လုံခြုံရေးအခြေအနေကြောင့် ပရိသတ်များ ပွဲမပြီးခင် ဗထူးကွင်းအတွင်းမှ ထွက်ခွာခဲ့ရဟု ရန်ကုန်အသင်း သတင်းထုတ်ပြန်

ပို့စ်တင်ချိန် - 7/26/2013 09:52:00 AM

ဇူလိုင်လ ၂၃ ရက်က ကစားခဲ့သည့် ရတနာပုံအသင်းနှင့် ရန်ကုန်ယူနိုက်တက်အသင်းတို့၏ မြန်မာ နေရှင်နယ်လိဂ်ပွဲစဉ်တွင် လုံခြုံရေးအခြေအနေကြောင့် ပရိသတ်များထိခိုက်ဒဏ်ရာရရှိမည်ကို စိုးရိမ် သဖြင့် ပွဲမပြီးခင်အချိန်မှာပင် ဗထူးကွင်းအတွင်းမှ ထွက်ခွာစေခဲ့ကြောင်း ရန်ကုန်ယူနိုက်တက်အသင်း က တရားဝင်သတင်း ထုတ်ပြန်ခဲ့သည်။

ရတနာပုံနှင့် ရန်ကုန်အသင်းတို့မှာ မြန်မာနေရှင်နယ်လိဂ်တွင် အအောင်မြင်ဆုံး ကလပ်အသင်းများ ဖြစ်သည်နှင့်အညီ တွေ့ဆုံသည့် ပွဲစဉ်တိုင်း၌ ပြိုင်ဆိုင်မှု ပြင်းထန်လေ့ရှိသည်။

အဆိုပါပွဲစဉ်တွင် ရတနာပုံ ပရိသတ်များက ရန်ကုန်ပရိသတ်များအား အရာဝတ္ထုပစ္စည်းများဖြင့် ပစ် ပေါက်ခဲ့ပြီး လုံခြုံရေးအင်အားမှာလည်း အလွန်နည်းခဲ့ကြောင်း ရန်ကုန်ယူနိုက်တက်အသင်း မီဒီယာ ဌာနမှ ကိုမျိုးမြင့်သောင်းက မဇ်္ဈိမသို့ ပြောသည်။

“ကွင်းထဲမှာ ရန်ကုန်အသင်း ပရိသတ်တွေအတွက် နေရာပေးထားတာက ၁၅ ပေပတ်လည်လောက်ပဲ ရှိတယ်။ ရတနာပုံ ပရိသတ်တွေနဲ့ ရန်ကုန်ပရိသတ်တွေကြားမှာ ပိုက်ကွန်တစ်ခုပဲ ကာထားတယ်။ ပိုက် ကွန်ကလည်း လူတစ်ယောက်ရဲ့ အရပ်တစ်ဝက်လောက်ပဲ ရှိတယ်။ နှစ်ဖက်ပရိသတ်ကြားမှာရှိတဲ့ လုံခြုံ ရေးအင်အားကလည်း ၁၀ ယောက်လောက်ပဲရှိမယ်။ အိမ်ရှင်ရတနာပုံ ပရိသတ်တွေက ရန်ကုန်ပရိသတ် ကို ဆဲတာတွေ အရာဝတ္ထုတွေနဲ့ ပစ်ပေါက်တာတွေ လုပ်လာတာကြောင့် အသင်းအတွင်းရေးမှူးက ပရိသတ်လုံခြုံရေးအတွက် စိုးရိမ်ပြီးပွဲချိန်မိနစ် ၆၀ လောက်မှာ ကွင်းထဲက ထွက်ခွာစေခဲ့တာပါ”ဟု ၎င်းက ဆိုသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်ပြီး ရတနာပုံအသင်း မီဒီယာတာဝန်ခံ ဦးသိန်းသန်းတိုးကို မဇ်္ဈိမမှ ဆက်သွယ် မေးမြန်းခဲ့ရာ “ရတနာပုံ ပရိသတ်တွေ အရာဝတ္ထုနဲ့ ပစ်ပေါက်ခဲ့တယ်ဆိုတာ အနည်းအကျဉ်းပါ။ အရမ်း ဆိုးရွားတဲ့ အနေအထားမဟုတ်ပါဘူး။ လုံခြုံရေးကိုလည်း အပြည့်အ၀ပေးထားပါတယ်။ ရန်ကုန် ပရိ သတ်တွေ ကွင်းထဲက ထွက်သွားတဲ့ အချိန်မှာ ကျွန်တော်တို့ နိုင်နေတာလေ။ ဘာကြောင့် ပြဿနာ ရှာရမှာလဲ။ သူတို့ အတွင်းရေးမှူး ကိုကျော်လင်းထွေးကိုလည်း ဒီလိုမလုပ်ဖို့ ကျွန်တော်တို့ တောင်းပန် ခဲ့ပါသေးတယ်။ ဒါပေမဲ့ သူတို့သဘောနဲ့သူတို့ ကွင်းထဲက ထွက်ခဲ့တာပါ” ဟု ပြန်လည် ဖြေကြားသည်။

ထို့အပြင် အဆိုပါပွဲစဉ်၌ မီဒီယာ တာဝန်ခံအဖြစ် တာဝန်ယူဆောင်ရွက်ခဲ့သော မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် မီဒီယာဌာနမှ ဦးထွန်းထွန်းအောင်ကလည်း “ အခြေအနေက ပွဲမပြီးခင် ကွင်းထဲကထွက်သွား ရလောက်တဲ့အထိ မဆိုးပါဘူး။ နှစ်ဖက်ပရိသတ်ကြားထဲမှာ ကျွန်တော်ရှိပါတယ်။ ဆဲတာဆိုတာက တော့ ပြိုင်ဆိုင်မှုပြင်းထန်တဲ့ မြန်မာနေရှင်နယ်လိဂ်ပွဲစဉ်တိုင်းမှာ ဖြစ်နေကျပါ။ ရန်ကုန်အသင်းပရိသတ် တွေ ပွဲဆက်ကြည့်မယ်ဆိုရင် လုံခြုံရေး အပြည့်တာဝန်ယူပေးမယ်လို့ကျွန်တော်တို့ ပြောခဲ့ပါသေးတယ်။ ဒါကို သူတို့က လက်မခံဘဲ တံခါးဖွင့်ခိုင်းလို့ ကျွန်တော် ကိုယ်တိုင်တံခါးဖွင့်ပေးခဲ့တာပါ။ ပြန်သွားတဲ့ ရန်ကုန်ပရိသတ်တွေရဲ့ လုံခြုံရေးကိုလည်း စီစဉ်ပေးခဲ့ပါတယ်” ဟု မဇ်္ဈိမသို့ပြောသည်။ ရတနာပုံ-ရန်ကုန်ပွဲစဉ်ကို ရန်ကုန်မြို့မှ ရန်ကုန်ပရိသတ် ၂၀၀ ခန့် မန္တလေးသို့ လိုက်ပါအားပေးခဲ့ပြီး ပရိသတ်များ ၏ ကုန်ကျစရိတ်ကို အသင်းမှ ပြန်လည်ပေးအပ်သွားမည်ဟုလည်း ရန်ကုန်အသင်းပိုင် ၀ဘ်ဆိုဒ်တွင် ကြေညာထားသည်။

Mizzima