တန်ဘိုးကျပ်(၂၃၇)သိန်းရှိ လက်ဝတ်ရတနာများခိုးယူခံရမှုမှ တရားခံအား ဖေါ်ထုတ်ဖမ်းဆီးရမိ

ပို့စ်တင်ချိန် - 9/13/2013 06:12:00 PM



၎.၉.၂၀၁၃ရက်နေ့ ၁၂၀၀အချိန်တွင်တာမွေမြို့နယ်နေဒေါ်ညိုသည်
၎င်းပိုင်ရွှေဆွဲကြိုးအလေးချိန်(၅)ကျပ်သား(၁)ကုံး၊တန်ဘိုးကျပ်(၃၄)သိန်း
ရွှေပုလဲအားစိန်ကွပ်ထားသောဆွဲသီး(၁)ခု၊တန်ဘိုး (၃)သိန်း နှင့်
ကျောက်စိမ်းဘယက်(၁)ကုံး၊ တန်ဘိုးကျပ်သိန်း(၂၀၀)၊ စုစုပေါင်းတန်ဘိုး
ငွေကျပ်(၂၃၇) သိန်းတို့အား အိပ်ယာဘေးတွင် အမြဲထားလေ့ရှိသော စလင်းဘတ်အိတ်အတွင်း၌ထည့်ထားခဲ့ပါသည်။

၈.၉.၂၀၁၃ရက်နေ့ ၁၀၀၀အချိန်တွင် ဒေါ်ညိုသည် မိတ်ဆွေအလှူသို့
သွားရန်အတွက် စလင်းဘတ် အိတ်အတွင်းမှ လက်ဝတ်ရတနာများအား
ကြည့်ရှု့ရာပျောက်ဆုံး နေကြောင်းသိရှိရသဖြင့် ၉.၉.၂၀၁၃ ရက်နေ့တွင် သားဖြစ်သူမှတရားလိုပြုလုပ်ကာစုံစမ်းအရေးယူပေးပါရန် တိုင်တန်းသဖြင့် တာမွေမြို့မရဲစခန်း (ပ)၃၉၁/၂၀၁၃၊ ပုဒ်မ ၃၈၀ဖြင့် အမှုဖွင့်လှစ်ပြီး စုံစမ်းဖော်ထုတ် ဆောင်ရွက်ခဲ့ပါသည်။

ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ အကူတပ်ဖွဲ့ခွဲ၊ အုပ်ချုပ်မှုတပ်ခွဲ၊ မှုခင်းအကူဌာနစုမှ တပ်ဖွဲ့ဝင်များသည် အမှုနှင့်ပတ်သက်၍
စုံစမ်းဆောင်ရွက်ခဲ့ရာ အဆိုပါနေအိမ်သို့ ၀င်/ထွက်သွားလာဘူးသည့် ခန့်ဇော်ဦး(ခ)ကိုခန့်၊ (ဘ)ဦးအေးလွင်၊ ဝေဘာဂီမြို့သစ်၊
မြောက်ဥက္ကလာပမြို့နယ်နေသူမှာ မန္တလေးမြို့သို့ သွားရောက်ကာ
ငွေကြေးများ သုံးဖြုန်းနေကြောင်း မသင်္ကာဖွယ်သတင်းရရှိသဖြင့် မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့၊ အမှတ်(၃) နယ်မြေရဲစခန်းနှင့် ချိတ်ဆက်စုံစမ်းဆောင်ရွက်ခဲ့ရာ ၁၀.၉.၂၀၁၃ရက်နေ့ ၁၉၀၀အချိန်တွင် မန္တလေးမြို့၊ တိမ်ဖြူဟိုတယ်၌ ခန့်ဇော်ဦး(ခ)ကိုခန့်အား သူငယ်ချင်းများ
နှင့်အတူ ရောက်ရှိတည်းခိုနေထိုင်စဉ် သက်သေခံပစ္စည်းအချို့နှင့်အတူ ဖမ်းဆီးရမိခဲ့ပါသည်။

အမှုမှတရားခံ ခန့်ဇော်ဦး(ခ)ကိုခန့်အား မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့၊ အမှတ်(၃) နယ်မြေရဲစခန်းမှ လွှဲပြောင်းခေါ်ယူ၍ စစ်ဆေးခဲ့ရာ ၄င်းသည် ၃.၉.၂၀၁၃ရက်နေ့တွင် ဖခင်၊ မိခင်၊ အစ်မဖြစ်သူတို့ နှင့်အတူ ခင်မင်ရင်းနှီးသည့် အခင်းဖြစ်နေအိမ်သို့ သွားရောက်တည်းခိုနေထိုင်စဉ် ၅.၉.၂၀၁၃ရက်နေ့ ၁၁၀၀အချိန်ခန့်တွင် အိမ်ရှင်ဒေါ်ညို၏ အိပ်ယာ
ဘေးစလင်းဘတ်အိတ်အတွင်းမှ ရွှေထည်ပစ္စည်း များကို ခိုးယူခဲ့ပြီး ပစ္စည်းအချို့အားရောင်းချကာ မန္တလေးမြို့သို့တိမ်းရှောင်နေခဲ့ကြောင်း စစ်ဆေး ပေါ်ပေါက်ခဲ့သဖြင့် အမှုမှသက်သေခံပစ္စည်းများအား
ပြန်လည်သိမ်းဆည်းခဲ့ပြီး ဆက်လက်အရေးယူနိုင်ရေး
ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
Yangon Police