ပြည်သူအချင်းချင်း အဘိဇ္ဈာ မပွားချင်

ပို့စ်တင်ချိန် - 9/17/2013 10:50:00 AM




တည်ဆဲဥပဒေ အချို့ဟာ ပြည်သူတွေ လိုက်နာဖို့ ခက်ခဲတာကြောင့် အလိုအလျောက် ဥပဒေ ချိုးဖောက်သလိုမျိုး ဖြစ်နေကြောင်း တရားဥပဒေ စိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေး ကော်မတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ပြောကြားလိုက်တာကို Daily Eleven သတင်းစာမှာ ဖတ်လိုက်ရတယ်ခင်ဗျ။

သတင်းဖတ်ပြီးတဲ့ အခါမှာတော့ ကျွန်တော်တို့ မြို့လေးက မကြားချင်မှအဆုံး ကြားနေရတဲ့ အကြောင်းအရာ တချို့ကို ဆပွားတွေးလို့ ဖောက်သည်ချချင်တယ်။

အကြောင်းအရာ တွေထဲမှာ တစ်ချက်က ကျွန်တော်တို့ မြို့လေးမှာ ခရီးသွားလုပ်ငန်း မျှော်လင့်ချက် ကောင်းလာတာနဲ့အမျှ တိုးချဲ့ဆောင်ရွက်ဖို့ လိုအပ်လာတဲ့ ဟိုတယ်၊ တည်းခိုခန်းနဲ့ တိုးပွားလာတဲ့ လူဦးရေနဲ့အညီ လိုအပ်လာတဲ့ နေရာ၊ အဆောက်အအုံ တိုးချဲ့မှုတွေနဲ့ သက်ဆိုင်ပါတယ်။

ကျွန်တော်တို့ ဒေသက အင်မတန် ထူးခြားပါတယ်။ စိုက်ရေးပျိုးရေးနဲ့ အခြားကုန်သွယ်လုပ်ငန်း မထွန်းပေါက်တဲ့ မြို့လေးမှာ ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်တွေ ပေါကြွယ်တာကြောင့် ခရီးသွား လုပ်ငန်းက ဖြစ်ထွန်းလာပါတယ်။ ခက်နေတာက ခရီးသွားလုပ်ငန်း ကောင်းလာလို့ လုပ်ငန်းတိုးချဲ့ ဆောင်ရွက်ပါမယ် ဆိုတော့ မြို့ဧရိယာ အများစုဟာ ရှေးဟောင်း အမွေအနှစ်နယ်မြေ ဖြစ်နေတာမို့ တိုးချဲ့ချင်တိုင်း တိုးချဲ့လို့ မရပြန်ဘူး။ မြန်မာတင်မက ကမ္ဘာကပါ တန်ဖိုးထားတဲ့ ရှေးဟောင်းနယ်မြေ ဆိုတော့လည်း လုပ်ချင်သလို လုပ်ပစ်လို့က ဘယ်ရမလဲ။ ရေရှည်တည်တံ့အောင် ဆိုတာ ဥပဒေ၊ စည်းမျဉ်း ၊ စည်းကမ်းတွေ၊ ဒေသန္တရ ဥပဒေတွေနဲ့ ကာကွယ်ထိန်းသိမ်း ကြရတာပေါ့။

ပြောချင်တာက ကျွန်တော်တို့ မြို့လေးမှာ နားနဲ့မဆံ့အောင် ကြားနေရတဲ့ အသံတွေပါပဲ။

ကျွန်တော်တို့ကျတော့ ရှေးဟောင်းမြေနဲ့ မလွတ်လို့တဲ့ဗျာ။ ဟိုလူတွေကျတော့ ဆိုတာမျိုး။ ကိုယ်ကျိုးအတွက်ပဲဖြစ်ဖြစ် အများအကျိုး အတွက်ပဲဖြစ်ဖြစ် အဆောက်အအုံနေရာ တိုးချဲ့ဆောင်ရွက် လိုတဲ့အခါ ကြားရတဲ့ အသံတွေဟာ ဟိုလူကျတော့၊ ဟိုအဖွဲ့ကျတော့ ဘုရားနားမှာ၊ ဘုရားရှေ့မှာ ဘယ်လို အဆောက်အအုံတွေ ဘယ်လို ဆောက်ခွင့်ရတယ်။ တိုးချဲ့ခွင့်ရတယ်။ တို့ကတော့ ဒါလေးတောင် သူတို့က ခွင့်မပြုနိုင်ဘူး စသဖြင့်ပေါ့။ နောက်အကြောင်းအရာ တစ်ခုက ကျွန်တော့် အသိတစ်ယောက် ညောင်ဦးမြို့ထဲမှာ စားသောက်ဆိုင်လေး တစ်ဆိုင်ဖွင့်ထားတယ်။ ဆိုင်လေးက ရောင်းအား ကောင်းပါတယ်။ အဓိက စားသုံးသူ နိုင်ငံခြားသား တွေပါပဲ။ တစ်နေ့က သူ့ကို တရားရုံးက ထောင်ဒဏ်နှစ်ပတ် ချမှတ်လိုက်တယ်။ သူနဲ့အတူ ကျွန်တော်တို့မြို့က စားသောက်ဆိုင် နှစ်ဆိုင်က အမျိုးသမီး တစ်ဦး၊ အမျိုးသားတစ်ဦး စုစုပေါင်းသုံးဦး အလားတူ ပြစ်ဒဏ်တွေ ကျခံခဲ့ရတယ်။ အပြစ်က သူတို့ဆိုင်တွေမှာ ဘီယာတင် ရောင်းတဲ့အမှု။

