လဟာပြင်ဈေး၊ သိမ်ဖြူယာဉ်မောင်းကွင်း၊ ဟံသာဝတီ ကားပွဲစားတန်း နေရာများတွင် တည်ဆောက်မည့် စီမံကိန်းအတွက် ရွှေတောင်ကုမ္ပဏီ တစ်ခုတည်းက ကျပ်သန်းပေါင်း ၂၀၀၀၀၀ အထိ သုံးရန်စီစဉ်

ပို့စ်တင်ချိန် - 9/27/2013 08:57:00 AM


လဟာပြင်ဈေး၊ သိမ်ဖြူယာဉ်မောင်းကွင်း၊ ဟံသာဝတီ ကားပွဲစားတန်း နေရာများတွင် တည်ဆောက်မည့် စီမံကိန်းအတွက် ကျပ်သန်းပေါင်း ၄၂၅၀၀၀ အထိသုံးစွဲမည်၊ ရွှေတောင်ကုမ္ပဏီ တစ်ခုတည်းက လဟာပြင်ဈေး စီမံကိန်းအတွက် ကျပ်သန်းပေါင်း ၂၀၀၀၀၀ အထိ သုံးရန်စီစဉ်

ရန်ကုန်မြို့၏ အချက်အချာကျ နေရာများဖြစ်သည့် လဟာပြင်ဈေးနှင့် ဗိုလ်ချုပ်ဈေးသစ်နေရာ၊ သိမ်ဖြူယာဉ်မောင်း လေ့ကျင့်ရေးကွင်း နေရာနှင့် ဟံသာဝတီ ယာဉ်ရောင်းဝယ်ရေး စခန်းဟောင်း နေရာများတွင် တည်ဆောက်မည့် စီမံကိန်းများ အတွက် ကျပ် ၄၂၅ ဘီလျံ (ကျပ်သန်းပေါင်း ၄၂၅၀၀၀)အထိ သုံးစွဲရန် စီစဉ်ထားကြောင်း သတင်းရရှိသည်။

ရန်ကုန်မြို့လယ်၊ လဟာပြင်ဈေးနှင့် ဗိုလ်ချုပ်ဈေးသစ် နေရာကို Shwe Taung Junction City Development Co.,Ltd မှ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီနှင့် အကျိုးတူ လုပ်ကိုင်မည်ဖြစ်ပြီး လုပ်ငန်းခန့်မှန်း တန်ဖိုးမှာ ငွေကျပ် သန်းပေါင်း ၂၀၀၀၀၀ (၂၀၀ ဘီလျံ) ဖြစ်ကြောင်း သိရသည်။

ကန်တော်ကြီး ပတ်လမ်းရှိ သိမ်ဖြူယာဉ်မောင်း လေ့ကျင့်ရေးကွင်း နေရာကို Asia Myanmar Consortium Development Co.,Ltd က တာဝန်ယူ တည်ဆောက်မည်ဖြစ်ပြီး လုပ်ငန်းခန့်မှန်း တန်ဖိုးမှာ ကျပ်သန်းပေါင်း ၁၂၅၀၀၀ (ကျပ် ၁၂၅ ဘီလျံ) ဖြစ်ကြောင်း သိရသည်။

ဟံသာဝတီ ယာဉ်ရောင်းဝယ်ရေး စခန်းဟောင်း နေရာတစ်ခုလုံးကို Crown Advanced Construction Co.,Ltd မှ အကောင်အထည်ဖော် တည်ဆောက်မည်ဖြစ်ပြီး လုပ်ငန်း ခန့်မှန်းတန်ဖိုးမှာ ကျပ်သန်းပေါင်း ၁၀၀၀၀၀ (ကျပ်ဘီလျံ ၁၀၀) ဖြစ်ကြောင်း သိရသည်။

စီမံကိန်းများ အားလုံးကို သုံးနှစ်အတွင်း အပြီးတည်ဆောက်ရန် လျာထားပြီး စီမံကိန်း ပြီးဆုံးချိန်အထိ အဆိုပါ ကုမ္ပဏီသုံးခုတည်းမှ မြှုပ်နှံရန် ခန့်မှန်းတွက်ချက်ထားသည့် ပမာဏမှာ ကျပ် သန်းပေါင်း ၄၂၅၀၀၀ အထိ ရှိနေသည်။

ကုမ္ပဏီ သုံးခုတည်းမှ မြှုပ်နှံမည့် ယင်းငွေပမာဏမှာ ၂၀၁၂-၂၀၁၃ စည်းကြပ် နှစ်အတွက် ပြည်တွင်းအခွန် ဦးစီးဌာနမှ တစ်နှစ်လုံး ကောက်ခံရရှိသည့် ငွေပမာဏ၏ ငါးပုံတစ်ပုံနီးပါးအထိ ရှိသော ငွေပမာဏ ဖြစ်သည်။

