စတန့်ထွင်ရင်း လူသိများလာသည့် အာဆင်နယ် ပရိသတ် မိန်းကလေး

ပို့စ်တင်ချိန် - 9/27/2013 02:05:00 PM


တော့တင်ဟမ် ဟော့စပါး အသင်း၏ အိမ်ကွင်းတွင် စတန့်ထွင်ခဲ့သည့် အာဆင်နယ် ပရိသတ် မိန်းကလေး တစ်ဦးသည် ယခုအခါ အင်တာနက်တွင် နာမည်ကျော်တစ်ဦး ဖြစ်လာကြောင်း သိရသည်။ နော်ဝေးသူလေး မာရီအက်ဒ်ဗာ့ဒ်ဆန်သည် အင်္ဂလန် ပရီးမီးယားလိဂ် ကလပ်အသင်း အာဆင်နယ်ကို အားပေးသလို မိမိနိုင်ငံမှ ထရွမ်ဆို အသင်းကိုလည်း အားပေးသူ ဖြစ်သည်။ ထရွမ်ဆို အသင်းသည် ယူရိုပါလိဂ် ပြိုင်ပွဲအဖြစ် စပါးအသင်း၏ အိမ်ကွင်း ဝှိုက်ဟတ်လိန်းတွင် လာရောက် ယှဉ်ပြိုင်ကစားရာ မာရီက ကိုယ်တိုင်ကိုယ်ကျ လိုက်လံ အားပေးခဲ့သည်။ ထိုပွဲစဉ်တွင် အသက်(၁၉)နှစ်ရှိ မိန်းကလေးသည် အသင့်ယူဆောင်လာသည့် အာဆင်နယ် ဂျာစီကို ဝတ်ဆင်ပြခဲ့ပြီး ယင်းဓာတ်ပုံများကို မီဒီယာများက ဖော်ပြခဲ့သည့်နောက် နာမည်ကြီးလာခြင်း ဖြစ်သည်။ အာဆင်နယ်နှင့် စပါးတို့ကြား အလွန်ခါးသီးသော အားပြိုင်မှုများ ရှိနေရာ ယခုလုပ်ဆောင်မှုသည် စတန့်ထွင်မှု တစ်ခုဟု မှတ်ယူနိုင်မည် ဖြစ်သည်။

"ကျွန်မက အာဆင်နယ်ကို ကြိုက်တယ်။ ထရွမ်ဆိုကိုလည်း အားပေးတယ်လေ။ စပါးနဲ့ပွဲမှာတော့ ထရွမ်ဆို ရှုံးလောက်တယ်ဆိုတာ ကျွန်မ ခံစားမိတယ်။ အဲဒီပွဲမှာ ကျွန်မ အာဆင်နယ် ဂျာစီကို ဝတ်သွားချင်ပေမယ့် နည်းနည်း ကြောက်မိတယ်။ နောက်တော့ ကျွန်မ ဂျာစီကို ကောက်စွပ်လိုက်တယ်။ တကယ်က (၅)စက္ကန့်လောက်ပါပဲ။ ဒါကို သတင်းသမားတွေက ဓာတ်ပုံရိုက်သွားတာပါ"ဟု မာရီက ရှင်းပြခဲ့သည်။ ယခုအခါ သူမကို အာဆင်နယ် ပရိသတ် (၅၀၀)ခန့်က Facebookတွင် လာရောက် မိတ်ဖွဲ့ခဲ့ပြီး ဖြစ်သလို Messageများလည်း ပေးပို့ခဲ့ကြောင်း မာရီက ဆိုသည်။

