နိုင်ငံခြားဖြစ် အရက်၊ ဘီယာနှင့် ၀ိုင်တွေကို တရားဝင် တင်သွင်းခွင့်ပြုမည်

ပို့စ်တင်ချိန် - 1/07/2014 06:30:00 AM


၁၉၉၆ ခုနှစ်ကတည်းက ပိတ်ပင်ထားခဲ့တဲ့ နိုင်ငံခြားဖြစ် အရက်၊ ဘီယာနဲ့ ၀ိုင်တွေကို တရားဝင် တင်သွင်းခွင့်ပြုဖို့ ဆောင်ရွက်နေတယ်လို့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်က ပြောပါတယ်။

Alcoholဇန်န၀ါရီ ၅ ရက်နေ့က အင်းစိန်မြို့နယ်မှာ ကျင်းပတဲ့ ပရိုဝမ်း ဆောက်လုပ်ရေး လုပ်ငန်းသုံး ကုန်ပစ္စည်းအရောင်းဆိုင်ဖွင့်ပွဲမှာ တက်ရောက်လာတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေကို သူက ခုလို ပြောလိုက်တာ ဖြစ်ပါတယ်။

လတ်တလော စီးပွားရေးလောကရဲ့ ဝေဖန်မှု ခံနေရတဲ့ နိုင်ငံခြားဖြစ် အရက်၊ ဘီယာနဲ့ ၀ိုင် ဖမ်းဆီးမှု ပြဿနာတွေ ဖြစ်ပွားပြီးနောက်မှ ပြည်ထောင်စုဝန်ကြီးဌာနက ခုလို စီစဉ်နေတာ ဖြစ်ပါတယ်။

၁၉၉၆ ခုနှစ်မှာ အရင် စစ်အစိုးရဟာ နိုင်ငံခြားဖြစ် အရက်၊ ဘီယာနဲ့ ၀ိုင်တွေကို တင်သွင်း ခွင့် လုံးဝ ပိတ်ပင်ထားခဲ့ပြီး လေဆိပ် အကောက်ခွန်မဲ့ဆိုင်တွေမှာ ရောင်းချဖို့နဲ့ ဟော်တယ်တွေ လိုအပ်ချက်အရ အကန့်အသတ်နဲ့ပဲ တင်သွင်း ခွင့်ပြုခဲ့ပါတယ်။

ဒီ တင်သွင်းမှုအားလုံးဟာလည်း ကန့်သတ်ဧရိယာတွေမှာ အသုံးပြုဖို့နဲ့ ရောင်းချဖို့ပဲ ဖြစ်ပြီး ကျန် နိုင်ငံအနှံ့ စတိုးဆိုင်နဲ့ ကုန်တိုက်တွေမှာ ရောင်းချနေတာတွေကတော့ တရားမ၀င် မှောင်ခို ရောင်းချမှုတွေချည်းပဲ ဖြစ်တဲ့အကြောင်း မိုဘိုင်းတင်းမ်အဖွဲ့ရဲ့ ရန်ကုန်တိုင်း တာဝန်ရှိသူတယောက်က ဒီဗွီဘီကို ပြောပါတယ်။

DVB Burmese