လဟာပြင်ဈေး နေရာတွင် ရွှေတောင်ကုမ္ပဏီမှ ၃၂ ထပ် အမြင့်ရှိ Hotel၊ ၂၈ ထပ်အမြင့်ရှိ Office နှင့် ၃၄ ထပ်အမြင့်ရှိ Residential Twin Tower နှစ်လုံးအပြင် Shopping Mall များပါ ထည့်သွင်း တည်ဆောက်မည် ဖြစ်ကြောင်း၊ ပထမဆင့်ကို သုံးနှစ်အတွင်း အပြီးတည်ဆောက်ရန် လျာထားကြောင်း သိရသည်။

အကျိုးအမြတ် အနေဖြင့် လဟာပြင်ဈေးနေရာ စီမံကိန်းအတွက် ရွှေတောင်ကုမ္ပဏီမှ ၄၈ ဒသမ ၃၇ ရာခိုင်နှုန်းနှင့် စည်ပင်မှ ၅၁ ဒသမ ၆၃ ရာခိုင်နှုန်း ခွဲဝေရန် လျာထားထားကြောင်း၊ ဟံသာဝတီ ယာဉ်ရောင်းဝယ်ရေး စခန်းဟောင်းနေရာမှ စီမံကိန်းအတွက် စည်ပင်မှ ၅၂ ရာခိုင်နှုန်းနှင့် Crown Advanced မှ ၄၈ ရာခိုင်နှုန်း၊ သိမ်ဖြူယာဉ်မောင်း လေ့ကျင့်ရေးကွင်း နေရာမှ ကန်သာယာ Consortium Tower စီမံကိန်းအတွက် စည်ပင်မှ ၅၀ ရာခိုင်နှုန်းနှင့် Asia Myanmar Consortium Development မှ ၅၀ ရာခိုင်နှုန်း ခွဲဝေရန် လျာထားထားသည်ဟု သိရသည်။

ရန်ကုန်မြို့၊ ဒဂုံမြို့နယ်၏ အချက်အခြာကျ နေရာတွင်ရှိပြီး ရွှေတိဂုံဘုရား အနီးတွင် တည်ရှိသည့် နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ် နေရာဟောင်းနယ်မြေ(၂)ရှိ မြေဧရိယာ ၁၂ ဒသမ ၆၀၄ ဧကထဲမှ မြေ ၈ ဒသမ ၈၄၄ ဧကအား ရွှေတောင်ကုမ္ပဏီမှ စီးပွားဖြစ် လုပ်ကိုင်ခွင့် ရရှိခဲ့ကြောင်း၊ အဆိုပါ စီမံကိန်းအတွက် ရွှေတောင်ကုမ္ပဏီမှ ကျပ်သန်းပေါင်း တစ်သိန်းကျော်အထိ မြှုပ်နှံသွားမည် ဖြစ်ကြောင်း၊ ထို့အတွက် ရွှေတောင်ကုမ္ပဏီ တစ်ခုတည်းမှ စီမံကိန်းနှစ်ခု အပြီးသတ် ကာလအထိ ငွေကျပ်သန်းပေါင်း ၃၀၀၀၀၀ ကျော်ကို မြှုပ်နှံမည်ဖြစ်ကြောင်း သိရသည်။

ရွှေတောင် ကုမ္ပဏီအပြင် အခြားသော ကုမ္ပဏီအချို့၏ ဟိုတယ်နှင့် စီးပွားဖြစ် အဆောက်အအုံ ဆောက်လုပ်မည့် စီမံကိန်းများ အတွက် အသုံးပြုမည့် ငွေပမာဏမှာလည်း လွန်စွာများပြားသည့် အခြေအနေ ဖြစ်နေကြောင်း၊ မြန်မာနိုင်ငံတွင် အခွန်ကောက်ခံမှု စိစစ်ကြပ်မတ်ရေး ဘုတ်အဖွဲ့ကို ဖွဲ့စည်းထားပြီး ဖြစ်သည့်အပြင် ဘုတ်အဖွဲ့ တာဝန်ရှိသူများမှလည်း အခွန်ရှောင်တိမ်းမှုများကို ဥပဒေအရ အရေးယူမည်ဟု ထုတ်ဖော် ပြောကြားထားပြီး ဖြစ်ကြောင်း၊ ထို့အတွက် ယခုကဲ့သို့ ရင်းနှီးမြှုပ်နှံမည့် ငွေပမာဏများမှာ အခွန်ပေးဆောင်ပြီးသည့် ငွေများ ဟုတ်၊ မဟုတ် စိစစ်ခြင်းဖြင့် နိုင်ငံနှင့် ပြည်သူအတွက် အကျိုးရှိမည် ဖြစ်ကြောင်းကိုလည်း လွှတ်တော်ကိုယ်စားလှယ် အချို့ကလည်း သုံးသပ်ထားသည်။

လဟာပြင်ဈေးနှင့် ဗိုလ်ချုပ်ဈေးသစ် နေရာကို စက်တင်ဘာ ၂၆ ရက် ညနေပိုင်းက တွေ့ရစဉ် (ဓာတ်ပုံ - အောင်မျိုးသန့်)
Eleven Media Group