"အမေရိကန်ဒေါ်လာ ၁၀၀ တန် ငွေစက္ကူအသစ်များ စတင်ထွက်ရှိ"

ပို့စ်တင်ချိန် - 10/09/2013 09:15:00 AM


အမေရိကန်ပြည်ထောင်စု၏ ဒေါ်လာ ၁၀၀ တန် ငွေစက္ကူအသစ်များကို ယနေ့ အောက်တိုဘာ ၈ ရက်၊ အင်္ဂါနေ့တွင် ပြည်သူများ စတင် တွေ့မြင်သုံးစွဲခွင့်ရမည် ဖြစ်သည်။ အဆင့်မြင့်နည်းပညာများဖြင့် ဒီဇိုင်းထုတ်လုပ်ထားသော ဒေါ်လာ ၁၀၀ တန် ငွေစက္ကူအသစ်ထုတ်လုပ်ရန် ဆယ်စုနှစ်တစ်စုကျော်ကြာ ပြင်ဆင်ဆောင်ရွက်ခဲ့ရပြီး ထုတ်လုပ်မှုပိုင်းတွင် အမှားအယွင်း ပြဿနာများကြောင့် မူလရည်မှန်းထားချိန်ထက် ၂ နှစ်ခွဲခန့် နောက်ကျခဲ့ရသည်။ ယခုအခါ အဆိုပါပြဿနာများကို ဖြေရှင်းနိုင်ခဲ့ပြီဖြစ်ကြောင်း တာဝန်ရှိသူများက ပြောကြားသည်။ ဘဏ်လုပ်ငန်း ဖောက်သည်အချို့အနေဖြင့် ဒေါ်လာ ၁၀၀ တန် ငွေစက္ကူအသစ်များကို အင်္ဂါနေ့မွန်းလွဲပိုင်းတွင် စတင်မြင်တွေ့သုံးစွဲနိုင်မည်ဟု သိရသည်။

ကနဦးအနေဖြင့် ဒေါ်လာ ၁၀၀ တန် ငွေစက္ကူအသစ်ကို ၃.၅ ဘီလျံပမာဏ ထုတ်လုပ်ထားပြီး ပြည်တွင်းနှင့် နိုင်ငံတကာမှ လိုအပ်ချက်အရ ထိုပမာဏထက် ပိုမို၍ ထပ်မံ ထုတ်လုပ်သွားရန်ရှိကြောင်း အမေရိကန်ငွေစက္ကူ ထုတ်လုပ်မှုဆိုင်ရာ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ ယခု အသစ်ထုတ်လုပ်လိုက်သည့် ဒေါ်လာ ၁၀၀ တန် ငွေစက္ကူများမှာ ၁၉၉၆ ခုနှစ် မတ်လက ထုတ်လုပ်ခဲ့သည့် ဒီဇိုင်းကို ပြန်လည် ပြင်ဆင်ထားခြင်းဖြစ်ပြီး ရှေ့ဘက်တွင် ဘင်ဂျမင် ဖရန်ကလင်း၏ ပုံကို ဆက်လက် အသုံးပြုထားသည်။ နောက်ကျောဘက်တွင် ဖီလာဒဲလ်ဖီးယား လွတ်လပ်ရေးခန်းမပုံကို ထည့်သွင်းရိုက်နှိပ်ထားသည်။

ထူးခြားသည့် အပြောင်းအလဲအဖြစ် ဒေါ်လာ ၁၀၀ တန် ငွေစက္ကူအသစ်၏ ရှေ့ဘက်အလယ်ဗဟိုခန့်တွင် အပြာရောင် အဆင့်မြင့် 3D လုံခြုံရေးကြိုး ပါဝင်လာပြီး အမေရိကန်တွင် ထုတ်လုပ်ခဲ့ဖူးသမျှ ငွေစက္ကူများအနက် အနုစိတ်အကျဆုံးနှင့် တုပပြုလုပ်ရန် အခက်ခဲဆုံးဖြစ်ကြောင်း ငွေစက္ကူထုတ်လုပ်ရေး တာဝန်ရှိသူကဆိုသည်။ ဒေါ်လာ ၁၀၀ တန် ငွေစက္ကူသစ်များကို လွန်ခဲ့သည့် ၂၀၀၃ ခုနှစ်ကတည်းက ဒီဇိုင်းပြင်ဆင်မွမ်းမံကာ အသစ်ထုတ်လုပ်ရန် စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ သို့သော် စတင်ထုတ်လုပ်ခဲ့သည့် တစ်ဘီလျံ ပမာဏရှိ ဒေါ်လာ ၁၀၀ တန်ငွေစက္ကူများတွင် ပုံနှိပ်မင်နှင့် အခြား အမှားအယွင်းပြဿနာအချို့ကြောင့် ထုတ်လုပ်မှု နှောင့်နှေးခဲ့ရသည်။ မူလက ဒေါ်လာ ၁၀၀ တန် ငွေစက္ကူအသစ်များကို ၂၀၁၁ ခုနှစ် ဖေဖေါ်ဝါရီလတွင် စတင်အသုံးပြုနိုင်ရန် စီစဉ်ထားခဲ့ခြင်းဖြစ်သည်။