နိုင်ငံခြားသား ခရီးသွားတွေ အများဆုံးလာတဲ့ ဒေသမှာ ဘီယာရောင်းချခွင့်ကို လေလံစနစ်နဲ့ ဒီနှစ်လုပ်လိုက်တဲ့အခါ နိုင်ငံခြားသား အများဆုံး နေထိုင်လည်ပတ်တဲ့ ညောင်ဦး တစ်ဝိုက်မှာ ဘီယာရောင်းချခွင့်ဟာ တစ်ဆိုင်ပဲ ရှိတော့တယ်။ (ပုဂံမြို့သစ်ဘက်မှာ ရောင်းချခွင့် သုံးဆိုင်ရပေမယ့် နိုင်ငံခြားသား အများစုက ပုဂံမြို့ဟောင်းနဲ့ ညောင်ဦးဘက် နေထိုင်လည်ပတ် စားသောက်တာများတယ်) ခရီးသွားရာသီမှာ နိုင်ငံခြားသားဧည့်သည် တစ်နေ့လေးငါးရာမက ကျွန်တော်တို့ ဒေသမှာ ရောက်ရှိနေမြဲ။ နိုင်ငံခြားသား ဆိုတာကလည်း သွားရင်းလာရင်း ဆိုင်တစ်ဆိုင်ဆိုင်မှာ နေ့လယ်စာ ဒါမှမဟုတ် ညစာဝင်စားပြီဆိုရင် ဘီယာဆိုတာ အနည်းနဲ့အများ ပါစမြဲဆိုတော့ ဆိုင်တိုင်းလို ဘီယာတင် ရောင်းချလာခဲ့ကြတာ ခုချိန်ထိပေါ့။ ဆိုင်အရေအတွက်က တစ်ရာမကပေမယ့် ရောင်းချခွင့်က စုစုပေါင်းမှ သုံးဆိုင်ပဲဆိုတော့ ဧည့်သည်လည်း အခက်တွေ့သလို ဧည့်လမ်းညွှန်တွေလည်း ဒုက္ခရောက်ရ၊ ဆိုင်တွေလည်း ကြံရာမရ ဖြစ်တာပေါ့။ ဒီဒေသက ဆိုင်တွေမှာလည်း နိုင်ငံခြားသား အဓိက အားထားရောင်းကြ ရတာဆိုတော့ နောက်ဆုံး ဖမ်းကာမှဖမ်းရော ရောင်းကြတာပေါ့။

တချို့က ဝေဖန်ထောက်ပြ ကြပါတယ်။ ယဉ်ကျေးမှု နယ်မြေဖြစ်လို့ ဘီယာရောင်းချခွင့်ကို ကန့်သတ်ချင်တာ မပြစ်မဆိုပါဘူးတဲ့။ ဒါပေမဲ့ ဒီနယ်မြေက နိုင်ငံခြားသား ခရီးသွားတွေအပေါ် အဓိကအားထား ရပ်တည်နေရတဲ့ နယ်မြေတဲ့။ ဘီယာကို တရားဝင်လည်း မရောင်းရ၊ ဧည့်သည်ကလည်း ဒါမပါရင် မပြီးဆိုတဲ့အခါ ဆိုင်တွေက နောင်ခါလာ နောင်ခါဈေး ရောင်းကြတယ်။ နိုင်ငံတော်မှာလည်း ရသင့်ရထိုက်တဲ့ အခွန်အခ မရရှိရုံကလွဲလို့ ဘာများအကျိုး ထူးလာလို့လဲတဲ့။ မြို့တွင်း စားသောက်ဆိုင် အများစုမှာတော့ ရောင်းတဲ့လူက ရောင်းမြဲရောင်းနေ ကြတာပါပဲ။ ကြားလာရတဲ့ အသံတွေကို ဒီမှာအဓိကထား ပြောချင်တာပါ။

