ပျက်စီးယိုယွင်းမှု ပိုမိုများပြားလာသည့် ဦးပိန်တံတားအား ကျွန်းသစ်များဖြင့် အစားထိုး ပြုပြင်လျက်ရှိ

ပို့စ်တင်ချိန် - 4/03/2014 04:53:00 PM

ပျက်စီးယိုယွင်းမှု ပိုမိုများပြားလာနေသည့် ဦးပိန်တံတား ပြုပြင်နေမှုအား ဧပြီ ၁ ရက်က တွေ့ရစဉ်

ပျက်စီးယိုယွင်းမှု ပိုမိုများပြားလာသည့် ဦးပိန်တံတားအား တိုင်းဒေသကြီးအစိုးရ အစီအစဉ်ဖြင့် ပြုပြင်ထိန်းသိမ်းလျက်ရှိပြီး ဆွေးမြည့်နေသည့် တံတားတိုင်နေရာများတွင် ကျွန်းသစ်များဖြင့် အစားထိုး ပြုပြင်ထိန်းသိမ်းသွားမည်ဖြစ်ကြောင်း ရှေးဟောင်းသုတေသန၊ အမျိုးသားပြတိုက်နှင့် စာကြည့်တိုက်ဦးစီးဌာန (မန္တလေးဌာနခွဲ)မှ စုံစမ်းသိရသည်။

မန္တလေး ရှေးဟောင်းယဉ်ကျေးမှုဇုန် အတွင်း၌ တည်ရှိပြီး နှစ်သက်တမ်းအားဖြင့် ၁၆၀ ကျော် ရှိနေပြီဖြစ်သည့် ဦးပိန်တံတားမှာ နှစ်သက်တမ်း ကြာမြင့်လာနေပြီဖြစ်ပြီး ပျက်စီးယိုယွင်းမှုများမှာလည်း ပိုမိုဆိုးရွားလာခြင်းကြောင့် ပြုပြင်ထိန်းသိမ်းပေးရန်အတွက် ဝေဖန်ပြောဆို ထားသည်များလည်း ကြာမြင့်နေပြီဖြစ်သည်။

“ဦးပိန်တံတာကို ပြုပြင်ထိန်းသိမ်းမှုတွေ လုပ်နေပါတယ်။ မတ် ၁၈ ရက်ကနေ စပြီးတော့ ဆွေးမြည့်ပျက်စီးနေတဲ့ တံတားကြမ်းခင်းတွေ၊ ယက်မတွေနဲ့ အောက်ခြေတိုင်လုံးတွေကို သစ်နဲ့အစားထိုး ပြုပြင်နေပါတယ်။ ပြုပြင်ထိန်းသိမ်းတဲ့ နေရာမှာ အုတ်ကွန်ကရစ် လုံးဝအသုံးပြုမှာ မဟုတ်ပါဘူး။ အသစ်လဲသင့်တဲ့ တံတားတိုင်လုံးတွေကိုတော့ ကျွန်းသစ်ကိုပဲ အသုံးပြုသွားမှာပါ” ဟု ရှေးဟောင်းသုတေသန၊ အမျိုးသားပြတိုက်နှင့် စာကြည့်တိုက်ဦးစီးဌာန (မန္တလေးဌာနခွဲ)မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

လက်ရှိအချိန်တွင် ဦးပိန်တံတား ပြု ပြင်ထိန်းသိမ်းနေမှုမှာ တံတားအခန်းပေါင်း ၂၀ ကျော်ခန့် ပြုပြင်ပြီးဖြစ်ပြီး အခန်းပေါင်း ၃၀ ခန့်ကို ပြုပြင်ထိန်းသိမ်းသွားမည်ဖြစ်ကြောင်း၊ တံတားပြုပြင် ထိန်းသိမ်းနိုင်ရန်အတွက် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ငွေကျပ်သိန်း ၁၃၀ ကျော်ကို ချထားပေးထားကြောင်း သိရသည်။ တံတားပြုပြင် ထိန်းသိမ်းနေမှုအား သင်္ကြန်ကာလမတိုင်မီ ပြီးစီးနိုင်ရန် ဆောင်ရွက်နေကြောင်းကို အဆိုပါတာဝန်ရှိသူက ပြောဆိုသည်။

တောင်သမန်အင်းအတွင်း၌ ဖြတ်သန်းဆောက်လုပ်ထားသည့် ဦးပိန်တံတားမှာ ရာသီဥတုဒဏ်များကြောင့် ယိုယွင်းပျက်စီးမှု ပိုမိုများပြားလာနေပြီး ယခင်က တံတားပြုပြင် ထိန်းသိမ်းခဲ့ရာတွင် သစ်အစား ကွန်ကရစ်တိုင်များဖြင့် အစားထိုး ပြင်ဆင်ခဲ့ခြင်းတို့ကြောင့် ဝေဖန်ပြောဆိုမှုများလည်း ယခုအချိန်အထိ ရှိနေဆဲဖြစ်သည်။ ထို့အပြင် တံတားအသုံးပြုသူ အချို့ကြောင့် တံတားခိုင်ခန့်နိုင်မှုမှာလည်း အားနည်းလာကြောင်း သိရသည်။

ထို့အပြင် တောင်သမန်အင်းရေပြင် ညစ်ညမ်းလာနေမှုများကို မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီမှ ကုမ္ပဏီတစ်ခုဖြင့် ရေသန့်စင်မှုများ ပြုလုပ်သွားမည်ဟု ပြောကြားထားသော်လည်း လက်ရှိအချိန်တွင် အင်းရေပြင်နှင့် တောင်သမန် ပတ်ဝန်းကျင်မှာ ညစ်ညမ်းမှု ဖြစ်ပေါ်နေဆဲဖြစ်သည်။

အမရပူရမြို့နယ် တောင်သမန်အင်းပေါ်၌ ဖြတ်သန်းဆောက်လုပ်ထားသည့် ဦးပိန်တံတားကို မြန်မာသက္ကရာဇ် ၁၂၁၁ ခုနှစ် ပုဂံမင်းလက်ထက်တွင် အမရပူရမြို့ ၀န်ဘိုင်ဆပ်၏ တပည့်ဖြစ်သူ မြို့စာရေးဦးပိန်မှ အင်းဝနန်းတော်ဟောင်းမှ ကျွန်းတိုင်လုံးများဖြင့် တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ တံတားကို လှိုင်းဒဏ်၊ လေဒဏ် ခံနိုင်ရန်အတွက် ဖြောင့်တန်းစွာ မတည်ဆောက်ဘဲ တောင်ဘက်သို့ ဦးမော့ကွေ့ဝိုက်ကာ တည်ဆောက်ထားပြီး တိုင်ပေါင်း ၁၀၈၆ တိုင်၊ အခန်းပေါင်း ၄၈၂ ခန်း၊ တံတားအရှည် ၃၉၆၇ ပေ ရှည်လျားကာ နှစ်သက်တမ်းအားဖြင့် ၁၆၅ နှစ်ရှိပြီဖြစ်ကြောင်း သိရသည်။ လက်ရှိအချိန်တွင် ဦးပိန်တံတားမှာ သဘာဝ ဘေးဒဏ်များကြောင့် တံတားအခန်းပေါင်း ၄၈၀ ကျော်ရှိခဲ့ရာမှ ၄၄၇ ခန်းသာ ကျန်ရှိတော့ကြောင်း သိရသည်။

Eleven Media Group