လျှောက်လုံး ဒီလိုပဲ။ ဝေ့လည်ကြောင်ပတ်နဲ့ ရွှီရှောင်လုပ်လာတာ များလှပြီပဲဟာ”

ကိုပိန်ရဲ့စကားကြားတော့ ဆရာလေး ကိုမျိုးဦးက ပြုံးတယ်။ ကိုပိန်ပြောလည်း ပြောစရာ၊ အခုနောက်ပိုင်း လူတော်တော်များများက ကိုယ်ကျိုးစီးပွားနဲ့ ယှဉ်လာရင် ဘယ်သူမှ လူမိုက်လုပ်ပြီး ခေါင်းမခံတော့ဘူး။ ပတ် ၀န်းကျင်မှာလည်း ကိုယ်ကျိုးစီးပွားကို မထိခိုက်သ၍ နေကောင်းစားကောင်းလေးတွေပဲ လုပ်နေတာများလှ ပြီ မဟုတ်လား။ ဒါပေမဲ့ ဆရာလေးကိုမျိုးဦးက သူတို့ လာရင်းကိစ်္စအကြောင်းကို ကိုပိန်ကို ပြောပြတယ်။

“ခင်ဗျားဆီက ၀င်ငွေခွန်တွေဘာတွေ ကောက်ဖို့လာတာ မဟုတ်ပါဘူးဗျာ။ လူ တစ်ယောက်ရဲ့ တစ်နေ့တာ ကုန်ကျစရိတ် ဘယ်လောက်မှ လောက်ငတယ်ဆိုတာ သိ ချင်လို့ပါ။ ခင်ဗျားက ဘုတ်အုပ်လေး ဘာလေး ဖတ်တော့ ဗဟုသုတစုံတယ်မဟုတ်လား”

ကိုပိန်က လက်ထဲမှာကိုင်ထားတဲ့ ဂျာနယ်ကို ယပ်တောင်လို တဖျက်ဖျပ်ခတ်ရင်း ပြုံးလိုက်တယ်။ ပြီးမှ စကားကို တစ်လုံးချင်း ပြောလိုက်တယ်။

“လူတစ်ယောက်နဲ့ တစ်ယောက်တော့ ၀င်ငွေနှုန်းထားတွေက မတူကြဘူးပေါ့ဗျာ။ လုပ်ရည်ကိုင်ရည် စွမ်း ဆောင်ရည်ပေါ် မူတည်ပြီး ၀င်ငွေကွာဟမှုတွေကွာခြားနိုင်တာပေါ့။ ဘုရင်ခံနဲ့အစေခံလုပ်ခ လစာ ဘယ် တူနိုင်မလဲ။ နေရာဒေသရာထူး ဌာနန်္တရ ပေါ်မူတည်ပြီးလည်း ၀င်ငွေတွေကွဲပြား ခြား နားနိုင်သေးသပေါ့””
ကိုဇော်ရဲက သူသိချင်တာကိုမေးတယ်။

“လူတစ်ယောက်ဝင်ငွေ ဘယ်လောက် ရှိမှ အဆင်ပြေနိုင်မယ်ထင်လဲ”

ကိုပိန်က ဒီလိုမေးခွန်းမျိုးဆို အကိုးအကားနဲ့ ဖြေတော့တာပဲ။ လန်ဒန်မြို့ ဟိုင်းဂိတ် သုသာန်မှာ အရင်ကျမ်း ကိုပြုစုခဲ့တဲ့ ကားလ်မက်ကြီးကိုဂူသွင်းတော့ အိန်ဂျယ်က သင်္ချိုင်း စာဖတ်တယ်။ လူတစ်ယောက်ရဲ့ အဓိက လိုအပ်ချက်ဟာ စားဝတ်နေရေးဖြစ်တယ်။ အဲဒါတွေပြည့်စုံမှသာ နိုင်ငံရေး၊ အနုပညာ၊ အားကစား စတာ တွေ လုပ်သင့်တယ်တဲ့”

ဆရာလေးကိုမျိုးဦးရော ကာလသားခေါင်း ကိုဇော်ရဲပါ ကိုပိန်ဖြီးသမျှ ခံနေရတယ်။ ကိုပိန်က ဆရာကြီးလေ သံနဲ့ ဆက်ပြီး သြ၀ါဒတွေ ချွေတယ်။

