မြန်မာနိုင်ငံတွင် ညစ်ညမ်းကိစ္စဖြန့်ဖြူးမှုများ အရေးယူရန် အရေးတကြီးလိုအပ်နေ

ပို့စ်တင်ချိန် - 7/26/2013 04:53:00 PM


ရန်ကုန်၊ ဇူလိုင် ၁၈

မြန်မာနိုင်ငံအတွင်း အင်တာနက်သုံးစွဲမှုများပြားလာသည့်နည်းတူ အင်တာနက် လူမှုရေးကွန်ရက်စာမျက်နှာများနှင့် ၀က်ဘ်ဆိုက်များကို အသုံးပြု၍ လိင်စပ်ယှက်မှုများကို ခိုးဝှက်ရိုက်ကူးထားသော ဗီဒီယိုမှတ်တမ်းများနှင့် ပြည့်တန်ဆာအချို့၏ အဖော်အချွတ်ပုံများကို ဖြန့်ဝေမှုများ များပြားလာ၍ မြန်မာ့လူ့အဖွဲ့အစည်းအတွင်းရှိ လူငယ်များအတုယူ မှား၍မဖြစ်သင့်သော ကိစ္စရပ်များဖြစ်ပေါ်လာမည်ကို စိုးရိမ်လျက်ရှိကြသည်။

လတ်တလောကာလတွင် ရေပန်းစားလျက်ရှိသော ကျောင်းသား၊ ကျောင်းသူနှစ်ဦး၏ လိင်ကိစ္စဗီဒီယိုမှတ်တမ်း အပါအ၀င် အနုပညာရှင်များ၏ လိင်ကိစ္စဗီဒီယိုမှတ်တမ်းများကို ခိုးဝှက်ရိုက်ကူး၍ အင်တာနက်တွင် ပျံ့နှံ့စေခြင်းဖြင့် မလိုလားအပ်သော လူမှုရေးဆိုးကျိုးများဖြစ်ပေါ်လျက်ရှိသည်။ ထို့သို့ လူမှုရေးဆိုးကျိုးများ ဖြစ်စေသည့် ဗီဒီယိုမှတ်တမ်းများကို ရိုက်ကူးဖြန့်ဝေသူများကို အရေးယူရန်ဆိုင်ရာဥပဒေပြဋ္ဌာန်းချက်များရှိ သော်လည်း သက်ဆိုင်ရာမှ အရေးယူဆောင်ရွက်မှုများလုံးဝမရှိဘဲ မသိကျိုးကျွန်ပြုလျက်ရှိကြောင်း ပြည်တွင်းဂျာနယ်အယ်ဒီတာတစ်ဦးက မြန်မာသံတော်ဆင့်သို့ ပြောသည်။

ထို့ပြင် အင်တာနက်လူမှုကွန်ရက်စာမျက်နှာများကို အသုံးပြု၍ နိုင်ငံတွင်းလုပ်ကိုင်လျက်ရှိသော ပြည့်တန်ဆာအချို့က ၄င်းတို့၏ အဖော်အချွတ်ပုံများကို အင်တာနက်တွင်တင်၍ ဖိတ်ခေါ်မှုများပြုလုပ်လျက် ရှိသည်။ ထိုလုပ်ဆောင်ချက်များအပေါ် သက်ဆိုင်ရာပြည့်တန်ဆာဥပဒေဖြင့် ရှာဖွေအရေးယူ၍ရသော်လည်း သက်ဆိုင်ရာမှဆောင်ရွက်ခြင်းမရှိ၍ ပိုမိုရဲတင်းစွာပြုလုပ်လာကြသည်။ အင်တာနက်လူမှုကွန်ရက် စာမျက်နှာများတွင် ပျံ့နှံ့နေသော အဖော်အချွတ်ပုံများတွင် မြန်မာအမျိုးကောင်းသမီးအချို့ကို ခိုးဝှက် ရိုက်ကူးထားသည့် ပုံများလည်းပါရှိနေ၍ ထိုကာယကံရှင်အမျိုးသမီးများ၏ အရှက်နှင့်ဂုဏ်သိက္ခာကို ထိခိုက်လျက်ရှိသည်။

ထိုဖြစ်ရပ်များကြောင့် မြန်မာနိုင်ငံတွင်း အင်တာနက်အသုံးပြု၍ ညစ်ညမ်းကိစ္စရပ်များ ဖြန့်ဖြူးမှုတို့အပေါ် အစိုးရက သက်ဆိုင်ရာတည်ဆဲဥပဒေများအတိုင်း ရှာဖွေဖော်ထုတ် အရေးယူသွားရန် အရေးတကြီးလိုအပ် နေပြီဖြစ်ကြောင်း တရားလွှတ်တော်ရှေ့နေတစ်ဦးဖြစ်သူ ဦးတင်လှိုင်ကပြောသည်။

Myanmartandawsint Newspaper