ဦးပိန်တံတားတိုင်ခေါင်းအတွင်း ဆေးလိပ်တိုများပစ်ယုံမက ကွန်ဒုံးများပါပစ်ထည့်သည့်အပြင် တိုင်ခြေတွင် မစင်စွန့်သည့် မိုက်ရိုင်းသူများရှိနေ

ပို့စ်တင်ချိန် - 7/01/2014 04:45:00 PM



တောင်သမန်အင်းရှိ ဦးပိန်တံတားကြီးတွင် တိုင်ခေါင်းများ အတွင်း ဆေးလိပ်မီး ပစ်ထည့်မှု များကြောင့် ယခုဇွန်လ အတွင်း ရှေးဟောင်းကျွန်းတိုင် သုံးလုံး မီးသင့်လောင်ကျွမ်းမှု ဖြစ်ပွား ခဲ့ကြောင်း မန္တလေးမြို့ ရှေးဟောင်း သုသေသနနှင့် အမျိုးသား စာကြည့်တိုက်များ ဦးစီးဌာနမှ သိရသည်။

ဦးပိန် တံတားကြီး၏ တိုင်အမှတ် (၄၈) သည် ဇွန်လ (၄) ရက်နေ့ ညနေ အချိန်တွင် မီးလောင်ကျွမ်း ခဲ့သဖြင့် ၀ိုင်းဝန်း ငြိမ်းသတ် ခဲ့ရပြီး ၊ ဇွန်လ (၂၄) ရက်နေ့တွင် တိုင်အမှတ် (၂၇) နှင့် ဇွန်လ (၂၅) ရက်နေ့တွင် တိုင်အမှတ် (၂၅) တို့တွင် ဆေးလိပ်မီး ကြောင့်ပင် မီးသင့်လောင်ကျွမ်းမှုများ ဖြစ်ခဲ့သည်။

ရှေးဟောင်း ကျွန်းသစ်တိုင် များသည် နှစ်ကာလ ရှည်ကြာမှုကြောင့် တိုင်ထိပ်ပိုင်း များတွင် အခေါင်းပေါက် များဖြစ်နေရာ အဆိုပါ တိုင်အခေါင်းပေါက် အတွင်း ဆေးလိပ် မီးပစ်ချမှုမှ တစ်ဆင့် အတွင်းလှိုက်ကာ မီးသင့်မှု ဖြစ်စဉ် ဖြစ်ပွားခြင်း ဖြစ်သည်။

““ထိန်းသိမ်းသင့်မှန်း သိရက်နဲ့ ဒီလို လုပ်တယ်ဆိုတာ မသမာတဲ့ လုပ်ရပ်ပါ။ အဖျက် လုပ်ရပ်ပါ။ မသမာမှု ဆိုတာက အချိန်မရွေး နေရာမရွေးမှာ ရှိနေနိုင် ပါတယ်။ တံတားကြီးက သက်တမ်း အားဖြင့်ရော၊ သဘာဝတရား အားဖြင့်ရော လက်ရှိ အခြေအနေမှာ တိုင်အားလုံးကို ဆေးလိပ်တို ထည့်လို့ရတဲ့ အနေအထားပါ။ တာဝန်ရှိသူတွေ၊ ထိန်းသိမ်းနေသူ တွေကလည်း အချိန်တိုင်း သတိရှိဖို့ဆိုတာ မဖြစ်နိုင် ပါဘူး။ လူတိုင်းလူတိုင်း ရှေးဟောင်း မြန်မာ့ ယဉ်ကျေးမှုကို ချစ်မြတ်နိုးသူတိုင်း ထိန်းသိမ်း စောင့်ရှောက်ကြဖို့၊ သတိရှိကြဖို့ လိုပါတယ်”” ဟု မန္တလေးမြို့ ရှေးဟောင်း သုသေသနနှင့် အမျိုးသား စာကြည့်တိုက်များ ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက The Messenger Media သို့ ပြောသည်။