“ဟိုတလောကတော့ တစ်ရက်လုပ်ခ ငွေကျပ် ၇,၅၀၀ ရရှိဖို့ ရန်ကုန်က လုပ်သားတွေဆန္ဒပြကြတယ်။ ဆန္ဒတွေကတော့ ပြနေကြတာပါပဲဗျာ။ ဆန္ဒပြနေလို့ လိုက်လျောတာတော့ တစ်ခုမှမကြားမိသေးဘူး။ ဆန္ဒ ပြတဲ့အတွက် အလုပ်ဖြစ်တာကတော့ ဗီနိုင်း ဆိုင်တွေပဲဗျာ။ အာဏာပိုင်တွေများ ဗီနိုင်းဆိုင်ဖွင့်ထားသလား အောက်မေ့ရတယ်”

“ဆန္ဒပြတာတွေက ခွင့်ပြုချက် တင်ရတယ်ဆိုဗျ”

“ဟုတ်တယ်လေ။ ဆန္ဒပြခွင့်ရဖို့ ဒေသဆိုင်ရာ အာဏာပိုင်တွေဆီမှာ တင်ရတယ်။ မရရင်တိုင်းအဆင့်ပြည် နယ်အဆင့်ကို တင်လို့ရတယ်။ သူတို့ကခွင့်ပြုမှ ဆန္ဒပြလို့ ရတယ်။ အကြောင်း တစ်စုံတစ်ရာပြပြီး ခွင့်မပြု ရင်လည်းရတယ်”” ဆရာလေး ကိုမျိုးဦး ကတော့ တွေးတွေးဆဆ ပြောတယ်။

“နေ့စားလုပ်အားခတွေ တစ်ရက်ကျပ် ၇,၅၀၀ ဆိုရင် အသေးစား၊ အလတ်စား စက်ရုံအလုပ်ရုံနဲ့ ကုန်ထုတ် လုပ်ငန်းတွေက ပေးနိုင်ပါ့မလား။ သူတို့တောင် မပြိုလဲအောင် မနည်းကျားကန်နေရတယ်။ နေ့စဉ်သွားလာ စရိတ်၊ စားစရိတ်၊ နေစရိတ်၊ အ ခွန်အခစရိတ်တွေကို ပညာရှင်တွေနဲ့ တွက် ချက်ပြီး စနစ်တကျ ဆောင် ရွက်ဖို့တော့ လိုတယ်။ လုပ်ငန်းရှင်လည်းမနစ်နာ၊ လုပ်သားလည်း တွက်ခြေကိုက်တဲ့နေ့တွက်ခဖြစ် ဖို့တော့ လိုတယ်ဗျာ”

ကိုဇော်ရဲက အင်တာနက်ထဲက ဖတ်လာတဲ့ သတင်းတစ်ပုဒ်ကို ပြောတယ်။  ““လူတစ်ယောက် တစ်ရက် ကျပ်၂,၀၀၀ ရှိရင် လောက်ငပြီတဲ့”

ကိုပိန် ပြုံးလိုက်တယ်။ သူ့ကိုယ်သူ တော့ ဓါတ်ရှင်မင်းသားဗိုလ်အောင်ဒင်လို ပြုံးလိုက်တယ်လို့ ထင်နေပေ မယ့် လက်တွေ့မှာ ငါးခူပြုံးလိုလို၊ ငါးသလောက်ပြုံးလိုလို ဖြစ်သွားတယ်။

““ရွာမှာ ကောက်စိုက်ပျိုးနုတ်ရင်တောင် ကျပ် ၂,၅၀၀ လောက်ပေးမှ လာလုပ်ကြတော့တာ။ ထန်းတက်တာ လည်း နေ့တွက် ကျပ် ၃,၀၀၀ လောက်ရမှလုပ်ကြတော့တာ။ မလေးရှား သွားလုပ်ကြသူတွေက ပုံလို့။ကျုပ် တို့တောင် ထန်းရည်ကောင်းကောင်း မသောက်ရတာ ကြာပေါ့။ တောဆိုတော့ မီးခွန်၊ အိမ်ခွန်၊ အမှိုက်ခွန် ဆောင်ရတာ မဟုတ်ဘူး။ ကိုယ့်လှည်းကိုယ်မောင်းပြီး လယ်ထဲဆင်းရုံပဲ။ ဘာကားခမှလည်း မကုန်ဘူး။ မြို့မှာတော့ အစစအရာရာ ငွေလမ်းခင်း သွားနေရတာ။ တစ်ရက် လေးငါးခြောက် ထောင်မှမ၀င်ရင် ဘာ သွားစားမလဲဗျာ”

