အသက်(၁၂)နှစ်ရွယ် သမီးဖြစ်သူကို ဖခင်ဖြစ်သူမှ အလိုမတူဘဲ သားယားအဖြစ်ပြုကျင့်

ပို့စ်တင်ချိန် - 9/13/2013 12:09:00 PM


ကန့်ဘလူမြို့နယ်၊ ရွာသစ်ကျေးရွာ၊ ဖောင်တော်ဦး ဘုန်းကြီးကျောင်းဝင်းအတွင်း၌ သီးသီးခူးရအောင်ဟု ဖခင်ဖြစ်သူမှ အသက် (၁၂) နှစ်အရွယ် သမီးဖြစ်သူကို ပြောဆိုခေါ်ဆောင်ပြီး သီလရှင်ကျောင်း ဟောင်းကြီးပေါ်သို့ဆွဲတင်ကာ အလိုမ တူဘဲ သားမယားအဖြစ် ပြုကျင့်ခဲ့သည့် ပြစ်မှုဖြစ်စဉ် တစ်ရပ်ပေါ်ပေါက်ခဲ့ကြောင်း ဒေသခံပြည်သူများထံမှ စုံစမ်းသိရှိရသည်။

“ ပြဿနာဖြစ်ပွားခဲ့တဲ့တာက ဒီလ ၄ ရက်နေ့ ညနေ ၂ နာရီအချိန်လောက်မှာဖြစ်ပါတယ်..။ အမှုဖွင့် အရေးယူတာက ၁၀ ရက်နေ့ ညနေ ၂ နာရီအချိန်မှာပါ..” ဟု အဆိုပါ ဒေသခံ တစ်ဦးမှ ဆိုသည်။

၎င်း မိသားစုသည် ရွှေဘိုခရိုင်၊ ခင်မြို့နယ်၊ အိုင်ပေါက်ကြီးကျေးရွာတွင် နေထိုင်ကြသူများဖြစ်ကြောင်း သိရသည်။ အခင်းဖြစ်ပွားမည့် ထိုနေ့ကဖခင်ဖြစ်သူ ကိုကျော်မိုး အသက်(၃၅) နှစ် ဘုန်းကြီးကျောင်း မီးစက်မောင်း လုပ်ကိုင်သူသည် ၎င်း၏ သမီးအရင်းဖြစ်သူ အသက်(၁၂)နှစ်အရွယ် မ.....(မခင်အေးမြင့်) ဆိုသူကို ကန့်ဘလူမြို့နယ်၊ ရွာသစ်ကျေးရွာဘက်သို့ နေကြာစေ့သွားဝယ်ရန် ပြောပြီး ဆိုင်ကယ်ဖြင့် တင်ဆောင်ခေါ်သွားခဲ့ရာ၊ အချိန်(၁)နာရီကျော်ခန့် ကြာမြင့်ပြီးနောက် မိခင်ဖြစ် သူ ဒေါ်....(နှင်းနှင်းထွေး) ရှိရာ မီးဖိုချောင်အတွင်းသို့ သမီးဖြစ်သူ မ....ရောက်ရှိလာပြီး ဖင်ဖြစ်သူမှ အလိုမတူဘဲ သားမယား အဖြစ် အတင်းအဓမ္မပြုကျင့်ခဲ့ကြောင်း ငိုယို၍ တိုင်တန်းပြောဆိုခဲ့သည်ဟု သက်ဆိုင်ရာ၏ မှတ်တမ်းများ၌ ယင်းကဲသို့ ဖော်ပြ ထားသည်။

အဆိုပါ ပြစ်မှုဖြစ်စဉ်နှင့် ပတ်သက်၍ သီးခြားသတင်းအတည်ပြုချက်ရယူနိုင်ရန် ကန့်ဘလူမြို့နယ် အထွေထွေအုပ်ချုပ်ရေး မှူးထံသို့ ဖုန်းဖြင့်ဆက်သွယ်မေးမြန်းခဲ့ရာ “ ဖုန်းကတော့ ဦးကျော်စိုးရဲ့
ဖုန်းဖြစ်ပါတယ်။ ကျွန်တော်ခဏ ယူကိုင်ထားတာပါ။ အဲ့ဒီ ကိစ္စနဲ့ပတ်သက်ပြီး ကျွန်တော်တို့က အောက်ခြေ၀န်ထမ်းတွေဖြစ်တာကြောင့် မသိပါဘူး..” ဟု ၎င်း ၀န်ထမ်းဖြစ်သူမှ တုန့်ပြန် ပြောကြားခဲ့သည်။

ကန့်ဘလူမြို့နယ် လူမှုထောက်ကုပြု ကွန်ရက်အဖွဲ့ ၀င်တစ်ဦး၏ ပြောပြချက်များအရ အဆိုပါ ကိစ္စရပ်နှင့်ပတ်သက်ပြီး မိခင်ဖြစ်သူဒေါ်နှင်းနှင်းထွေး အသက်(၃၃)နှစ်၊ ဘခင်အမည် ဦးစိုးမြင့် ဆိုသူမှ ကန့်ဘလူမြို့နယ်၊ ဇီးကုန်နယ်မြေရဲစခန်းသို့ သွားရောက်တိုင်တန်းခဲ့ရာ ၎င်းရဲစခန်းမှ (ပ)၂၁၅/ ၂၀၁၃ ပြစ်မှုပုဒ်မ ၃၇၆ အရ အမှုရေးဖွင့်ပြီး ရဲစခန်းမှူး ရဲအုပ် ၀င်းမြင့် ဆိုသူမှ အမှုအား ဆက်လက်၍ စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

သတင်း၊ ကိုဇေယျာမောင်
by Myanmar News Now