မြောက်ဒဂုံရှိ ကျူးကျော်အိမ် ၂၅လုံး ဖျက်၍ အားကစားကွင်း တည်ဆောက်မည်

ပို့စ်တင်ချိန် - 1/07/2014 05:17:00 PM


ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ် (၄၆) ရပ်ကွက် ဗိုလ်စောဦးလမ်း အတွင်းရှိ ကျူးကျော်အိမ် ၂၅လုံးကို ဖျက်သိမ်း၍ အားကစားကွင်း တည်ဆောက်မည်ဖြစ်ကြောင်း မြို့နယ် စည်ပင်သာယာ ဒုတိယအုပ်ချုပ်ရေးမှူး ဦးလှမျိုးက ပြောကြားသည်။

ယင်းအားကစားရုံကို ဇန်နဝါရီလ ပထမပတ်က စတင်ဆောက်လုပ်ခြင်းဖြစ်ရာ ၂ဝ၁၄ ခုနှစ်အတွင်း အပြီးတည်ဆောက်မည် ဖြစ်ကြောင်းနှင့် အဆိုပါ အားကစားရုံ၌ ဘောလုံး၊ ခြင်းလုံးနှင့် ဘတ်စကက်ဘော အားကစားနည်း များအတွက် ကစားကွင်း သုံးကွင်း ပါဝင်မည်ဖြစ်ကြောင်းနှင့် အားကစားကွင်း
ဆောက်လုပ်ပြီးစီးပါက မည်သူမဆို အခမဲ့ လာရောက် ကစားနိုင်မည်
ဖြစ်ကြောင်း ၄င်းကရှင်းပြသည်။ သို့သော်လည်း မည်မျှကုန်ကျမည် ကိုမူ ပြောဆိုခဲ့ခြင်း မရှိပေ။

ယင်းစည်ပင်ပိုင် မြေနေရာတွင် ကျူးကျော်အိမ် ၂၅လုံးရှိပြီး ဇန်နဝါရီလ ၅ ရက်နေ့ နောက်ဆုံးထား၍ ဖယ်ရှားပေးရန် သုံးကြိမ်တိုင် သတိပေး
ထားကြောင်း (၄၆) ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးကျော်မြင့်က ပြောကြားသည်။

ကျူးကျော်နေထိုင်သူ များမှာ အများဆုံး ခြောက်နှစ်မှအနည်းဆုံးသုံးနှစ်အထိ
ယင်းမြေနေရာတွင် နေထိုင်ခဲ့ကြရာ အချို့မိသားစု များတွင် ကျောင်းနေ
အရွယ်များ ရှိသောကြောင့် ယခုပညာသင်နှစ် ပြီးသည်အထိ နေထိုင်ခွင့်ပြုရန် မြို့နယ်စည်ပင်ရုံးသို့ စာတင် ထားကြောင်း၊ ဇန်နဝါရီလ ၆ ရက်နေ့ က ကျူးကျော်တဲ ၁၀လုံး ဖယ်ရှားခံရကြောင်း ဖျက်သိမ်းခံခဲ့ရသည့် ဒေါ်စုခင်က
ပြောဆိုသည်။

အားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး နှင့် မျိုးဆက်သစ် အားကစားသမားများ ထွက်ပေါ်ရေးအတွက် ရပ်ကွက်အဆင့်ထိ အားကစားကွင်းများ တိုးချဲ့
ဆောက်လုပ်မည်ဖြစ်ရာ စည်ပင်သာယာပိုင် မြေနေရာ များတွင် ကျူးကျော်
ဆောက်လုပ်ထားသည့် အိမ်များကိုလည်း ထပ်မံဖယ်ရှား ရှင်းလင်း ဦးမည်ဖြစ်ကြောင်း ဒဂုံမြို့နယ် စည်ပင်သာယာ အုပ်ချုပ်ရေးမှူးရုံး ဒုတိယ
အုပ်ချုပ်ရေးမှူး ဦးလှမျိုးက ပြောဆိုသည်။

The Voice Weekly