မစားသင့်တဲ့ CP အမှတ်တံဆိပ် ကြက်သည်း ကြက်မြစ်တွေ ဖမ်းမိ

ပို့စ်တင်ချိန် - 7/01/2014 04:37:00 PM



မြဝတီ နယ်စပ်ကနေ ရန်ကုန်မြို့တော်သို့ တင်သွားလာတဲ့ မစားသင့်တဲ့ CP အမှတ်တံဆိပ် ကြက်သည်း၊ ကြက်မြစ်တွေကို ဖမ်းဆီး လိုက်ပါတယ်။

ထိုင်းနိုင်ငံ ကနေ မြဝတီ၊ မော်လမြိုင်၊ ရန်ကုန်မြို့တော် သို့ အဆင့်ဆင့် သယ်ယူလာတဲ့ အဲဒီ ကြက်သည်း၊ ကြက်မြစ်တွေကို ညောင်ခါးရှည် မိုဘိုင်းတင်းမ် အဖွဲ့က ဖမ်းဆီး ရမိခဲ့တယ်လို့ အဖွဲ့ခေါင်းဆောင် ညွှန်ကြားရေးမှူး ဦးမြင့်ကျော်က ပြောပါတယ်။

ကြက်သည်း၊ ကြက်မြစ် အလေးချိန် ၂ ဒသမ ၅ တန်ကျော် ရှိပါတယ်။ ခန့်မှန်းတန်ဖိုး ၆၃ သိန်းကျော် တန်ဖိုး ရှိတယ်လို့ သူက ဆိုပါတယ်။ ဖမ်းဆီးရာမှာ ပါဝင်ခဲ့တဲ့ ညောင်ခါးရှည် မိုဘိုင်းတင်းမ်မှ လက်ထောက် ညွှန်ကြားရေးမှူး ဦးနေထက်မင်းက “မော်လမြိုင် ငါးဦးစီးဆီက ယူလာတဲ့ မျှောစာကို ပြတယ်။ ငါးဦးစီးရဲ့ မျှောစာက ကကတစ်ငါးကို ဖော်ပြထားတာ။ သယ်လာတာက စီပီတံဆိပ် ကြက်မြစ်ကြက်သည်းတွေ” လို့ ရှင်းပြပါတယ်။

ကျန်းမာရေး ဝန်ကြီးဌာန၊ ဗဟို အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေးဌာန (FDA) က တင်သွင်းရန် ခွင့်ပြုမထားသော စားသုံးရန် မသင့်သည့် အဆိုပါ ကြက်မြစ်ကြက်သည်း များကို မီးရှို့ဖျက်ဆီး၍ မြေမြှုပ်ခဲ့တယ် လို့ မိုဘိုင်းတင်းမ် အဖွဲ့က သိရပါတယ်။

မှောင်ခိုပစ္စည်း တင်လာတဲ့ ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်ကို ပဲခူး တိုင်းဒေသကြီး၊ ဝေါမြို့နယ် ရဲစခန်းမှာ ပို့ကုန်သွင်းကုန် ဥပဒေနဲ့ အမှုဖွင့် အရေးယူ ထားပါတယ်။ မှောင်ခိုဝင်လာတဲ့ ကြက်သည်း၊ ကြက်မြစ်တွေကို ပြည်တွင်းမှာ တစ်ကီလိုဂရမ် တစ်ထုတ်ကို ကျပ် ၂၇ဝဝ ဈေးပေါက်ပါတယ်။

ပဲနို့နဲ့ အသားတုတွေလည်း မှောင်ခို လမ်းကြောင်းကနေ ဝင်ရောက်လေ့ ရှိပါတယ်။

Credit : The Voice