အမ်းမြို့နယ်တွင် တရုတ်လုပ်သားများ ခိုက်ရန် ဖြစ်ပွားခဲ့သော မြန်မာ အလုပ်သမား ၂၃ ဦးဖမ်းဆီးခံရ

ပို့စ်တင်ချိန် - 2/02/2014 02:09:00 PM


ရခိုင်ပြည်နယ် အမ်းမြို့နယ် အမ်းတောင်အုပ်စု တောင်စောက် ရေနံနှင့် သဘာဝဓါတ်ငွေ့ ပိုက်လိုင်းနယ်မြေတွင် ဇန်န၀ါရီလ ၂၆ ရက်နေ့က တရုတ်အလုပ်သမားများနှင့် ခိုက်ရန် ဖြစ်ပွားခဲ့သော မြန်မာ အလုပ်သမား ၂၃ ဦးကို ရဲက ဖမ်းဆီး ထိန်းသိမ်းထားသည်ဟု သိရသည်။

ဖမ်းဆီးခံရသူများကို ယခုအခါ အမ်းမြို့ရဲစခန်းတွင် ဖမ်းဆီး ထိန်းသိမ်းထားပြီး ပုဒ်မ (၃) ခုဖြင့် တရားစွဲဆိုထားကြောင်း သူတို့အမူကို လိုက်ပါ ကူညီ ဆောင်ရွက်ပေးနေသူ အမ်းဒေသခံ ဒေါ်သွယ်သွယ်စိုးက ပြောကြားသည်။

“ အခုအဖမ်းခံထားရတဲ့သူက စုစုပေါင်း ၂၃ ဦးပါ။ သူတို့ကို စွဲဆိုထားတဲ့ ပုဒ်မက ၄၂၇၊ ၄၃၆၊ ၄၂၅ တို့ဖြစ်ကြပါတယ်။ ပုဒ်မ ၄၂၇ က အကျိုးဖျက်ဆီးမူ၊ ၄၃၆ မီးရှို့မူနဲ့ ၄၂၅ ကကြိုတင် ကြံစည်မူလို့ ပြောပါတယ်” ဟု သူမက ဆိုသည်။

သူတို့အား တရုတ် CNPC ကုမ္ပဏီ အထူး အရာရှိ ဦးသန်းထွဋ်ဝင်းက တရားလိုလုပ်ကာ တရားစွဲဆိုခဲ့ပြီး လွန်ခဲ့သော ဇန်န၀ါရီလ ၂၈ ရက်နေ့က တစ်ကြိမ်၊ ၂၉ ရက်နေ့က တစ်ကြိမ် အမ်းမြို့နယ် တရားရုံးတွင် ရုံးထုတ်ခဲ့သည်ဟု သိရသည်။

“ ဒီလ ၁၀ ရက်နေ့မှာတော့ ထပ်မံရုံးချိန်း ရှိပါတယ်။ ယခင်ရုံးထုတ်တုန်းက တရားလိုတွေ မရောက်တဲ့ အတွက် ဘယ်သူက တရားလို လုပ်ပြီး ဆက်တရားစွဲမယ်ဆိုတာကို အဲဒီနေ့မှဘဲ သိရမှာ ဖြစ်ပါတယ်” ဟု ၄င်းကဆိုသည်။

ယခုအခါ ဖမ်းဆီးခံရသူများမှာ ရခိုင်တိုင်းရင်းသားများ မဟုတ်ကြသလို အမ်းဒေသခံများလည်း မဟုတ်ကြဘဲ မကွေးတိုင်း ငဖဲမြို့နယ်မှ ချင်းတိုင်းရင်းသားများ ဖြစ်ကြသည်ဟု သိရသည်။ ပထမပိုင်းတွင် လူပေါင်း ၃၄ ဦး ဖမ်းဆီး ထိန်းသိမ်းခဲ့ပြီး ၁၁ ဦးကို ခံဝန်ချက်ဖြင့်ပြန်လည် လွှတ်ပေးခဲ့သည်ဟု ဆိုသည်။

ယခု ဖမ်းဆီးခံထားရသူများမှာ အလွန်ဆင်းရဲကြပြီး သူတို့ အမူအတွက် ရှေ့နေများကို ဌားရမ်းနိုင်ခြင်းမရှိကြောင်း ဒေါ်သွယ်သွယ်စို့း ပြောဆိုသည်။

ဇန်န၀ါရီလ ၂၆ ရက်နေ့ ညနေပိုင်းက တောင်စောက် ရေနံနှင့် ဂတ်စ် ပိုက်လိုင်း နယ်မြေရှိ နှစ်ထပ် အဆောင် တစ်ခု၏ အောက်ထပ်တွင် နေထိုင်နေသော မြန်မာ လုပ်သားများ အပေါ်သို့ အပေါ်ထပ်တွင် နေထိုင်သူ တရုတ်လုပ်သားအချို့မှ အပေါ့ရည် စွန့်ပစ်ရာမှ ခိုက်ရန် ဖြစ်ပွားပြီး (၂) ထပ် အဆောင် တစ်ခုနှင့် ရေနံကန် တစ်ခုတို့ မီးရှို့ ခံခဲ့ရသည်။

ယင်းနောက်ပိုင်းတွင် အာဏာပိုင်များက မြန်မာ လုပ်သားများကို ဖမ်းဆီးထိန်းသိမ်းခဲ့သည်။

တောင်စောက် ရေနံနှင့် ဂတ်စ် ပိုက်လိုင်းနယ်မြေတွင် တရုတ် အလုပ်သမား ၇၉ ဦးရှိပြီး မြန်မာ အလုပ်သမား ၁၅၀ ခန့်ရှိကြောင်း သိရှိရသည်။

တရုတ်လုပ်သားများသည် မြန်မာ အလုပ်သမားများ အပေါ် ခွဲခြားနှိမ့်ချ ဆက်ဆံခြင်း၊ အနိုင်ကျင့်ခြင်းများလည်း ရှိသည်သာမက မြန်မာ အလုပ်သမားများ အပေါ် လစာအပြည့် မပေးခြင်း၊ အချိန်မှန် လစာ ထုတ်မပေးခြင်းများလည်း ရှိကြောင်း သတင်းများ ရရှိသည်။

ယခု ဖမ်းဆီးမူနှင့် ပတ်သက်ပြီး အမ်းမြို့နယ် ရဲစခန်းသို့ အကြိမ်ကြိမ် ဖုံးဆက်ခဲ့သော်လည်း ဖုံးပိတ်ထားသဖြင့် အဆက်အသွယ် မရရှိခဲ့ပါ။

Narinjara နိရဉ္စရာ