ကိုပိန်တို့ အုပ်စုစကားကောင်းနေတုန်း မြို့မှာနေတဲ့ ကိုပိန်ရဲ့တူတောင်မောင် မြူနီစပယ်အရာရှိ ရဲရင့်လှိုင်း တစ်ယောက် ကျောပိုးအိတ်လွယ်ပြီး ရောက်ချလာတယ်။

“ဘဒွေးတို့ ဘာတွေတိုင်ပင်နေတာတုံး”

“တစ်ရက်  ၀င်ငွေဘယ်လောက်ရမှ ရပ် တည်နိုင်သလဲဆိုတာ တွက်ချက်နေကြတာ ပါ ငါ့တူရာ။ မင်းက မြို့မှာ နေတာဆိုတော့ ငါတို့ထက် ပိုကုန်မှာပေါ့”

ရဲရင့်လှိုင်းက ပျာပျာသလဲ ငြင်းတယ်။“တစ်ရက် လေးငါးရာ ကုန်တာပါ ဘဒွေးရာ” ရဲရင့်လှိုင်း စကားကြား တော့ ကိုပိန်တင်မကဘူး။ ကိုဇော်ရဲရော ဆရာလေးကိုမျိုးဦး ပါ အံ့သြသွားတယ်။ မြို့ကြီးပြကြီးမှာနေတဲ့ ကိုပိန့်တူက တစ်ရက်လေးငါးရာပဲ ကုန်တယ် လို့ပြောနေပါရောလား။ ဒါဆို ဟိုလူကြီး ပြောတာ မှန်နေပြီ ပေါ့။

“ရှင်းစမ်းပါဦးငါ့တူရာ။ မင်းသုံးတာ ဒေါ်လာများလားကွာ”
“မြန်မာငွေပါဗျာ”
“ဟေး … ဘယ်လိုကြောင့်များလဲ”
“နေတော့ ၀န်ထမ်းတိုက်ခန်းတွေထဲက အရာရှိရိပ်သာမှာနေတယ်”
“နေပါဦး၊ စားတော့ရော”
“ကျွန်တော် လက်မှတ်ထိုးပေးလိုက်လို့ လိုင်စင်တို့ပါမစ်တို့ ရသွားတဲ့သူတွေက သိတတ်ကြပါတယ်ဗျ။ စား စရာသောက်စရာတွေ ခြင်းကြီးခြင်းငယ်နဲ့ လာပို့ကြသဗျာ။ မုန့်ပုံးတို့ ကော်ဖီမစ်တို့ စကော့ဝီစကီတို့ ဆိုတာ မကုန်လို့ ပြန်တောင်သွင်းရသေးတယ်။ ဆီဆိုပုံးလိုက်၊ဆန်ဆိုအိတ်လိုက်ဘဒွေးရေ၊ ဟန်ကျချက်ကတော့..။

“ရေဖိုး၊ မီးဖို၊ အမှိုက်ခွန်တွေရောကွာ”
“ရေက အလကားရတယ်၊ မီးဖိုးက ပေး စရာမလိုဘူး။ အမှိုက်ခွန်က ကျုပ်လိုလူကို ဘယ်သူ လာကောက်ရဲမှာလဲ”
“အ၀တ်အစားတော့ ၀ယ်ရသေးမို့လား ကွယ်”
“ဘဒွေးတို့ အဲဒါခက်တာပေါ့။ ကျုပ်က တပည့်တွေပေါတယ် မဟုတ်လား။ ဂါရဝေါစ နီဝါတောစပေါ့ဗျာ။ သီတင်းကျွတ် လာကန်တော့ကြ၊ သင်္ကြန်လာကန်တော့ကြနဲ့။ အ၀တ်အစားတင် ဗီရိုနဲ့ သုံးလုံးလောက် ရှိတယ်။ ကျုပ်မိန်းမက ဗီရိုလေးလုံး” ကိုပိန်က သူ့တူကိုကြည့်ပြီး သာဓု နှစ် ကြိမ် ကြိတ်ပြီး ခေါ်လိုက်ပါ တယ်။

Mizzima