ကေအိုင်အို ကိုယ်စားလှယ်များ၏ အပြန်ခရီး ဒေသခံ ထောင်ပေါင်းများစွာ ပို့ဆောင်နှုတ်ဆက်

ပို့စ်တင်ချိန် - 10/14/2013 10:27:00 AM


မြစ်ကြီးနား အောက်တိုဘာ ၁၂

ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ပြုလုပ်ခဲ့သော ကေအိုင်အို ကိုယ်စားလှယ်များ မြစ်ကြီးနားမှ လိုင်ဇာသို့ အပြန်ခရီးကို အောက်တိုဘာလ ၁၂ ရက်နေ့တွင် ဒေသခံ ကချင်လူမျိုး ထောင်ပေါင်းများစွာတို့က ဝိုင်းမော်မြို့နယ် အောင်မြေ ၂ ကျေးရွာအထိ တိုင်အောင် လိုက်လံ ပို့ဆောင် နှုတ်ဆက်ခဲ့ကြသည်။

ကေအိုင်အို ကိုယ်စားလှယ်များ ပြန်လည် ထွက်ခွာမည့် ယင်းနေ့ နံနက် ၆ နာရီ ခန့်မှစတင်ကာ မြစ်ကြီးနား ဒေသခံများက မနောကွင်းရှေ့တွင် စုရုံး စောင့်ဆိုင်းနေခဲ့ပြီး နံနက် ၇ နာရီခန့်အချိန် ကိုယ်စားလှယ်များ မြစ်ကြီးနားမှ စတင်ထွက်ခွာခဲ့ရာ ယာဉ်တန်းနှင့်အတူ မော်တော်ဆိုင်ကယ်များ၊ မော်တော်ကားများဖြင့် လိုက်လံ ပို့ဆောင် နှုတ်ဆက်ခဲ့ကြခြင်း ဖြစ်သည်။

မြစ်ကြီးနားမြို့မှ ဝိုင်းမော်မြို့သွားရာ လမ်းတစ်လျှောက်ရှိ ဒေသခံများနှင့် စစ်ရှောင် ဒုက္ခသည်စခန်းမှ ဒုက္ခသည်များကလည်း စောင့်ဆိုင်း နှုတ်ဆက် ခဲ့ကြပြီး ကချင် အနုပညာရှင်များက တေးဂီတများ တီးခတ် ဖျော်ဖြေလျက် မော်တော်ယာဉ်များဖြင့် ကိုယ်စားလှယ်များကို လမ်းတစ်လျှောက် လိုက်လံ ပို့ဆောင် နှုတ်ဆက်ခဲ့ကြသည်။
“ကျွန်တော်တို့ ကတော့ အောင်မြေ ၂ ထိပဲ လိုက်ပို့ခဲ့တယ်။ ကားနဲ့ လူတွေကတော့ နမ်ဆန်ယန်ထိ လိုက်ပို့ကြမယ်လို့ ပြောတယ်” ဟု ကိုယ်စားလှယ်များကို ပို့ဆောင် နှုတ်ဆက်ခဲ့သူ မြစ်ကြီးနားမြို့မှ ကိုမရန်က ဆိုသည်။

ကေအိုင်အို ကိုယ်စားလှယ်များ၏ မေလ ဆွေးနွေးပွဲအပြီး အပြန်ခရီးတွင်လည်း ဒေသခံများက ယခုကဲ့သို့ လိုက်လံပို့ဆောင်ခဲ့ပြီး ဝိုင်းမော်မြို့နယ်ရှိ ရှမ်းလူမျိုးများက ကေအိုင်အို ကိုယ်စားလှယ်များကို ဆန္ဒပြခဲ့ကြသည်။
The Voice Weekly