ရွှေမြင့်မိုရ် စတိုးဆိုင်တွင် ဈေးဝယ်ဟန်ဆောင်၍ ဆိုင်ရှင်ကို ဓားဖြင့်ထိုး

ပို့စ်တင်ချိန် - 9/13/2013 10:55:00 AM

တောင်ဥက္ကလာပမြို့နယ် မေတ္တာလမ်းမပေါ်ရှိ ရွှေမြင့်မိုရ် စတိုးဆိုင်တွင် မျက်နှာစိမ်း အမျိုးသားတစ်ဦးက ဈေးဝယ်ဟန်ဆောင်၍ အသက် ၅၀ အရွယ် ဆိုင်ရှင်အမျိုးသမီးကို ဓားထိုးထွက်ပြေးမှု စက်တင်ဘာလ ၁၀ ရက် ည ၉ နာရီခွဲခန့်က ဖြစ်ပွားခဲ့ကြောင်း ဓားထိုးခံရသူ၏ မိသားစုဝင်များထံမှ သိရှိရသည်။

ဒေါ်မြင့်မြင့်ရှိန်နှင့် ဒေါ်ခိုင်သဇင်မျိုးတို့ ညီအစ်မနှစ်ဦး ဖွင့်လှစ်ထားသော ရွှေမြင့်မိုရ် စတိုးဆိုင်သို့ စက်တင်ဘာ ၁၀ ရက်နေ့ည ၉ နာရီခန့်က အသက် ၅၀ ခန့်အရွယ် မျက်နှာစိမ်း အမျိုးသားတစ်ဦးက ရောက်ရှိလာပြီး ကျွဲရိုင်း အချိုရည်နှစ်ဘူးနှင့် ကလေးကစားစရာအရုပ် ဝယ်ယူချင်သည်ဟု ပြောဆိုသောကြောင့် ဒေါ်ခိုင်သဇင်မျိုးက အရုပ်ထားသည့် အခန်းကို မီးဖွင့်ပေးမည်ဟုဆိုကာ ၎င်းက အခန်းတွင်းရှိ ကျွဲရိုင်း အချိုရည်ဘူးကို သွားယူစဉ် အရောင်းကောင်တာတွင် ထိုင်နေသူ ဒေါ်မြင့်မြင့်ရှိန်ကို ယူလာသော ဓားဖြင့်ထိုးခဲ့ကြောင်း ၎င်း၏ မိသားစုများထံမှ စုံစမ်းသိရှိရသည်။

“ဓားက ဘယ်လက်မောင်းကနေ ဂျိုင်းအောက်ကို ဝင်သွားတာ၊ ရင်ဘတ်ကနေ ပြန်ထွက်လာပြီး ရင်အုံကို ပြန်ဖောက်ဝင်သွားတယ်။ ဆရာဝန်တွေက အင်မတန် ကံကောင်းတယ်လို့ ပြောတယ်” ဟု ပြောကြောင်း ဓားဖြင့်အထိုးခံခဲ့ရသူ အသက် ၅၀ အရွယ် ဒေါ်မြင့်မြင့်ရှိန်က ၎င်းတွေ့ကြုံခဲ့ရပုံကို The Voice သို့ ပြန်လည် ပြောကြားသည်။

အဆိုပါ စတိုးဆိုင်ကို ည ၉ နာရီတိုင်း ဆိုင်ပိတ်လေ့ ရှိသော်လည်း တူဖြစ်သူမှာ အဆိုပါ အပေါ်ထပ်တွင် စာသင်ကြားနေသောကြောင့် ဆိုင်ဖွင့်ကာ စောင့်ဆိုင်းနေစဉ် ဓားထိုးမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဓားဖြင့်ထိုးသူက ဆိုင်နှင့် သုံးအိမ်ကျော် အကွာတွင် ရပ်နားထားသော အဖြူရောင် ဗင်ကာတစ်စီးပေါ်တက်ကာ ထွက်ပြေးခဲ့ကြောင်း ၎င်းကရှင်းပြသည်။

အဆိုပါ ဓားထိုးမှုကို (ပ) ၃၃၆၊ ပြစ်မှုပုဒ်မ ၃၂၆ ဖြင့် အမှုဖွင့် စုံစမ်းလျက် ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရှိရသည်။
The Voice Weekly