ကမ္ဘာ့ရွှေဈေး ပြန်တက်ခြင်းကြောင့် ပြည်တွင်း ရွှေဈေးတက်

ပို့စ်တင်ချိန် - 7/05/2013 10:05:00 AM

သုံးနှစ် အတွင်း စံချိန်တင် ဆက်တိုက် ကျဆင်းခဲ့သည့် ကမ္ဘာ့ရွှေဈေး ပြန်လည်မြင့်တက် လာခြင်းကြောင့် ပြည်တွင်း ရွှေဈေးမှာလည်း တဖြည်းဖြည်း ပြန်လည် မြင့်တက် လာပြီး တစ်ကျပ်သားလျှင် ခြောက်သိန်း ကိုးသောင်းကျပ် ဝန်းကျင် အထိ ပြန်လည် မြင့်တက်နိုင်ကြောင်း ရွှေဈေးကွက် ကျွမ်းကျင်သူ အများစုက ခန့်မှန်းကြသည်။
ဈေးကွက်အတွင်း အရောင်းအဝယ် ကောင်းနေပြီး ဈေးသင့်သောကြောင့် အဝယ်လိုက်လျက်ရှိကာ ယခု တစ်ပတ်အတွင်း ပြည်တွင်း ရွှေဈေးမှာ အတက်ဘက်သို့သာ ဦးတည်နေကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရွှေ လုပ်ငန်းရှင်များ အသင်း အထွေထွေ အတွင်းရေးမှူး ဦးဝင်းမြင့်က ပြောဆို သည်။
“ကမ္ဘာ့ဈေးလည်း ပြန်တက်တော့ ဒီမှာလည်း ဆက်တက်မယ်။ အမြင့်ဆုံး အခေါက်ရွှေ တစ်ကျပ်သား ကို ခြောက်သိန်း ကိုးသောင်းနဲ့ ကမ္ဘာ့ရွှေ တစ်အောင်စကို ၁၂၈၀ ဒေါ်လာလောက်အထိ တက်မယ်လို့ ထင်ပါတယ်” ဟု တိတ်ချိန်ရွှေဆိုင် လုပ်ငန်းရှင် ဦးဇော်အောင်က ပြောကြားသည်။
“ကျွန်တော်တို့ ဆိုင်မှာတော့ အရောင်းအဝယ်က ပုံမှန်ပါ” ဟု ၎င်းက ဆိုသည်။ ဇူလိုင်လ ၁ ရက်နေ့က အဖွင့်ဈေးမှာ ပြည်တွင်း အခေါက်ရွှေ တစ်ကျပ်သား လျှင် ၆၈၃,၀၀၀ ကျပ်နှင့် ကမ္ဘာ့ရွှေ တစ်အောင်စလျှင် ၁၂၄၂ ဒေါ်လာဖြစ်ပြီး ဇူလိုင်လ ၂ ရက်နေ့တွင် ပြည်တွင်း အခေါက်ရွှေ တစ်ကျပ် သားလျှင် ၆၈၄,၀၀၀ ကျပ်နှင့် ကမ္ဘာ့ရွှေ တစ်အောင်စလျှင် ၁၂၆၅ ဒေါ်လာ ဖြစ်သည့် အတွက် ပြည်တွင်း ဈေးရော ကမ္ဘာ့ဈေးပါ ပြန်လည် မြင့် တက်နေခြင်း ဖြစ်ကြောင်း ရွှေဈေးကွက် အတွင်းမှ စုံစမ်း သိရှိရသည်။

The Voice News