လူအများနှင့် သက်ဆိုင်သည့် နေရာများ၌ အခမဲ့နှင့် အခပေး Wi-Fi Zone များ ထူထောင်မည်

ပို့စ်တင်ချိန် - 10/14/2013 07:06:00 PM


Red Link ကုမ္ပဏီသည် ရန်ကုန်မြို့အတွင်း အများနှင့်သက်ဆိုင်သော တည်နေရာများ၌ အခမဲ့နှင့် အခပေး Wi-Fi Zone များ ထူထောင်သွားရန် စီစဉ်နေသည်ဟု သတင်းထုတ်ပြန်ခဲ့သည်။

ဘုရားများ၊ ဈေးများ၊ တက္ကသိုလ်များ၊ ဈေးဝယ်စင်တာများ၊ ဆေးရုံများ၊ ကားဂိတ်များ၊ ဘူတာကြီး၊ လေဆိပ်နှင့် အခြားသောအများနှင့် သက်ဆိုင်သည့် တည်နေရာများ၌ Wi-Fi Zone များ တည်ထောင်သွားရန် စီစဉ်နေခြင်းဖြစ်ပြီး အဆိုပါစီမံကိန်းကို ယခုနှစ်မကုန်ခင်၌ အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဟု သိရသည်။

ထူထောင်မည့် Wi-Fi Zone အရေအတွက်နှင့် အသုံးပြုခွင့်ပေးမည့် အမြန်နှုန်းများကို ကုမ္ပဏီအနေဖြင့် သတ်မှတ်ရသေးခြင်းမရှိကြောင်း ၊ အဆိုပါ Wi-Fi Zone များ၌ အခပေးစနစ်အသုံးပြုရန် ငွေဖြည့်ကုဒ်နံပါတ်များကို ထုတ်လုပ်ရောင်းချမည်ဖြစ်ကြောင်းသိရသည်။

Red Link အနေဖြင့် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲအတွက် အခမဲ့ Wi-Fi Zone များ တည်ဆောက်ခွင့်ရရှိထားသည့် ကုမ္ပဏီတစ်ခုဖြစ်ပြီး ရတနာပုံတယ်လီပို့ကုမ္ပဏီနှင့် ပူးပေါင်း၍ Wimax အင်တာနက်လိုင်းများကို ရောင်းချပေးနေသည့် ကုမ္ပဏီတစ်ခုလည်းဖြစ်သည်။

Local Service Provider (LSP) တစ်ခုအနေဖြင့် Red Link ကုမ္ပဏီသည် အင်တာနက်လိုင်းများကို ရောင်းချလာခဲ့သည်မှာ ၅ နှစ်ခန့် ကြာမြင့်ခဲ့ပြီးဖြစ်ပြီး သုံးစွဲသူအရေအတွက် ၁ သောင်းကျော်ရရှိခဲ့သည်ဟု သိရသည်။ ယခုလအတွင်း ကုမ္ပဏီသက်တမ်း ၅ နှစ်ပြည်ခဲ့သော Red Link ကုမ္ပဏီသည် နိုဝင်ဘာလအတွင်း ၎င်းတို့၏ Wimax အသုံးပြုသူများကို အမြန်နှုန်းအခမဲ့တိုးမြှင့်ပေးခြင်းများ ပြုလုပ်ပေးသွားမည်ဖြစ်သည်။


မြင့်ကျော်လှိုင်
internet journal