သင်္ဃန်းကျွန်းတွင် ရဟန်းတစ်ပါးထံမှ သိန်းတစ်ရာခန့် တန်ဖိုးရှိ မူးယစ်ဆေးဝါးများတွေ့

ပို့စ်တင်ချိန် - 1/07/2014 05:02:00 PM


ရန်ကုန်၊ ဇန်နဝါရီ ၆

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်း မြို့နယ် ငမိုးရိပ်ရပ်ကွက်တွင် ဇန်နဝါရီလ ၅ ရက်နေ့ ညနေ ၃ နာရီ ၄၅ မိနစ်ခန့်က သက်တော် ၄၅ နှစ်အရွယ် ရဟန်းတစ်ပါး ထံမှ ကျပ်သိန်းတစ်ရာခန့် တန်ဖိုးရှိသော ICE အမျိုးအစား မူးယစ်ဆေးဝါးများ တွေ့ရှိခဲ့ကြောင်း သင်္ဃန်းကျွန်း မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက The Voice သို့ပြောကြားသည်။

မူးယစ်ဆေးဝါးနှင့် ပတ်သက်၍ ကြိုတင် သတင်းရရှိချက်များ အရ ရဲတပ်ဖွဲ့ဝင်များက သင်္ဃန်းကျွန်းမြို့နယ် လေးဒေါင့်ကန်လမ်းနှင့် ဗဟိုလမ်းထောင့် စံပြဈေးမှတ်တိုင် အနီး (တာမွေမြို့နယ်ဘက် အသွား) တွင် စောင့်ဆိုင်းနေစဉ် လေးဒေါင့်ကန်လမ်း အတိုင်း မောင်းနှင်လာသော ပရိုဘောက်စ် အငှားယာဉ် ပေါ်တွင် လိုက်ပါလာသော ခရီးသည် ရဟန်းဦးခေမိန္ဒ(ခ) စိုးဖြူအောင် နှင့် အသက် ၃၉ နှစ်အရွယ် ဦးကိုကိုဝင်း တို့ကို ငမိုးရိပ်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး သို့ ခေါ်ဆောင်စစ်ဆေးရာ ဦးခေမိန္ဒ လွယ်ထားသော လွယ်အိတ် အတွင်းမှ ကြွပ်ကြွပ်အိတ်ဖြင့် ထည့်ထားသော ICE မူးယစ်ဆေးဝါးအခဲ ၅၀၀ ဂရမ် ကာလတန်ဖိုး ကျပ်သိန်းတစ်ရာခန့်ကို တွေ့ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရှိရသည်။

"ICE ခဲတွေနဲ့မိတဲ့ ကိုယ်တော်က ကျောင်းတိုက်မှာမနေဘဲ အမြဲတမ်း ဟိုသွားဒီသွား လုပ်နေတယ်လို့ သိရတယ်။ ဒီမူးယစ်ဆေး တွေကို နေပြည်တော်ဘက်က ယူလာတာလို့ ပြောပါတယ်" ဟု သင်္ဃန်းကျွန်း မြို့နယ် ငမိုးရိပ်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဝင်းလှိုင်က The Voice သို့ ရှင်းပြသည်။

မူးယစ်ဆေးဝါးများနှင့် တွေ့ရှိသော ရဟန်းမှာ သာကေတ (၁၀/မြောက်) ရပ်ကွက်ရှိ ကျောင်းတိုက်တစ်ခုတွင် သီတင်းသုံး နေထိုင်သူဖြစ်ကြောင်း၊ ၄င်းနှင့် အတူပါလာသော အမျိုးသားမှာ ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်၊ အမှတ် (၉၀) ရပ်ကွက်တွင် နေထိုင်သူဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရှိရသည်။

အဆိုပါ မူးယစ်ဆေးဝါးများ ဖမ်းမိသောကြောင့် ရဟန်းဦးခေမိန္ဒကို မြို့နယ် သံဃနာယက အတွင်းရေးမှူး ဆရာတော် ဘဒ္ဒန္တသောဘနက လူဝတ်လဲ စေခဲ့ပြီးနောက် ရဲတပ်ဖွဲ့ထံ အပ်နှံခဲ့ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး ထုတ်ပြန်စာတွင် ဖော်ပြထားသည်။

မူးယစ်ဆေးဝါးများ သယ်ဆောင်လာသူ ဦးခေမိန္ဒနှင့် ဦးကိုကိုဝင်းကို မူးယစ် (ပ) ၁/၁၄၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)/ ၂၁ တို့ဖြင့် အမှုဖွင့် စစ်ဆေးလျက် ရှိကြောင်း သင်္ဃန်းကျွန်းမြို့နယ် ရဲစခန်းထံမှ သိရှိရသည်။

The Voice Weekly