"တကယ်တမ်း ပြောရရင် ဒီကိစ္စက ဒီလောက်ထိ တုံ့ပြန်စရာ ဖြစ်လာမယ် မထင်ခဲ့ဘူး။ ပြောရရင် ကျွန်မက အာဆင်နယ် ပရိသတ်ဆိုတော့ ဝှိုက်ဟတ်လိန်းကို မသွားချင်ဘူး။ ဒါပေမဲ့ ထရွမ်ဆိုကိုလည်း ကျွန်မ အားပေးတယ်လေ။ ကွင်းထဲမှာ အာဆင်နယ် ဂျာစီကို ထုတ်ဝတ်လိုက်ပြီး ကျွန်မ ဂုဏ်ယူချင်စိတ် ဝင်လာတယ်။ တကယ်ပဲလည်း လုပ်ဖြစ်သွားတယ်။ ကျွန်မကို တစ်ကမ္ဘာလုံးက အာရုံစိုက်လောက်စရာ ဖြစ်သွားမယ်လို့ မထင်ခဲ့ပါဘူး။ Facebookမှာ အာဆင်နယ် ပရိသတ် (၅၀၀)လောက်က ကျွန်မကို လာမိတ်ဖွဲ့တယ်။ Messageတွေလည်း အများကြီးရတယ်။ အများစုက အကောင်းဘက်က ရေးတာပါ။ တချို့ကတော့ ပုတ်ခတ်တာတွေ ပါတယ်လေ"ဟုလည်း မာရီက ဖွင့်ဟခဲ့သည်။

သူမက "တချို့တွေက ကျွန်မလုပ်ရပ်ကြောင့် စိတ်အနှောင့်အယှက် ဖြစ်သွားနိုင်တာ နားလည်ပါတယ်။ ဒါပေမဲ့ ကျွန်မက ဟာသအနေနဲ့ပဲ လုပ်ခဲ့တာပါ။ နည်းနည်းရိုင်းသလို ဖြစ်သွားတာကို တောင်းပန်ပါတယ်"ဟုလည်း ဆိုသည်။ သူမက ယင်းပွဲစဉ်နောက်ပိုင်းတွင် စတုတ်ခ်စီးတီးနှင့် အာဆင်နယ်တို့ အမ်းမရိတ်စ်တွင် ကစားခဲ့သည့် ပွဲစဉ်အတွက် လက်မှတ်တစ်စောင်ကိုလည်း လက်ဆောင်ရခဲ့ကြောင်း ဖွင့်ဟခဲ့သည်။ "ခုဆို ကျွန်မမှာ အာဆင်နယ် ပရိသတ် သူငယ်ချင်းတွေ အများကြီး ရှိလာပါပြီ။ သူတို့က ကျွန်မကို စတုတ်ခ်နဲ့ ပွဲစဉ်အတွက် လက်မှတ်တစ်စောင် လက်ဆောင်ပေးတယ်။ သူတို့နဲ့အတူ ပွဲကြည့်တယ်။ အရမ်းခင်သွားကြတယ်။ ကျွန်မ သိပ်ပျော်ပါတယ်"ဟု မာရီက တက်တက်ကြွကြွ ပြောကြားခဲ့သည်။

သူမက နောက်တစ်ကြိမ် စပါးကွင်းတွင် အာဆင်နယ်ဂျာစီ ဝတ်ဆင်ပြရန် စိတ်ကူးရှိမရှိ မေးမြန်းရာ သူမက ထပ်မံ စတန့်မထွင်လိုတော့ဟု ဖြေကြားခဲ့သည်။ "ကျွန်မ ထပ်ပြီး လုပ်ရဲမယ်လို့ မထင်ဘူး။ ဒီကိစ္စကို အေးဆေးပဲ ဖြစ်သွားစေချင်ပါတယ်။ ဒီလောက်ကြီး ကြီးကျယ်တာမျိုးလည်း မဖြစ်စေချင်ဘူးလေ။ ရိုးရိုးသားသား ပြောရရင် အရမ်းအာရုံစိုက်လောက်စရာကြီး ဖြစ်သွားလို့ ကျွန်မ တုန်လှုပ်မိခဲ့ပါတယ်"ဟု မာရီက ဖွင့်ဟသွားသည်။

planet