Miss USA ပြိုင်ပွဲတွင် နီဗားဒါးပြည်နယ် ကိုယ်စားပြု အလှမယ် ဆန်ချက်ဇ် ဗိုလ်စွဲ

ပို့စ်တင်ချိန် - 6/10/2014 11:03:00 AM






(၆၃)ကြိမ်မြောက် Miss USA ပြိုင်ပွဲတွင် သရဖူ အပ်နှင်းခံရပြီး ဂုဏ်ယူနေသည့် ဆန်ချက်ဇ် (EPA)
ယခုနှစ်၏ အမေရိကန် ကိုယ်စားပြု အလှမယ် ရွေးချယ်ပွဲတွင် တိုက်ကွမ်ဒို ခါးပတ်နက် အဆင့်ရှိ နီဗားဒါးပြည်နယ် အလှမယ်က Miss USA အဖြစ် သရဖူဆောင်း အောင်ပွဲခံခဲ့သည်။
(Adrees Latif/REUTERS)


တနင်္ဂနွေနေ့ညက ကျင်းပပြုလုပ်သည့် (၆၃)ကြိမ်မြောက် Miss USA ပြိုင်ပွဲတွင် အသက်(၂၄)နှစ်ရှိ နီယာဆန်ချက်ဇ်က အခြားသော ပြိုင်ဘက်(၅၀)ကို ကျော်ဖြတ်ကာ ဗိုလ်စွဲခဲ့ခြင်း ဖြစ်သည်။

ဆန်ချက်ဇ်သည် ကိုရီးယားရိုးရာ တိုက်ခိုက်ရေး ပညာရပ်ဖြစ်သည့် တိုက်ကွမ်ဒို အားကစားတွင် ခါးပတ်နက် ရရှိထားသူ ဖြစ်သည်။

လာ့စ်ဗီးဂက်စ်မှ အလှမယ်သည် မြောက်ပိုင်းဒါကိုတာ ကိုယ်စားပြု အော်ဒရာမာရီကို ကျော်ဖြတ်ပြီး Miss USAအဖြစ် သရဖူဆောင်းခဲ့ခြင်းဟု သိရှိရသည်။ သူမကို ယမန်နှစ် Miss USAဆုရှင် အာရင်ဘရာဒီက သရဖူလွှဲပြောင်း ချီးမြှင့်ပေးခဲ့သည်။

လူဝီစီယားနားရှိ Baton Rouge Civic Centerတွင် ကျင်းပသည့် ပြိုင်ပွဲ၌ ပြိုင်ပွဲဝင် (၅၁)ဦးမှ ဆန်ခါတင် (၆)ဦးအဆင့်ထိ စိစစ်လာခဲ့ပြီး အပြီးသတ်တွင် ဆန်ချက်ဇ်က အောင်ပွဲခံခဲ့ခြင်း ဖြစ်သည်။

ဆန်ချက်ဇ်နှင့် မာရီတို့၏နောက်တွင် ဂျော်ဂျီယာ ကိုယ်စားပြု တီယာနာဂရစ်၊ လူဝီစီယားနား ကိုယ်စားပြု ဘရစ်တနီဂူဒရီနှင့် ဖလော်ရီဒါ ကိုယ်စားပြု ဘရစ်တနီ အိုဒီလ်ဟော့ဖ်တို့က တတိယ၊ စတုတ္ထနှင့် ပဉ္စမ အသီးသီး ရရှိခဲ့ကြသည်။

Miss USAအဖြစ် ရွေးချယ်ခံရသည့်နောက် ဆန်ချက်ဇ်သည် ယခုနှစ်ကုန်ပိုင်းတွင် ကျင်းပမည့် မယ်စကြာဝဠာ ပြိုင်ပွဲတွင် အမေရိကန် ကိုယ်စားပြု သွားရောက် ယှဉ်ပြိုင်ခွင့် ရရှိပြီဖြစ်သည်။

—Ref: AP