ခင်ပွန်းဖြစ်သူ သမ္မတက နာမည်ကျော်မင်းသမီးနှင့် ဖောက်ပြန်သည် ဆိုသည့်သတင်းကြောင့် ဆေးရုံတက်လိုက်ရသည့် ပြင်သစ်သမ္မတကတော်

ပို့စ်တင်ချိန် - 1/14/2014 12:45:00 PM

ဂျူလီယာဂေယက်

ပြင်သစ်သမ္မတကတော် ဗယ်လာရီ ထရီဝီလာအနေဖြင့် သူမ၏ ခင်ပွန်းသည် ဖောက်ပြန်သည့်သတင်းကို ကြားသိပြီးနောက် ဆေးရုံတက်နေရကြောင်း သိရှိရသည်။ သမ္မတကတော်သည် သောကြာနေ့က ဆေးရုံတက်ပြီး အနားယူကာ ဆေးစစ်စမ်းသပ်မှုအချို့ ခံယူနေရကြောင်း သတင်းများက ဆိုသည်။ Closer မဂ္ဂဇင်းက သမ္မတ ဖရန်ကွိုက်စ် ဟော်လန်ဒေးသည် မင်းသမီး တစ်ဦးဖြစ်သည့် ဂျူလီယာဂေယက်နှင့် တိတ်တိတ်ပုန်း အချစ်ဇာတ်လမ်းတစ်ခု ဖန်တီးနေကြောင်း ဖွင့်ချပြလိုက်သည့်နောက် သမ္မတကတော် ဆေးရုံတက်ရသည်အထိ စိတ်ထိခိုက်သွားကြောင်း အစိုးရနှင့် နီးစပ်သော အသိုင်းအဝိုင်းမှ သတင်းထွက်လာခဲ့သည်။

သမ္မတ ဟော်လန်ဒေးသည် ယင်းစွပ်စွဲမှုကို ငြင်းဆိုခြင်း မရှိသော်လည်း စာနယ်ဇင်း တစ်ခုအနေဖြင့် ပုဂ္ဂိုလ်ရေးဘဝကို ထိပါးသည့်အတွက် ပြင်းထန်စွာ ရှုတ်ချကြောင်း တုံ့ပြန်ထားသည်။ အတိုက်အခံ ကွန်ဆာဗေးတစ် ခေါင်းဆောင် ဂျင်းဖရန်ကွိုက်စ်ကိုပေက ယခုပြဿနာသည် နိုင်ငံတကာအလယ်တွင် ပြင်သစ်နိုင်ငံ၏ ပုံရိပ်ကို ပြင်းထန်စွာ ထိခိုက်နိုင်ကြောင်း စွပ်စွဲခဲ့သည်။ ထရီဝီလာ အနေဖြင့် တနင်္လာနေ့တွင်မူ ဆေးရုံမှ ပြန်ဆင်းနိုင်ဖွယ် ရှိနေကြောင်း AFP သတင်းဌာနက ဆိုသည်။

ပြင်သစ်သမ္မတနှင့် ဆေးရုံတက်လိုက်ရသည့် ၎င်း၏ ကတော်

အင်္ဂါနေ့တွင်မူ သမ္မတရုံးက ယင်းဖြစ်ရပ်နှင့် စပ်လျဉ်း၍ သတင်းစာရှင်းလင်းပွဲတစ်ရပ် ကျင်းပရန် စီစဉ်ထားသည်။ ထိုအတောအတွင်း သမ္မတအပေါ် ပြည်သူလူထုက ယုံကြည်မှု ရှိမရှိ ဆန္ဒမဲ ကောက်ခံရာ ယခုဖြစ်ရပ်တွင် သမ္မတအနေဖြင့် ရိုးသားသည်ဟု ထောက်ခံသူ ပြင်သစ်နိုင်ငံသား အရေအတွက် (၂၅)ရာခိုင်နှုန်းသာ ရှိကြောင်းလည်း သိရှိရသည်။
Planet Myanmar Network