ပန်းတနော်ခနွဲကဘိုလယ်သမားများ ရိတ်သိမ်းချိန်ကျမှ တားဆီးခံရ

ပို့စ်တင်ချိန် - 11/27/2013 09:37:00 PM


ရန်ကုန်၊ နိုဝင်ဘာ-၂၆

ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့နယ် ခနွဲကဘိုကျေးရွာအုပ်စု ခနွဲ ကဘိုကျေးရွာရှိ လယ်သမားများမှာဖိုးလမင်းကုမ္ပဏီမှ ပြန်ပေးထားသော လယ်မြေများပေါ်တွင် ထွန်ယက်စိုက်ပျိုး ထားသော စပါးခင်းများသည် ရိတ် သိမ်းချိန် ကျရောက်မှ မြို့နယ်မြို့စာရင်း နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးတို့ နိုဝင်ဘာ ၁၀ ရက်က လယ်သမားများကို စပါးမရိတ်သိမ်းရန် တားဆီးမှုများ ရှိနေသောကြောင့် ဒေသခံလယ်သမား များမှာ အခက်တွေ့နေ ရကြောင်း တောင်သူလယ်သမားနှင့် ရေလုပ်သား သမဂ္ဂဥက္ကဋ္ဌ ဦးသိန်းဝင်းက နိုဝင်ဘာ ၂၆ ရက်က စံတော်ချိန်သို့ ပြောဆိုသည်။

" ၂၀၁၂ ခုနှစ် စက်တင်ဘာလပိုင်းက လယ်သမားတွေကို စာတွေ
ထုတ်ပြီး လယ်တွေ ပြန်ပေးခဲ့တယ်။ ဒီလယ်တွေ လယ်သမားတွေ ပိုင်ပါ တယ်ဆိုပြီး နှုတ်ကတိတွေလည်းပေးခဲ့တယ်။ အိုးအိမ်ဦးစီးဌာနကလည်း ဘယ်သူ့ဘယ်သူကို ပြန်ပေးမယ်။ ဘယ်သူဘယ်သူတွေကိုတော့ စိစစ်ရ မယ်ဆိုတာ လုပ်ထားတယ်။ အခု သူတို့ ပြန်ပေးထားတဲ့ လယ်တွေကို မြေစာ ရင်းက တာဝန်ရှိသူတွေနဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးက ဆင်းတားထားတယ်။ အဲဒီအတွက် လယ်သမားတွေကလည်း ကြောက်နေရတယ် " ဟု ၎င်းကပြောသည်။

တားဆီးခံရသော လယ်သမား များမှာ ခနွဲကဘိုကျေးရွာ၊ ထိန်ကုန်း ကျေးရွာနှင့် ပြလင်းကျေးရွာတို့မှ လယ်သမားများဖြစ်ကြောင်း၊ အဆိုပါလယ်သမားများမှာ ဖိုးလမင်းကုမ္ပဏီက သိမ်းယူထားသော လယ်မြေဧက ၂၈၀၀ ထဲကမှ ဧက ၁၀၀ မှာ ကုမ္ပဏီက အကောင်အထည် ဖော်ထားသဖြင့် ကျန်လယ်မြေများကို လယ်သမားများ အတွက် ၂၀၁၂ ခုနှစ် စက်တင်ဘာလက ပြန်လည် လုပ်ပိုင် ခွင့်ပြုထား သော်လည်း မြို့နယ်မြေစာရင်းနှင့် ကျေး ရွာအုပ်ချုပ်ရေးမှူးတို့က ၂၀၁၃ ခုနှစ် နိုဝင်ဘာ ၁၀ ရက်က ကုမ္ပဏီပိုင်မြေဟု ဆိုကာ ရိတ်သိမ်းချိန်တန်သည့် စပါး ခင်းများကို ရိတ်သိမ်းခြင်းမပြုကြရန် လယ်သမားများကို တားဆီးထားခြင်း ဖြစ်ကြောင်း ၎င်းကပင် ရှင်းပြသည်။

" ကျွန်တော်တို့က ဘယ်လိုမှမျှော် လင့်ချက်ထားလို့မရတော့ဘူး။ ဆူးလေ ဘုရားမှာလာပြီး ဆန္ဒပြရမလိုဖြစ်နေပြီ။ အခု ခနွဲကဘိုကျေးရွာက လယ်သမား ၁၅ ဦး အတားခံထားရတယ်။ ဖမ်းဆီး တရားစွဲထားတဲ့ လယ်သမားတွေက လည်းရှိလို့ လယ်သမားတွေကလည်း ဘာမှမလုပ်ရဲကြဘူး " ဟု လယ်သမား တစ်ဦးဖြစ်သော ဦးသိန်းလွင်ဦးက ပြောဆိုသည်။

အဆိုကျေးရွာများအတွင်းရှိ လယ်သမားဦးရေ ၂၀ ကျော်မှာ ပုဒ်မ-၄၄၇ နှင့် ပုဒ်မ-၄၂၇ တို့ဖြင့် တရားစွဲခံထားရမှုများ ရှိနေကြောင်း၊ လက်ရှိ စပါးမရိတ်သိမ်းရန် တားဆီးခံထားရသော လယ်သမားများမှာ တရားစွဲခံရမည်ကို စိုးရိမ်သောကြောင့် ရိတ်သိမ်းချိန်တန်သည့် စပါးများကို ၀င် ရောက်ရိတ်သိမ်းလုပ်ကိုင်ရန် ကြောက်ရွံ့ နေကြကြောင်း ဒေသခံ လယ်သမားများထံမှ သိရသည်။

သူရကျော် - စံတော်ချိန် နေ့စဉ်သတင်းစာ