ဦးပိန်တံတားကြီးသည် မြန်မာ သက္ကရာဇ် ၁၂၁၁ ခုနှစ်၊ ခရစ်သက္ကရာဇ် ၁၈၄၉ ခုနှစ် ပုဂံမင်း လက်ထက်တွင် အင်းဝနန်းတော်ရှိ အဆောက်အအုံ များကို ဖြိုဖျက်ရာမှ ရရှိ လာသော ကျွန်းတိုင် များဖြင့် မြို့စာရေးဦးပိန် ဦးစီးကာ တည်ဆောက် ခဲ့ခြင်းဖြစ်ပြီး၊ ယခု အခါ နှစ်ပေါင်း (၁၆၆) နှစ်ရှိပြီ ဖြစ်သည်။

““ညအချိန်ဆိုရင် ဦးပိန်တံတား တိုင်ခြေ မှာ လူငယ်တွေ အရက် လာသောက်ကြတယ်။ အပျော် မိန်းကလေးတွေ ခေါ်လာကြ တာတွေတောင် ရှိပါတယ်။ မူးနေတဲ့သူဟာ ဘယ်လောက် တန်ဖိုးကြီးတဲ့ ရှေးဟောင်း ပစ္စည်းဖြစ်ဖြစ် တန်ဖိုးထားမှု လျော့နိုင်ပါတယ်။ ရှေးဟောင်းဆိုပြီး ချစ်ရမှန်းလည်း မသိတော့ဘူး။ တချို့တွေ တိုင်ခြေကို ခြေနဲ့ ကန်တယ်။ မစင် စွန့်တယ်၊ အဲဒီလိုတွေ အထိ ရှိပါ တယ်။ သူတို့က ဒေသခံတွေ မဟုတ်ဘူး။ တခြားက လူတွေပါ။ အုပ်စုလိုက် လှုပ်ရှား ကြတာတွေ ရှိတယ်။ ဒါတွေကို ကြပ်ကြပ်မတ်မတ် စောင့်ကြည့်ပြီး ဖြေရှင်းသင့်တယ်””ဟု အမရပူရမြို့နယ် တောင်သမန်ဒေသခံ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့် ရှောက်သူ မန္တလေး စိမ်းရောင်စို အဖွဲ့မှ ကိုမောင်မောင်ဦးက ပြောသည်။

တောင်သမန်အင်းနှင့် ဦးပိန်တံတား အနီးတစ်ဝိုက်တွင် ဆေးလိပ်သောက်ခြင်း၊ အရက်သေစာ သောက်သုံးခြင်း များကို အမိန့် ကြော်ညာစာ သဘောမျိုး မဟုတ်သည့် ကြော်ငြာများဖြင့် လည်းကောင်း၊ ကမ်ပိန်းများဖြင့် လည်းကောင်း အသိပညာပေး ပြုလုပ် ဆောင်ရွက်ခြင်းအပြင် ဥပဒေကြောင်း အရပါ ကြပ်မတ် ထိန်းသိမ်း ဆောင်ရွက်သင့်ကြောင်း ၄င်း က အကြံပြု ပြောသည်။

““အရင်နှစ်တွေကဆို တိုင်ခေါင်း တွေထဲ ကွန်ဒုံးတွေ စွန့်ပစ်ကြတဲ့အထိ မိုက်ရိုင်းကြတာ။ ပြောလွန်းလို့။ အာပေါက်အောင် အော်လွန်း ပြောလွန်းလို့ ဒါမျိုးတွေ မရှိတော့ဘဲ နည်းသွားတာပါ”” ဟု ကိုမောင်မောင်ဦးက ဆက်ပြောသည်။

တောင်သမန်အင်း အတွင်းရှိ ကမ္ဘာကျော် ဦးပိန်တံတားကြီးသည် ဇရပ်အခန်း တိုင်များ အပါအ၀င် ကျွန်းတိုင်ပေါင်း (၁၀၈၆) တိုင်ရှိပြီး အရှည် (၃၉၆၇) ပေ၊ အခန်းပေါင်း (၄၄၇) ခန်းရှိကာ ကမ္ဘာ့အရှည်လျားဆုံး ရှေးဟောင်း အမွေအနှစ် ကျွန်းသစ်တံတား အဖြစ် မှတ်တမ်းဝင်သည်။

The Messenger