ကိုယ်ဝန်ဆောင် သေဆုံးခဲ့မှု လက်ထောက်ဆရာဝန် ပြောင်းရွှေ့ခံရ

ပို့စ်တင်ချိန် - 7/05/2013 11:42:00 AM

ရွှေတောင် ၊ ဇူလိုင် ၎

ပဲခူးတိုင်းဒေသကြီး အနောက်ပိုင်း ရွှေတောင်မြို့နယ် ပြည်သူ့ဆေးရုံ တွင် မေလ ၇ ရက်နေ့က ကိုယ်ဝန်သည် မယုဇာလှိုင် သေဆုံးမှုနှင့် ပတ်သက်၍ တိုင်းကျန်းမာရေးဦးစီးဌာနက လက်ထောက် ဆရာဝန် ဒေါက်တာယူသိန်းနိုင်ကို တိုက်နယ်ဆေးရုံ တစ်ခုသို့ ခေတ္တပြောင်းရွှေ့ တာဝန်ချထားကြောင်း ရွှေတောင် မြို့နယ် ပြည်သူ့ဆေးရုံထံမှ စုံစမ်းသိရှိရသည်။

မယုဇာလှိုင် သေဆုံးခဲ့သည့်ညက တာဝန်ကျခဲ့သည့် လက်ထောက် ဆရာဝန်နှင့်အတူ အထက်တန်း သူနာပြုနှစ်ဦးလည်း ရွှေ့ပြောင်း ခံခဲ့ရကြောင်း အဆိုပါဆေးရုံ တာဝန်ရှိသူတဦးက ပြောကြားသည်။

တိုင်းကျန်းမာရေးဦးစီးဌာနက ဖွဲ့စည်းပေးသော ပြည် မြို့နယ် ပြည်သူ့ ဆေးရုံအုပ်ကြီး ဦးဆောင်ပါဝင်သည့် ဌာနဆိုင်ရာ စုံစမ်းစစ်ဆေးရေး အဖွဲ့က မေလ ၂၉ ရက်နေ့တွင် လာရောက် စစ်ဆေးခဲ့ကြောင်း ၎င်း၏ပြောကြားချက်အရ သိရသည်။

“စစ်ဆေးတွေ့ရှိချက်တွေကို တိုင်းကျန်းမာရေးဦးစီးဌာနကို တင်ထားပါတယ်။ အထက်က သုံးသပ်ပြီးတော့မှ လိုသလို ဆုံးဖြတ်ဆောင်ရွက်ပါလိမ့်မယ်” ဟု စစ်ဆေးမှု့များ ပြုလုပ်ခဲ့သည့် စစ်ဆေးရေး အဖွဲ့ခေါင်းဆောင် ပြည်မြို့နယ် ပြည်သူ့ဆေးရုံအုပ်ကြီး ဦးတင့်ရွှန်းက ပြောကြားသည်။

ရွှေတောင်မြို့နယ် ဆေးရုံတွင် မေလ၆ရက်နေ့ ညနေပိုင်းက ကလေးမီးဖွားရန် ဆေးရုံတက်ခဲ့သော မယုဇာလှိုင်သည် ရေမြွာပေါက်ပြီးနောက် အသက်ရှူရ ခက်ခဲပြီး မောဟိုက်မှုကြောင့် တာဝန်ကျ ဆရာမများကို အကြိမ်ကြိမ် ခေါ်ခဲ့သော်လည်း ဖြစ်ရိုးဖြစ်စဉ်ဟု ပြောဆိုခဲ့ပြီး အရေးပေါ် အခြေအနေရောက်မှ အောက်ဆီဂျင် ပေးသော်လည်း မျက်ဖြူလန်ကာ သေဆုံး ခဲ့ရကြောင်း၊ သေဆုံးခဲ့ရမှုနှင့် ပတ်သက်ပြီး တာဝန်ကျ ဆရာဝန်များနှင့် သူနာပြုများ ကျန်းမာရေး စောင့်ရှောက်မှု မပေးနိုင်၍ မိခင်ရောကလေးပါ သေဆုံးခဲ့ရခြင်း ဖြစ်ကြောင်း သေဆုံးသူ မိသားစုက ပြောကြားခဲ့သည်။

သေဆုံးသူ၏ ရေမြွာရေသည် သွေးပြန်ကြောမှတစ်ဆင့် နှလုံးနှင့် အဆုတ်တို့၏ သွေးကြောများတွင် ပိတ်ဆို့ခဲ့၍ သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း၊ ထိုရောဂါသည် သွေးကြောတွင် ပိတ်ဆို့ပြီးမှ ရောဂါလက္ခဏာ ပြပြီးခြင်း ချက်ချင်းသေဆုံးနိုင်သော ရောဂါဖြစ်ကြောင်း လက်ထောက် ဆရာဝန် ဒေါက်တာ ယူသိန်းနိုင်ကလည်း ပြန်လည် ရှင်းလင်းပြောကြားခဲ့သည်။