Solar Flare ဖြစ်စဉ်ကြောင့် ထူးခြားလှပသည့် သဘာဝ အလှတရားတစ်ခု ဖြစ်တည်လာပုံကို ဓာတ်ပုံဆရာ တစ်ဦးက မှတ်တမ်းဓာတ်ပုံများ ရိုက်ကူးနိုင်ခဲ့

ပို့စ်တင်ချိန် - 10/14/2013 11:52:00 AM







အကျိုးဆက်အဖြစ် ညဘက်ကောင်းကင်ယံတွင် အလွန်လှပသော ရောင်စဉ်တန်းများ သဘာဝအတိုင်း ယှဉ်ဖြာ နိုးကြွလာသည်ကို ကမ္ဘာ့မြောက်ပိုင်း အရပ်ဒေသ အချို့မှ လူများ တွေ့မြင်ခွင့် ရရှိခဲ့သည်။
Posted on Oct 14 13 - 12:00 AM | Hits : 94
ကောင်းကင်ယံမှ Masterpiece ဆေးရေးပန်းချီ
နေ၏ မျက်နှာပြင်တွင် ပေါက်ကွဲ လင်းဖြာထွက်လာတတ်သည့် Solar Flare ဖြစ်စဉ်ကြောင့် ကမ္ဘာမြေပေါ်တွင် ထူးခြားလှပသည့် သဘာဝ အလှတရားတစ်ခု ဖြစ်တည်လာပုံကို အမေရိကန်မှ ဓာတ်ပုံဆရာ တစ်ဦးက အကောင်းဆုံး မှတ်တမ်းဓာတ်ပုံများ ရိုက်ကူးနိုင်ခဲ့သည်။ နေမျက်နှာပြင်တွင် ကမ္ဘာမြေဘက်သို့ ဦးတည်သည့် အားကောင်း ပြင်းထန်သည့် Solar Flare ဖြစ်စဉ်တစ်ခု ပေါ်ပေါက်လာပြီး ယင်းပေါက်ကွဲမှု၏ အရှိန်အဟုန်က ကမ္ဘာ၏ သံလိုက်စက်ကွင်းများထဲ တိုးဝင်ရိုက်ခတ်လာခဲ့သည်။ အကျိုးဆက်အဖြစ် ညဘက်ကောင်းကင်ယံတွင် အလွန်လှပသော ရောင်စဉ်တန်းများ သဘာဝအတိုင်း ယှဉ်ဖြာ နိုးကြွလာသည်ကို ကမ္ဘာ့မြောက်ပိုင်း အရပ်ဒေသ အချို့မှ လူများ တွေ့မြင်ခွင့် ရရှိခဲ့သည်။


ကနေဒါ၊ အမေရိကန်နှင့် အိုင်ယာလန် နိုင်ငံများ၏ အချို့သော အစိတ်အပိုင်းများ၌ ရောင်စဉ်တန်းများ ထင်ရှားစွာ ဖြစ်ပေါ်ခဲ့သည်။ အမေရိကန် ပြည်ထောင်စုတွင် ကန်းဆက်စ်၊ မိန်းနှင့် ကန်တက်ကီတို့၏ ညဘက် ကောင်းကင်ယံတွင် ယင်းအလင်းရောင်များကို ဆန်းကျယ်လှပစွာ တွေ့ရှိနိုင်သည်။ မိန်းပြည်နယ်မှ အသက်(၆၁)နှစ်အရွယ် ပေါလ်ဆိုင်ရာသည် ကံကောင်း ထောက်မစွာဖြင့် ယင်းရောင်စဉ်တန်းများ အထင်ရှားဆုံး စတင်ဖြစ်ပေါ်နေချိန်ကို မှတ်တမ်းတင် ဓာတ်ပုံရိုက်နိုင်ခဲ့သည်။ ပန်းရောင်၊ အစိမ်းရောင်၊ လိမ္မော်ရောင်များ အမျိုးမျိုး ရောယှက် တည်ရှိနေပုံကို ရှုထောင့် အမျိုးမျိုးဖြင့် ပေါလ်က မှတ်တမ်းတင်ထားခဲ့ခြင်း ဖြစ်သည်။


ယခုဖြစ်ရပ်သည် ညသန်းခေါင်ကျော် အချိန်ကြီးတွင် ထင်ထင်ရှားရှား စတင်ခဲ့သဖြင့် မြင်ကွင်းကောင်းကို လက်လွတ်သွားသူ အများအပြား ရှိခဲ့သည်။ "ကျွန်တော်က ညသန်းခေါင်လောက်မှာ ပြူတင်းပေါက် အပြင်ဘက်ကို အမှတ်မထင် ငေးနေရာကနေ ရောင်စဉ်တန်းတွေကို စသတိထားမိတာပါ။ နောက်တော့ ကျွန်တော် တွေးမိတဲ့အတိုင်း တကယ်ဖြစ်လာတယ်။ ဒီလို ရောင်စဉ်တန်းတွေ ဖြစ်လာဖို့ ဆိုတာက ကြိုမှန်းဆလို့ မရပါဘူး။ ဒါပေမဲ့ Solar Flare ဖြစ်ပြီး နောက်(၂)ရက်ကျော်လောက်ထိတော့ ခပ်ရေးရေး အရောင်တွေ ကျန်နေနိုင်ပါသေးတယ်"ဟု ပေါလ်က ပြောဆိုခဲ့သည်။


၎င်းသည် အမ်မစ်ရှ် လူငယ်တစ်ဦး မြင်းလှည်းမောင်းနေစဉ် ရောင်စဉ်တန်းများ ထွက်ပေါ်လာပုံကိုလည်း ဓာတ်ပုံရိုက်ခဲ့သေးသည်။ ပေါလ်က "အမ်မစ်ရှ်တွေက မနက်ဆို အစောကြီးထပြီး အလုပ်လုပ်လေ့ ရှိပါတယ်။ ဒီလူငယ်လေးကတော့ သူ့တစ်သက်မှာ ဒီလိုရောင်စဉ်တန်းမျိုး တစ်ခါမှ မကြုံဖူးဘူးထင်တယ်။ သဘာဝရဲ့ အလှအပက သူ့ကို မင်တက်နေအောင် ဖမ်းစားနိုင်ခဲ့တယ်။ မြင်းလှည်းကိုရပ်ပြီး တော်တော်ကြာအောင် ငေးနေခဲ့တယ်လေ"ဟုလည်း ပြောကြားသွားသည်။ Solar Flareနှင့်အတူ ကမ္ဘာမြေသို့ ဦးတည်လာသည့် ဖြာထွက်စွမ်းအင်သည် ကမ္ဘာ့လေထုထဲရှိ လျှပ်စစ်သိုလှောင်သော ပရိုတွန်များနှင့် ထိတွေ့ပြီးနောက် ရောင်စဉ်တန်းများ လှပစွာ ဖြစ်ပေါ်လေ့ရှိသည်။ ယင်းတို့သည် သံလိုက်စက်ကွင်း အားကောင်းစွာ ဖြစ်တည်နေသည့် ဝင်ရိုးစွန်း လေထုများတွင် ပိုမိုထင်ရှားပြီး အီကွေတာဘက် နီးလာလေလေ၊ အားပျော့ မှေးမှိန်သွားလေလေ ဖြစ်ကြောင်း သိရှိရသည်။