မန္တလေးမြို့တွင် ဟန်းဖုန်းအားသွင်းရာမှ အပူလွန်ကဲ၍ မီးလောင်ကျွမ်းရာ သိန်း၂၀၀ကျော်ဆုံးရှုံး

ပို့စ်တင်ချိန် - 9/13/2013 11:53:00 AM

ယနေ့ မနက်နှစ်နာရီဆယ်မိနစ်တွင် မန္တလေးမြို့ အောင်မြေသာစံမြို့နယ်၊ ညောင်ကွဲရပ်ကွက်၊ အကွက်(၄၁၅/N-2)မှ မျိုးမင်း(ဘ)ဦးမြင့်မောင်၏ သွပ်မိုးထရံကာ တစ်ထပ်နေအိမ်တွင် ဟန်းဖုန်းအားသွင်းရာမှ မီးလောင်မှုစတင်ဖြစ်ပွားခဲ့ရာ သိန်း၂၀၀ကျော်ဖိုး ဆုံးရှုံးခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့ရုံးမှ သိရသည်။
၎င်းမီးလောင်မှုကြောင့် နေအိမ်အနီးရှိ ပျဉ်ထောင်သွပ်မိုး နှစ်ထပ်နေအိမ်၁လုံး၊ နံကပ်နှစ်ထပ်တိုက် အပေါ်ခြမ်း၊ ၈ဈ /၅၈၂၀လိုက်ထရပ်အဖြူ တစ်စီး၊ ၇ယ/၇၀၃၀ပြိုင်ကား တစ်စီး၊ ဆိုင်ကယ်၂စီး စုစုပေါင်းဆုံးရှုံးမှုတန်ဖိုး ၂၂၆.၅သိန်းဖိုး ဆုံးရှုံးခဲ့ခြင်း ဖြစ်ကြောင်း ဆက်လက်သိရသည်။
ယင်းမီးလောင်ရာသို့  မီးသတ်ယာဉ်၅၀စီး၊ မီးသတ်တပ်ဖွဲ့ဝင်၂၃၀ဦးတို့ဖြင့် ဝိုင်းဝန်း ငြိမ်းသတ်ခဲ့ရာ နာရီဝက်အတွင်း ငြိမ်းသတ်နိုင်ခဲ့ကြောင်း၊ မီးလောင်မှုဖြစ်ပွားခြင်းကို အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်းလည်း သိရသည်။
လူလူ
update News