၂၀၁၅-၂၀၁၆ ပညာသင်နှစ် ဘွဲ့လက်မှတ်များ အာဆီယံ အသိအမှတ်ပြုမည်

ပို့စ်တင်ချိန် - 10/09/2013 06:24:00 PM


ပညာရေးဝန်ကြီးဌာန၏ အမျိုးသားဖွံ့ဖြိုးတိုးတက်မှု ပထမငါးနှစ် စီမံကိန်း အကုန် ၂၀၁၅-၂၀၁၆ ပညာသင်နှစ်တွင် မြန်မာနိုင်ငံတွင်းက တက္ကသိုလ်များ၏ ဘွဲ့လက်မှတ်များသည် အာဆီယံဒေသတွင်း အသိအမှတ် ပြုနိုင်ရန် စီစဉ်ထားကြောင်း အဆင့်မြင့်ပညာ ဦးစီးဌာန (အောက်မြန်မာပြည်) မှ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး က ပြောကြားသည်။

အဆိုပါနှစ်တို ငါးနှစ်စီမံကိန်း ကို ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်မှ ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်အထိ သတ်မှတ်ထားပြီး ယင်းစီမံကိန်းသည် ပညာရေးဝန်ကြီးဌာန၏ အနှစ် ၃၀ နှစ်ရှည်စီမံကိန်း၏ ရေတိုစီမံကိန်း တစ်ခု ဖြစ်သည်။
"တက္ကသိုလ်ဆိုလည်း နိုင်ငံတကာ အသိအမှတ်ပြုဖို့။ ဘွဲ့ဆိုလည်း နိုင်ငံတကာ အသိအမှတ်ပြုဖို့ပါ" ဟု ၄င်းက ထပ်လောင်း ပြောဆိုသည်။

ယင်းအပြင် ပညာရေးဝန်ကြီးဌာနက Quality Assurance စနစ် တည်ထောင်ပြီး နိုင်ငံတကာ တက္ကသိုလ်များ၊ ပညာရေး အဖွဲ့အစည်းများနှင့် ပူးပေါင်းများ တိုးချဲ့ရေး၊ နိုင်ငံတကာ ဆက်ဆံရေး ဘာသာရပ်၊ ဥပဒေ ဘာသာရပ်၊ စီးပွားရေးဘာသာရပ် သင်ကြားမှု မြှင့်တင်ရေးအပြင် တက္ကသိုလ် ဝင်ခွင့်စနစ် ပြောင်းလဲရေး တို့အတွက်လည်း ဆောင်ရွက်လျက်ရှိကြောင်း ဦးဇော်ဌေး တင်သွင်းသော ပညာရေးဆိုင်ရာ မူဝါဒ စာတမ်းတွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံမှ ဘွဲ့ကြိုတန်းတက္ကသိုလ် ကျောင်းသား၊ ကျောင်းသူ များအတွက် နိုင်ငံတကာ တက္ကသိုလ်များတွင် သွားရောက် ပညာသင်ကြား လိုသော်လည်း တက္ကသိုလ်များ၏ အရည်အသွေး အကဲဖြတ်ပုံ ခြင်းကွဲပြားမှုကြောင့် ကျောင်းဝင်ခွင့် အတွက် ခက်ခဲနေကြောင်း၊ လက်ရှိပညာ ရေးမူဝါဒများ ရေးဆွဲရာတွင် အဆိုပါ အချက်များ ထည့်သွင်းသင့်ကြောင်း မန္တလေးတက္ကသိုလ်မှ ပါမောက္ခချုပ် ဒေါ်ခင်ဆွေမြင့်က ပြောကြားသည်။

"ဒီအတိုင်း တင်လိုက်တော့ တက္ကသိုလ်က လက်ခံပေးတယ်။ ဘွဲ့လက်မှတ်ကို ဘာသာပြန် တင်ပေးစရာတောင် မလိုဘူး" ဟု ဖိလစ်ပိုင်နိုင်ငံ Ateneo De Manila University တွင် သင်ကြားနေသူ ကျောင်းသားတစ်ဦးက The Voice သို့ပြောဆိုသည်။

အာဆီယံဒေသတွင်း တက္ကသိုလ်များ ကွန်ရက်ဝင် တက္ကသိုလ်များတွင် ရန်ကုန်တက္ကသိုလ်နှင့် ရန်ကုန် စီးပွားရေး တက္ကသိုလ်တို့ ပါဝင်သည်။

The Voice Weekly