အမေရိကန်ပြည်ထောင်စုက ထုတ်လုပ်ထားသည့် ယခင် ဒေါ်လာ ၁၀၀ တန်ငွေစက္ကူ ပမာဏမှာ ဒေါ်လာ ၉၀၀ ဘီလျံဖြစ်ပြီး ၎င်းတို့အား ပြည်ထောင်စုဘဏ်များမှတစ်ဆင့် ဖြည်းဖြည်းချင်း ပြန်လည်စုဆောင်း သိမ်းဆည်းသွားမည်ဖြစ်သည်။ အမေရိကန်ငွေကြေးတွင် ဒေါ်လာ ၁၀၀ တန်မှာ တန်ဖိုးအကြီးဆုံး ငွေစက္ကူဖြစ်သည်။ ဒေါ်လာ ၁၀၀ တန် ငွေစက္ကူအသစ်တွင် ယခင် ထုတ်လုပ်ခဲ့သည့် ငွေစက္ကူအဟောင်းများတွင် ပါဝင်သော ဘဏ္ဍာရေးဝန်ကြီးဟောင်း တမ်မိုသီ ဂိုက်သ်နာ၏ လက်မှတ်ကို ထည့်သွင်းရိုက်ပုံနှိပ်ထားသည်။ လက်ရှိ ဘဏ္ဍာရေးဝန်ကြီး ဂျက်ကော့ဘ်လောမှာ ငွေစက္ကူအသစ်များ စတင်ရိုက်နှိပ်စဉ်က ဝန်ကြီးရာထူးကို တရားဝင် ရယူထားခြင်း မရှိသေးချေ။ နောက်ပိုင်း ထပ်မံထုတ်လုပ်မည့် ဒေါ်လာ ၁၀၀ တန်ငွေစက္ကူများတွင်မူ ဂျက်ကော့ဘ်၏လက်မှတ်ကို ထည့်သွင်းသွားမည်ဖြစ်သည်။

အမေရိကန်ဒေါ်လာ ၁၀၀ တန် ငွေစက္ကူအသစ်တွင် ပါဝင်လာသည့် အပြောင်းအလဲအချို့

ရှေ့ဘက်
- ငွေစက္ကူကို အလင်းရောင်တွင် ကြည့်ရှုပါက ဘင်ဂျမင် ဖရန်ကလင်း၏ ပုံရိပ်ပွားကို မြင်တွေ့ရမည်။
- ဘင်ဂျမင် ဖရန်ကလင်း၏ပုံမှာ ငွေစက္ကူပေါ်တွင် အနည်းငယ် ကြွတက်နေသယောင် မြင်တွေ့ရမည်။
- ဘင်ဂျင်မ ဖရန်ကလင်း၏ မျက်လုံးမှာ ယခင် ငွေစက္ကူများကထက် ပိုမိုသက်ဝင်နေမည်ဖြစ်ပြီး ၎င်း၏ပုံကို ပိုမိုကောင်းမွန်အောင် အဆင့်မြှင့် ပြင်ဆင်ထားသည်။
- အပြာရောင် အဆင့်မြင့် လုံခြုံရေးကြိုးမှာ အဆပေါင်း ၆၅၀,၀၀၀ ချဲ့ကြည့်ပါက လှုပ်ရမ်းနေသော လွတ်လပ်ရေးခေါင်းလောင်းပုံများနှင့် "$100" ဟု ရိုက်နှိပ်ထားသည့် ဂဏန်းများကို မြင်တွေ့ရမည်။
- ဘင်ဂျမင် ဖရန်ကလင်း၏ အင်္ကျီကော်လံတွင် "United States of America" ဟူသည့် အလွန်သေးငယ်သော စာသားကို ပုံနှိပ်ထားသည်။
- မင်ပုလင်းတွင် အစိမ်းရောင် လုံခြုံရေးခေါင်းလောင်း ပါဝင်ပြီး ငွေစက္ကူကို အနည်းငယ် လှုပ်ကြည့်ပါက ပေါ်လိုက် ပျောက်လိုက် ဖြစ်နေမည်။

ကျောဘက်
- ဖီလာဒဲလ်ဖီယား လွတ်လပ်ရေးအဆောက်အအုံ၏ အနောက်ဘက်မျက်နှာစာကို ပြောင်းလဲဖော်ပြထားသည်။ ယခင် ၁၉၂၉ ခုနှစ်ကတည်းက ထုတ်လုပ်ခဲ့သည့် ငွေစက္ကူများတွင် အဆိုပါ အဆောက်အအုံ၏ တောင်ဘက်မျက်နှာစာကို ဖော်ပြခဲ့ခြင်းဖြစ်သည်။
- ဖီလာဒဲလ်ဖီးယား အဆောက်အအုံရှိ နာရီစင်မှ နာရီတွင် အချိန်ဖော်ပြမှုအား ၁၀း၃၀ အဖြစ် ဖော်ပြထားသည်။
- အရွယ်အစား ကြီးမားသည့် "100" ဟူသည့် ဂဏန်းအား ပုံနှိပ်ထားသည်။

Planet