''သူတို့ကျတော့ မဖမ်းဘူး။ ငါတို့ကျတော့၊ ကျုပ်တို့ကိုတော့ ထောင်နှစ်ပတ် ချလိုက်တယ်။ သူတို့ကျရင်ကော'' ဆိုသော အသံလေးတွေ ကြားလာရတယ်ဗျ။

အကြောင်းအရာတွေ များပေမယ့် လတ်တလော ကြားနေရတဲ့ အကြောင်းလေးပဲ နောက်ဆုံးထားပြီး ဆက်ပြောချင် ပါသေးတယ်။ ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်တွေကို သက်ဆိုင်ရာက စနစ်တကျ ထိန်းသိမ်းဆောင်ရွက်နေတာကြောင့် ဘုရားတချို့မှာ တံတိုင်းအတွင်းက ဈေးသည်တွေကို အပြင်ထုတ်တယ်။ ရှေးဟောင်းဘုရားတွေရဲ့ ခံ့ညားထည်ဝါမှု၊ သန့်ရှင်းမှုတွေကို အထောက်အကူ ဖြစ်အောင်လို့ ရည်ရွယ်တာပါ။ ဒါဟာ ကောင်းတဲ့ ရည်ရွယ်ချက်ပါ။

ဒါပေမဲ့ နှစ်ပေါင်းများစွာ ဒီဘုရားအရိပ် အာဝါသအောက် မိုးလင်းမိုးချုပ် ဈေးရောင်း စားလာကြတဲ့ သူတွေဆိုတော့ ခုမှနေရာရွှေ့ ခံရမယ့်အရေး ငါ့ဒိန်ခဲ ဘယ်သူရွှေ့လဲ။ ဘာကြောင့် အရွှေ့ခံရသလဲ။ စောဒကတက်ပြီပေါ့။ အပြောင်းအလဲ ဆိုတာကြီးကို ကျွန်တော်တို့ ယုံကြည်အားကိုးစွာ လက်ခံတတ်ကြတဲ့ စိတ်ခွန်အား အလေ့အကျင့်တွေ အဆင်သင့် မရှိကြသေးဘူးမို့လား။ ကိုယ်ကျိုးစီးပွားနဲ့ ယှဉ်လာတော့လည်း တခြားအရေးတွေထက် ကိုယ့်အရေးကို ရှေ့တန်းထား ဦးစားပေးချင်တဲ့ လူ့သဘာဝ တရားလည်း ပါမှာပေါ့။ ဒါနဲ့ဆက်နွှယ်ပြီးတော့ ကြားလာရတဲ့ အသံတွေကလည်း-

''တို့ဆိုင်တွေကျတော့ ဇွတ်အတင်း ရွှေ့ရမယ် ပြောနေတယ်။ ဟိုဘုရားက ဆိုင်တွေကျတော့ ''၊ ''ငါတို့မှ တံတိုင်းအပြင် ထွက်ရရင် ဟိုဘုရား တန်ဆောင်းထဲက ဆိုင်တွေလည်း ရွှေ့ခိုင်းပေါ့'' စသဖြင့် မကြားချင်အဆုံး ကြားလာရပြန်တယ်။

ကြားလာရတဲ့ အသံတွေကို လေ့လာသုံးသပ် ကြည့်တဲ့အခါ တရားဥပဒေ စိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေး ကော်မတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ပြောသလို လိုက်နာဖို့ ခက်ခဲတဲ့ ဥပဒေအချို့ကြောင့် ပြည်သူတွေ အလိုအလျောက် ဥပဒေ ချိုးဖောက်သလိုမျိုး ဖြစ်ရတာ ရှိသလို ဥပဒေအချို့ကို အကောင်အထည်ဖော် ဆောင်ရွက်ရာမှာ လိုအပ်ချက် အားနည်းချက်တွေ ရှိနေရင် အောက်ခြေက ပြည်သူလူထုမှာလည်း အိမ်ကြက် အချင်းချင်း အိုးမဲသုတ်တာ ခံထားရသလိုမျိုး ပြည်သူအချင်းချင်း အဘိဇ္ဈာ ပွားမှုတွေ ဖြစ်တတ်ကြောင်းပါ ခင်ဗျာ။

ကိုနော် (ပုဂံ)

ပုဂံဒေသရှိ ထီးလိုမင်းလိုဘုရားအနီးမြင်ကွင်း
Eleven Media Group